Match Report Premier League

ပထမအကျော့က ရှုံးကြွေးပြန်ဆပ်ပြီး မန်ယူကို အစိတ်စိတ်အမြွှာမြွှာ ရိုက်ခွဲခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကိုပဲ ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဝန်ဘစ်ဆာကာ၊ ဗာရွန်း၊ မာတီနက်ဇ်နဲ့ လုခ်ရှောတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဗက်ဂ်ဟော့စ်တို့ကို နေရာချထားခဲ့တာပါ။

ပွဲစတာနဲ့ အာဆင်နယ်တို့ ဘောလုံးကိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မန်ယူတို့ရဲ့ ပိုမိုသာလွန်တဲ့ Pressing ဗျူဟာက သူတို့ကို ခံစစ်မှာ ပုံဖော်ခွင့်နည်းအောင် ဖိအားပေးသွားနိုင်ခဲ့ပြီး ထင်သလောက် အလုပ်မဖြစ်နိုင်ခဲ့သလို ကွင်းလယ်မှာလည်း လေးလံတဲ့ ချာကာနဲ့ ပါတေးတို့ကို သူတို့ထက် ပေါ့ပါးတဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ အဲရစ်ဆန်တို့က ယှဉ်ကစားသွားခဲ့လို့ အိမ်ရှင်ပရိသတ်တွေ အားမရစရာဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်တို့ရဲ့ ခံစစ်ကစားပုံတွေက စိတ်လှုပ်ရှားမှုများနေခဲ့သလို ဘောလုံးအထိန်းအသိမ်းတွေကလည်း ကိုယ့်အတွက် ထိန်းသိမ်းတာလား၊ သူများအတွက် ထိန်းပေးတာလားဆိုတာ မကွဲဘဲဖြစ်နေခဲ့ပြီး တစ်ပွဲလုံးမှာ Second Ball တိုင်းကို မန်ယူဘက်ကချည်း ကောက်စားသွားခဲ့တာကတော့ သူတို့အတွက် ထိုးနှက်စရာအကွက်ကြီး ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၇ မိနစ်မှာတော့ ဧည့်သည် ယူနိုက်တက်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ အမြန်ကစားဖို့ လုပ်တဲ့ ပါတေးက ဆာကာရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးဖို့ ကြိုးစားရာမှာ မလွတ်ဘဲ ပြန်ကျလာတဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်က ပြန်ရပြီး ရက်ရှ်ဖို့ဒ်ကို ပေးခဲ့ရာမှာ ပဲလေ့စ်တစ်ပွဲတည်း ဂိုးပေါက်ပျောက်ထားတဲ့ အင်္ဂလန်သားက ဧရိယာထိပ်ကနေ အနိမ့်ဘော အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို အတိုပေးပြီး စိတ်ကြိုက် ပုံဖော်နေခဲ့ရာကနေ ချာကာ ပြန်ရသွားပြီး ဘယ်ခြမ်းကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို ဝန်ဘစ်ဆာကာနောက်မှာ နေရာယူထားတဲ့ နကီးတီးယားက ရှေ့ကို ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ဒဟေးယား ဘာမှ မတတ်နိုင်ဘဲ တစ်ဂိုးစီဖြစ်နေခဲ့တာပါ။

သရေကျအပြီးမှာ အာဆင်နယ်တို့ ဖိကစားဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်တို့ရဲ့ Pressing အားကို မလွန်ဆန်နိုင်ခဲ့သလို မာတီနယ်လီကလည်း တောင်ပံထွက်မလား အတွင်းဝင်မလား ဝေခွဲမရခဲ့တဲ့ ဘယ်ခြမ်းကလည်း အလုပ်မဖြစ်နိုင်ခဲ့ဘဲ ဆာကာနဲ့ နကီးတီးယားတို့ရဲ့ ညာခြမ်းကပဲ ဖောက်ခဲ့ရသလို တိုက်စစ်ကို ပေးတဲ့ ဘောလုံးတွေ ပြန်ကျလာတိုင်း Second Ball တွေ ကောက်စားဖို့ လူမရှိခဲ့တာကလည်း စိတ်ပျက်စရာပဲဖြစ်နေခဲ့ရပါတယ်။

