Article Bundesliga Carabao & FA La Liga Ligue1 Other Leagues Premier League Serie A UCL&UEL

ဥရောပတစ်ခွင် အောင်မြင်မှုတွေ ရှာဖွေနိုင်ခဲ့ပြီး လက်ရှိကစားနေဆဲဖြစ်သူ ၅ ဦး

ဘောလုံးလောကမှာတော့ ပီလီလို တချို့ နာမည်ကြီး ကစားသမားတွေက ဥရောပပြိုင်ပွဲတွေမှာတောင် မှတ်ကျောက်တင်ခံနိုင်ဖို့ လာမကစားဖူးလိုက်ပါဘူး။ ဒါက သူ့ကို နာပိုလီ၊ ဘာစီလိုနာတို့နဲ့ အောင်မြင်မှုတွေ ရယူခဲ့တဲ့ ဒီယေဂို မာရာဒိုနာနဲ့ ဘရာဇီးလ်-အာဂျင်တီးနား တိုက်ပွဲဆင်ရာမှာ အနှိမ်ခံရစေပြီး လူမသိ သူမသိ ဂိုးတွေ သွင်းထားခဲ့တာကိုလည်း အခြောက်တိုက် ဂုဏ်ဆာနေတယ်လို့ အပြောခံရစေပါတယ်။

ဒီနေ့ခေတ်မှာတော့ ဘောလုံးသမားကောင်းမှန်သမျှ ဥရောပနိုင်ငံတွေမှာ တစ်ယောက်ထက်တစ်ယောက် နယ်မြေသစ်များစွာမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကြိုးစားခဲ့ကြချိန်မှာ စပိန်၊ အီတလီ၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်တို့လို အဆင့်မြင့် အင်အားကြီး ပြိုင်ပွဲတွေမှာ ထိပ်တန်းအဆင့် အသင်းကြီးတွေနဲ့ ကစားသမားဘဝကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့သူ ၅ ဦးကို ဖော်ပြလိုက်ပါတယ်။

၅။ မီဆွတ် အိုဇေးလ် (ဂျာမနီ၊ စပိန်၊ အင်္ဂလန်)
ဒီရာစုနှစ်တစ်ခုလုံးမှာ အကောင်းဆုံး ကွင်းလယ်လူတစ်ဦးဖြစ်ခဲ့တဲ့ အိုဇေးလ်ဟာ သူ့ရဲ့ ဘောလုံးပေးပို့မှုတွေနဲ့ တိုက်စစ်မှာ ယက်ကန်းယက်သလို လွန်းထိုးပြီး အလှအပ အနုပညာနဲ့ ကစားသမားဘဝ အစောပိုင်းတွေမှာ သူကစားခဲ့တဲ့ အသင်းတိုင်းရဲ့ တိုက်စစ်ကို အလှဆင်ပေးနိုင်ခဲ့တာပါ။ ရှော်လ်ကာအသင်းကနေ ဝါဒါဘရီမင်ကို အရောက်မှာ သူ့ရှေ့က ရှိနေတဲ့ ဘရာဇီးလ်သား ဒီယေဂို ရီဘက်စ် ဒါကွန်ညာရဲ့ အရိပ်ကို ပြောင်းပြန်လှန်ပြနိုင်ခဲ့အပြီးမှာ ၂၀၁၀ ကမ္ဘာ့ဖလားအပြီးမှာတော့ မော်ရင်ညိုက သူ့ကို စင်တော်ကောက်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီသား ဦးဂျိုဆေးနဲ့ သူတို့နှစ်ဦးရဲ့ ရီးရဲလ်မက်ဒရစ်မှာ ပူးပေါင်းမှုက လာလီဂါဖလား၊ ကိုပါဒဲလ်ရေး၊ ဆူပါဖလားတွေကို သီးပွင့်စေခဲ့ပြီး အာဆင်နယ်ကို အရောက်မှာတော့ အာဆင်ဝင်းဂါးသာ မယားခဲ့ရင် ပရီးမီးယားလိဂ်ကို ရယူနိုင်သင့်ခဲ့ချိန်မှာ FA ဖလားလောက်နဲ့ ကျေနပ်ခဲ့ရတာပါ။ လက်ရှိမှာတော့ ဖီနာဘာချီမှာ ကစားနေတဲ့ အိုဇေးလ်အနေနဲ့ အောင်မြင်မှုတွေ ရဖို့ ရုန်းကန်နေခဲ့ရပြီး ဝါဒါဘရီမင်နဲ့ DFB ပိုကယ်လ် ရခဲ့သလိုမျိုးတော့ တူရကီမှာ ပြည်တွင်း ရှုံးထွက်ဖလားတစ်လုံးလောက် ရယူနိုင်ဖို့တော့ ကြိုးစားနေဆဲဖြစ်ပါတယ်။

