Premier League

ဂန်းနားတိုက်စစ်မှာ လာကာဇက်အစား ဂါဘီကို သုံးဖို့ တိုက်တွန်းလိုက်တဲ့ ပေါလ်မာဆန်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းအတွက် လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကို အခြေခံပြီး တည်ဆောက်ဖို့ အသင်းကွင်းလယ်လူဟောင်း ပေါလ် မာဆန်က တိုက်တွန်းလိုက်ပြီး ဘရာဇီးလ်သားရဲ့ ရုန်းအားနဲ့ ခြေစွမ်းက ပျယ်-အမ်မရိခ် အူဘာမီယန်းမရှိတော့တဲ့ ဂိုးသွင်းယူမှုပိုင်းမှာ အရေးပါလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အူဘာမီယန်းကို ဖြုတ်ချလိုက်ကတည်းက ပြင်သစ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို နံပါတ် ၉ နဲ့ နံပါတ် ၁၀ တာဝန်နှစ်ခုစလုံးကို ကစားတဲ့ ၉.၅ လို့ ခေါ်တဲ့ ပုံစံ ကစားခိုင်းနေပြီး ကွင်းလယ်ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်နဲ့ ကွင်းလယ်ကစားကွက်ကို တွဲဖက် ပုံဖော်နေခဲ့သလို ဘယ်တောင်ပံမှာတော့ အစက အီမီးလ် စမစ်ရိုးကို ထားခဲ့တာပါ။

နောက်ပိုင်းမှာတော့ စမစ်ရိုး ဒဏ်ရာကြောင့် သိပ်မကစားနိုင်ချိန်မှာ မာတီနယ်လီကို သုံးခဲ့ပြီး နှစ်ယောက်စလုံး ပြန်ကောင်းလာချိန်မှာတော့ ကစားကွက်နောက်ကို လူမလိုက်ဘဲ မပြတ်မသားနဲ့ လူနောက်ကို ကစားကွက်လိုက်နေတာကြောင့် ထိရောက်မှု အားနည်းပြီး နောက်ပိုင်းပွဲတစ်ချို့မှာ ရလဒ်တွေ ကျဆင်းလာနေတာလည်း တွေ့ရပါတယ်။

ပေါလ် မာဆန်ကတော့ အူဘာမီယန်း မရှိချိန်မှာ လာကာဇက်ကိုပါ အရန်ခုံပို့ပြီး လူငယ်တွေနဲ့ တည်ဆောက်ဖို့နဲ့ မာတီနယ်လီကို အထောင်မှာ ထားပြီး ၄-၂-၃-၁ စစ်စစ်ပုံစံမှာ နောက်ကနေ အော်ဒီဂွါဒ်၊ စမစ်ရိုးနဲ့ ဆာကာတို့ကို လိုက်ကစားခိုင်းပြီး ရိုးရိုးရှင်းရှင်း ကစားစေချင်နေသလို တိုက်စစ်မှူးသစ် ရောက်လာမယ့် နွေရာသီအထိ တောင့်ခံနိုင်မယ့် ဖြေရှင်းနည်းဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

“ဒေါမနစ် ကဲလ်ဗတ်-လူဝင်ကတော့ အာဆင်နယ်အတွက် အသင့်တော်ဆုံးပေါ့ဗျာ။ သူရောက်မလာခင်အထိတော့ တစ်နည်းနည်းနဲ့ တောင့်ခံဖို့ ပြင်ရမှာပေါ့။ အူဘာမီယန်းကို ရောင်းထုတ်လိုက်တာက အသင်းအတွက်နဲ့ လူသစ်ခေါ်ဖို့အတွက် အကျိုးရှိစေပါတယ်။ ပေါင် ၂၅ သန်းလောက် သက်သာပြီး အဲဗာတန်တိုက်စစ်မှူးကို ခေါ်နိုင်ခဲ့ရင်တော့ အင်္ဂလန်ဦးစားပေးဖြစ်ချင်နေတဲ့ သူ့အတွက်လည်း နှစ်ဦးနှစ်ဖက် အလုပ်ဖြစ်စေပါလိမ့်မယ်”

“လူသစ်မရောက်ခင်တော့ လာကာဇက်ကို သွင်းဂိုးတွေအတွက် ယုံကြည်အားကိုးလို့ မရနိုင်ချိန်မှာ မာတီနယ်လီကပဲ အထောင်တိုက်စစ်အတွက် ရွေးချယ်မှုကောင်းဖြစ်ပါလိမ့်မယ်။ သူ့ကို အခွင့်အရေးပေးလိုက်တာနဲ့ တစ်ဖက်နောက်ခံလူတွေအတွက် အိပ်မက်ဆိုးဖြစ်သွားမှာပါ။ လျင်မြန်ထက်မြက်တဲ့ သူ့အတွက် အဆုံးသတ်ကောင်းမွန်မှုနဲ့အတူ ဂိုးတွေ ရလာဖို့ ရှိနေပါတယ်”လို့ ပေါလ် မာဆန်က တိုက်တွန်းသွားပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဆောင်းရာသီမှာ ဒူရှန် ဗလာဟိုဗစ်ချ်နဲ့ ကဲလ်ဗတ်-လူဝင်တို့အတွက် ငွေသုံးဖို့ မအောင်မြင်ခဲ့တာကြောင့် အဆင့် ၄ ကို တောင်းဆိုနေတဲ့ ပရိသတ်တွေအတွက် လုပ်ပေးနိုင်ဖို့ ခေါင်းစားနေရပြီး အကြီးမားဆုံး ဖြေရှင်းရမယ့် ပြဿနာကတော့ အထောင်တိုက်စစ်ပဲဖြစ်နေလို့ အာတီတာ ဘာကို ရွေးချယ်မလဲတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.