ပထမပိုင်းမှာ ဆာကာဘက်ခြမ်းက တော်တော်လေးခြိမ်းခြောက်နိုင်ခဲ့ပေမယ့် မာတီနယ်လီဘက်က ညံ့နေခဲ့ပြီး အိမ်ရှင်တွေ ကန်ခွင့် ၁၁ ကြိမ်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့လို့ တစ်ဂိုးစီသရေပဲ ဖြစ်နေခဲ့ကြသလို ဒုတိယပိုင်းပြန်လည်စတင်ရာမှာတော့ စောစောပိုင်းက အဝါထိထားပြီး ပျာယာခတ်နေတဲ့ ဘန်ဝှိုက်အစား တိုမီယာစုကို အာဆင်နယ်ဘက်က ပြောင်းလဲထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာ အာဆင်နယ်တို့ ဒုတိယဂိုးသွင်းပြီး ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောက အတိုပေးပြီး မန်ယူတို့ကို စားနေတာ ခွင်ဖြစ်နေတာကနေ ညာခြမ်းကနေ ဘောလုံးရသွားတဲ့ တိုမီယာစုက အတွင်းကို ပြန်ချိုးပေးတာကို ဆာကာက တစ်ဖက်နောက်ခံလူနှစ်ယောက် ကြားကနေ အတွင်းကို ပြန်ဝင်ပြီး အဝေးတိုင်ဘက်ကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ မန်ယူတို့က အတိုနဲ့ထိုးပြီး ချေပဂိုး ပြန်သွင်းသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ အဲရစ်ဆန်ရဲ့ ထောင့်ကန်ဘောကနေ ဂိုးသမား ရမ်းစ်ဒေးလ် ထွက်ပုတ်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို နောက်ခံလူ မာတီနက်ဇ်က ခေါင်းတိုက်သွင်းသွားခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာလည်း Second Ball ဆို အရူးသာသာဖြစ်နေတဲ့ အာဆင်နယ်တို့ ထပ်ပြီးခံလိုက်ရတာပါ။

မန်ယူတို့ဘက်က အန်တိုနီအစား ဖရက်ဒ်ကို ထည့်ပြီး ခံစစ်ပိတ်ကစားလာခဲ့သလို အာဆင်နယ်တို့ကတော့ ဖိကစားနေမှုကနေ Opening ရှာတွေ့မှု နည်းနေချိန်မှာ မာတီနယ်လီအစား ကစားသမားသစ် ထရော့ဆတ်ကို လူစားသွင်းလာခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာ နကီးတီးယားရဲ့ ဧရိယာထဲက အနီးကပ်ကန်ချက်ကို ဒဟေးယား ကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရပါတယ်။

ဒါပေမယ့် မိနစ် ၉၀ ပြည့်ချိန်မှာတော့ အာဆင်နယ်တို့ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ထရော့ဆတ် ချပေးတာကို ဇင်ချန်ကိုက ဧရိယာထဲ ဖြတ်ပို့ပေးရာမှာ အော်ဒီဂွါဒ်က ပိတ်သွင်းဖို့ ကြိုးစားရာမှာ လည်ထွက်လာတဲ့ ဘောလုံးကို နကီးတီးယားကပဲ မာတီနက်ဇ်နဲ့ အပြိုင်ပိတ်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၄ မိနစ်အထိ ကစားခဲ့ရချိန်မှာ မန်ယူတို့ဘက်က ဗာရွန်းအစား ဂါနာချိုကို ထည့်ခဲ့ပြီး အာဆင်နယ်ဘက်ကတော့ အော်ဒီဂွါဒ်အစား ဟိုးလ်ဒင်းကို ထည့်သွင်းပြီး ပိတ်ဆို့သွားခဲ့လို့ ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-နှစ်ဂိုးနဲ့ အိမ်ရှင်တွေ အောင်ပွဲခံခဲ့ပြီး မန်စီးတီးကို ငါးမှတ် ပြန်ဖြတ်လိုက်သလို နိုင်သင့်နိုင်ထိုက်တဲ့ပွဲကို အနိုင်ယူပြီး ပထမအကျော့ ရှုံးကြွေးကို လက်စားချေသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.