၄။ ဒါနီ အဲလ်ဗက်စ် (စပိန်၊ အီတလီ၊ ပြင်သစ်)
ဘောလုံးသမိုင်းမှာ ဆုဖလား ရယူဆင်ယင်နိုင်မှုအများဆုံး ကစားသမားလို့ ၄၃ ကြိမ်အထိ ချန်ပီယံဆုအမျိုးမျိုးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရာဇီးလ်သားကြီးရဲ့ ကစားသမားဘဝ စတင်ရာ ဘာဟီယာအသင်းကတော့ တော်တော်လေး သေးငယ်ခဲ့ပြီး ရေခံမြေခံ မကောင်းပေမယ့် ဒီလို အောင်မြင်မှုတွေကို ရယူနိုင်တဲ့သူမျိုး ဘယ်လိုဖြစ်လာတာလဲလို့တောင် အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဘရာဇီးလ်မြောက်ပိုင်းအသင်းတွေရဲ့ ချန်ပီယံဖလားတစ်လုံးကို ရယူနိုင်ခဲ့အပြီးမှာ သူရွေးချယ်ခဲ့တာက ဆီဗီလာအသင်းဖြစ်ပါတယ်။

၂၀၀၆ ယူအီးအက်ဖ်အေဖလားက သူ့ရဲ့ ဥရောပဖလားအစဖြစ်ခဲ့ပြီး ဆီဗီလာနဲ့ ဆုဖလား ၅ လုံး ရယူအပြီးမှာ စပိန်မှာ ထပ်သိမ်းဖို့ ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့ပြီး လာလီဂါဖလား ၆ လုံးနဲ့ ချန်ပီယံလိဂ်ဖလား ၃ လုံးအပါအဝင် ၂၀၁၅-၁၆ ရာသီအထိ ဖလားပေါင်း ၂၃ လုံး ရယူခဲ့အပြီးမှာတော့ အသင်းနဲ့ လမ်းခွဲပြီး ဂျူဗင်တပ်စ်နဲ့ ၂၀၁၆-၁၇ မှာ စီးရီးအေနဲ့ ကိုပါအီတာလီယာဖလားကို ရယူခဲ့သလို နောက်နှစ်မှာ ပီအက်စ်ဂျီကို ပြောင်းတော့လည်း ဆုဖလား ၅ လုံး သိမ်းခဲ့ပြီး ဆော်ပေါ်လိုကို ပြန်ပြောင်းသွားတုန်းမှာလည်း ဆုဖလားတစ်လုံး ရယူနိုင်ခဲ့တဲ့ အာဂ အဲလ်ဗက်စ်ဖြစ်ခဲ့ပါတယ်။

