La Liga Ligue1 Transfer News

အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ဆီလာဖို့ ဂိုးပမာဏနဲ့ စည်းရုံးလိုက်တဲ့ ဘင်ဇီးမား

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကာရင်မ် ဘင်ဇီးမားအနေနဲ့ လာမယ့်ရာသီ ဘာနေဗျူးမှာ ပီအက်စ်ဂျီတိုက်စစ်မှူး ခီလီယန် အမ်ဘာပေနဲ့ တွဲကစားဖို့ ဆန္ဒရှိနေပြီး ပြင်သစ်လက်ရွေးစင်အသင်းဖော်ကို သူတို့နှစ်ယောက် ပူးပေါင်းရင် ဖြစ်လာနိုင်တဲ့ မျှော်လင့်ချက်တွေနဲ့ စည်းရုံးလိုက်တယ်လို့ ဆိုပါတယ်။

ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ဂိုးသွင်းယူပေးထားတဲ့ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ အသက်ကြီးလာတာနဲ့အမျှ ပိုမိုကောင်းမွန်တဲ့ အဆုံးသတ်ပိုင်းကို ပြသနိုင်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒို မရှိတော့ချိန်မှာ တစ်ရာသီဂိုး ၃၀ လောက် အာမခံပေးနိုင်ခဲ့သလို တော်ဝင်ကလပ်အတွက် သွင်းဂိုး ၃၁၃ ဂိုး ရယူပြီးသူလည်းဖြစ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ကစားပုံ ပိုပါးနပ်ပြီး လူလည်ပိုကျလာတယ်လို့ စောင့်ကြည့်သူတချို့က ဆိုကြတဲ့ အယ်လ်ဂျီးရီးယားနွယ်ဖွား ပြင်သစ်သားကြီးဟာ ဗီနီးရှပ်စ် ဂျူနီယာရဲ့ အတိုးအလှုပ်တွေမှာ နေရာလွတ်တွေ ချောင်ချောင်လည်လည်နဲ့ အကျိုးရှိနေပြီး ဒါကို ပိုလိုချင်သေးလို့ အမ်ဘာပေကို ခိုင်းစားလိမ့်ဦးမယ်လို့လည်း ယူဆနေကြတာပါ။

ဒီရာသီမှာ တစ်ရှူးထိုး ဆွဲပြေးပြီး အင်အားသုံး မြန်နှုန်းမြင့်ကစားပုံကနေ လိုအပ်တဲ့ အချိန်တွေမှာ ဘောလုံးကို ခြေထဲ ကော်နဲ့ ကပ်ထားသလို ကြိုက်သလို စေစားနိုင်တဲ့ မှော်အစွမ်းမျိုးကို ပိုင်ဆိုင်ခဲ့ဖူးသူ ရော်နယ်ဒင်ညိုရဲ့ ကစားပုံမျိုး ကစားပြနိုင်ခဲ့တဲ့ အမ်ဘာပေဟာ လက်ရှိရာသီမှာ ပီအက်စ်ဂျီတို့အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၈ ဂိုးသွင်းယူထားခဲ့ပြီး ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။

“ဟုတ်တယ်… ကျွန်တော် မကြာခဏ ပြောဖူးသလိုပဲ သူနဲ့ လက်ရွေးစင်အသင်းမှာ တွဲကစားခဲ့သလိုမျိုး ကလပ်အသင်းအဆင့်မှာလည်း တွဲကစားချင်ပါတယ်။ သူနဲ့ ကျွန်တော့်ကြားက နားလည်မှုက မြင့်မားပြီး တွဲကစားရရင် သူရော ကျွန်တော်ပါ လက်ရှိရနေတဲ့ သွင်းဂိုးအရေအတွက်ရဲ့ နှစ်ဆ… မဟုတ်ဘူး… သုံးဆအထိ ရယူနိုင်မှာပါ”လို့ ဘန်ဇီးမားက ပြောလိုက်ပါတယ်။

“အမ်ဘာပေနဲ့ဆိုရင် ပြင်သစ်အသင်းမှာ ကျွန်တော့်ရဲ့ ရလဒ်တွေနဲ့ ခြေစွမ်းတွေက ပိုကောင်းလေ့ရှိတာကို သတိရနေပါတယ်။ တစ်ယောက်က ဘယ်ခြမ်းကို သွားရင် တစ်ယောက်က ညာမှာ အဆင်သင့် စောင့်နေတာကို မှတ်မိပါသေးတယ်”လို့ ဆိုသွားခဲ့ပြီး ဒီရာသီ လက်ကျန်ပွဲတွေမှာလည်း ပီအက်စ်ဂျီတိုက်စစ်မှူးတစ်ယောက် ပိုမိုခြေစွမ်းပြနိုင်ပါစေလို့ ရီးရဲလ်တိုက်စစ်မှူးက ဆုတောင်းပေးသွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ရာသီကုန်မှာ အမ်ဘာပေရဲ့ လက်မှတ်ကို ရရှိဖို့ ပြိုင်ဘက်မရှိဘဲဖြစ်နေခဲ့ပြီး ကစားသမားရဲ့ ဆန္ဒက ဘာနေဗျူးမှာ ကစားဖို့ ရှိနေတယ်လို့ သူ့ရဲ့ ဖခင်က ထုတ်ဖော်ထားခဲ့ချိန်မှာ မိခင်ဖြစ်သူ တောင်းဆိုလိုက်တဲ့ ခေါင်ခိုက်လှတဲ့ လက်မှတ်ထိုးကြေး ပေါင် ၁၂၅ သန်းကတော့ ဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ်ကို ပက်လက်လန်စေခဲ့တာပါ။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းမှာ ဆက်မကစားချင်တော့သလို ပိုမိုမြင့်မားတဲ့ လိဂ်ပြိုင်ပွဲတွေနဲ့ ဥရောပအောင်မြင်မှုတွေအတွက် ပြင်သစ်မြေက ထွက်ခွာချင်နေတဲ့ အမ်ဘာပေကို ချမ်းသာလှပါပြီဆိုတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ကလည်း တတ်နိုင်မှာ မဟုတ်တာကြောင့် နောက်ဆုံးမှာ သင့်တော်တဲ့ ပမာဏနဲ့ ရီးရဲလ်ဆီပဲ ရောက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

ပြင်သစ်အသင်းအတွက် ၉၄ ပွဲမှာ ၃၆ ဂိုး သွင်းယူပေးထားတဲ့ ဘန်ဇီးမားအနေနဲ့ လက်ရွေးစင်အဆင့်မှာ သီယာရီ အွန်နရီရဲ့ ၅၁ ဂိုးစံချိန်ကို လိုက်မီဖို့ မဖြစ်နိုင်တော့ပေမယ့် အမ်ဘာပေကတော့ ၅၄ ပွဲမှာ ၂၆ ဂိုးသွင်းယူပြီး နှစ်ပွဲတစ်ဂိုးနီးပါး ရယူထားနိုင်တာမို့ အနာဂတ်မှာ နိုင်ငံ့အသင်းရဲ့ စချိန်သစ်ကို ရေးထိုးမယ့်သူလို့ ရှုမြင်ထားကြသလို ဒီနှစ်ယောက်သာ ရီးရဲလ်မက်ဒရစ်မှာ တွဲကစားရင်ဆိုပြီး ပရိသတ်တွေလည်း ရင်ခုန်နေကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.