၃။ အာတူရို ဗီဒယ်လ် (ဂျာမနီ၊ အီတလီ၊ စပိန်)
ကိုလိုကိုလိုအသင်းနဲ့ ဖလားသုံးလုံးယူပြီး ဥရောပထွက်လာခဲ့တဲ့ ဗီဒယ်လ်ဟာ လေဗာကူဆင်နဲ့တော့ အောင်မြင်မှု မရခဲ့ဘဲ သူ့ရဲ့ အသီးအပွင့် ဆုတံဆိပ်တွေက ဂျူဗင်တပ်စ်အသင်းနဲ့ ၂၀၁၁-၁၂ ရာသီမှာမှ စတင်ရရှိခဲ့တာဖြစ်ပါတယ်။ စီးရီးအေဖလား ၄ လုံးကို ၄ နှစ်ဆက်တိုက် ရယူနိုင်နိုင်ခဲ့သလို ကိုပါအီတာလီယာနဲ့ ဆူပါဖလားတွေကို ရယူအပြီးမှာတော့ ဂျာမန်မြေကို ဘိုင်ယန်မြူးနစ်နဲ့ တစ်ကျော့ပြန်ခြေချခဲ့ရာမှာ အမှတ်ပေးချန်ပီယံ ၃ ကြိမ်ဆက်နဲ့ ပြည်တွင်းဖလား ၃ လုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂၀၁၈-၁၉ ရာသီမှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး လာလီဂါ ချန်ပီယံဆုကို ဆက်လက်ရယူနိုင်ခဲ့တာကြောင့် ချီလီလူကြမ်းကြီးဟာ ၂၀၁၁-၁၂ ရာသီကနေ အဲ့ဒီအချိန်အထိဆိုရင် အမှတ်ပေးချန်ပီယံမဖြစ်တဲ့နှစ်မရှိခဲ့ဘဲ ၈ ရာသီဆက် ဖလားရခဲ့သလို အင်တာမီလန်ဆီ ပြောင်းခဲ့ရာမှာလည်း ၂၀၂၀-၂၁ စီးရီးအေဖလားကို ဆွဲစားခဲ့သေးတာပါ။ တော်တော်လေး အောင်မြင်တဲ့ ဗီဒယ်လ်ရဲ့ ဘဝမှာ ကွက်လပ်တစ်ခုတော့ ကျန်ရှိနေခဲ့ပြီး ဒါကတော့ ၂၀၁၄-၁၅ ရာသီမှာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရှုံးနိမ့်ခဲ့အပြီးနောက်ပိုင်း ဒီဖလားကို အနားတောင် မသီနိုင်ခဲ့တာပဲဖြစ်ပါတယ်။

၂။ ဇလာတန် အီဗရာဟီမိုဗစ်ချ် (နယ်သာလန်၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်)
အလုပ်နည်းနည်းလုပ်ပြီး စကားများများ ပြောရင် အပြစ်တင်တတ်ကြပြီး စကားနည်းနည်းနဲ့ အလုပ်များများလုပ်ပြရင်တော့ ချီးကျူးတတ်ကြတဲ့ လောကမှာ ကိုအီဗရာကတော့ လူတစ်မျိုးဖြစ်ပါတယ်။ အလုပ်လည်း များများလုပ်သလောက် ပါးစပ်ကလည်း ဟောင်ဖွာဟောင်ဖွာနိုင်တဲ့ ဘော့စနီးယားနွယ်ဖွား ဆွီဒင်သားကြီးကို မုန်းဖို့တော့ မလွယ်ဘဲ သူပြောတဲ့ စကားတွေကို သဘောကျလိုက် ရယ်လိုက် သရော်လိုက်နဲ့ ခံစားနေရတဲ့ ပရိသတ်တွေအဖို့ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့လို မဟုတ်ရင်တောင် ရင်ထဲမှာ တစ်နေရာရှိပြီးသား ဖြစ်နေတာပါ။

ကစားသမားဘဝ စတင်တဲ့ မာလ်မိုက ထွက်ခဲ့အပြီး ဒတ်ချ်ထိပ်တန်းကလပ် အိုင်းယက်စ်နဲ့ ပူးပေါင်းခဲ့တဲ့ ဇလာတန်ဟာ အမှတ်ပေးဖလားနှစ်ခုနဲ့ ပြည်တွင်းဖလား၊ ဂျိုဟန် ခရိုက်ဖ်ဖလားတွေကို ရယူခဲ့အပြီး ဂျူဗင်တပ်စ်မှာတော့ ဖလားသုံးလုံးရခဲ့ပေမယ့် စီးရီးအေ လုပ်ပွဲအရှုပ်တော်ပုံကြောင့် ပြန်သိမ်းခံခဲ့ရပါတယ်။ ဒါပေမယ့် အင်တာမီလန်ကို အပြောင်းရွှေ့ခဲ့အပြီးမှာတော့ စီးရီးအေချန်ပီယံ သုံးကြိမ်ဆက်ဖြစ်ခဲ့ပြီး ဆူပါဖလား နှစ်ကြိမ်ကို ရယူအပြီးမှာ ဆင်မြူယယ်လ် အီတူးနဲ့ အလဲအထပ်ရိုက်ရင်း ဘာစီလိုနာကို ရောက်ခဲ့ရာမှာတော့ တစ်နှစ်သာကစားပြီး လာလီဂါဖလားအပါအဝင် ဆုဖလား ၅ လုံးအထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီကနေ အေစီမီလန်ကို ပြောင်းရွှေ့ခဲ့ရာမှာတော့ ၂၀၁၀-၁၁ စီးရီးအေဖလားကို ရယူခဲ့ပြီး ဘောလုံးလောကရဲ့ Journey Man လို့ ခေါ်တတ်ကြတဲ့ ဖင်မငြိမ်သူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အီဘရာဟီမိုဗစ်ချ်ဟာ ပီအက်စ်ဂျီကို ပြောင်းခဲ့ရာမှာတော့ လိဂန်ချန်ပီယံ ၄ ကြိမ် အပါအဝင် ဖလား ၁၂ လုံး ရခဲ့ပြီး သူ့ရဲ့ နောက်ဆုံး ဆုဖလားရခဲ့တဲ့ အသင်းကတော့ ကွန်မြူနတီဒိုင်း၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေနဲ့ မန်ချက်စတာယူနိုက်တက်ဖြစ်ခဲ့တာပါ။

၁။ ခရစ္စတီယာနို ရော်နယ်လ်ဒို (အင်္ဂလန်၊ စပိန်၊ အီတလီ)
စပို့တင်းနဲ့ ဆူပါဖလားယူအပြီး ပေါ်တူဂီကနေ ကံကောင်းလို့ အာဆင်နယ် မရောက်ဘဲ မန်ချက်စတာယူနိုက်တက်ကို ရောက်လာတဲ့ Trickster ငချွတ်ကလေးဟာ ရောက်ရောက်ချင်းရာသီမှာ အက်ဖ်အေဖလားနဲ့ ကျေနပ်ခဲ့ရပေမယ့် အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ရဲ့ စိုးမိုးမှုတွေကို ဆာအဲလက်စ် ဖာဂူဆန်က တစ်ကျော့ပြန် တွန်းလှန်နိုင်ခဲ့အပြီးမှာတော့ ၂၀၀၆-၀၇ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့သလို သုံးနှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်မှာ ချန်ပီယံလိဂ်ဖလားအပါအဝင် ဖလား ၉ လုံးကို စုဆောင်းအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်မှာ လာလီဂါကို စိုးမိုးနေတဲ့ ဘာစီလိုနာကို တွန်းလှန်ဖို့ ကြိုးစားခဲ့ရာမှာတော့ ၂၀၁၁-၁၂ နဲ့ ၂၀၁၆-၁၇ ရာသီတွေမှာ နှစ်ကြိမ် အောင်မြင်နိုင်ခဲ့ပြီး သူနဲ့ ဒီအသင်းရဲ့ အမှတ်တရကတော့ တစ်ပွဲကို တစ်ဂိုးထက်ပိုတဲ့ ၄၃၈ ပွဲမှာ ၄၅၀ ဂိုး သွင်းခဲ့တာဖြစ်သလို ချန်ပီယံလိဂ်မှာလည်း ၂၀၁၃-၁၄ ရာသီကနေ ၂၀၁၇-၁၈ ရာသီကြား ၅ နှစ်အတွင်း ၄ ကြိမ် ဗိုလ်စွဲနိုင်ခဲ့တာပါ။

အသက်အရွယ်ထောက်လာတယ်ဆိုတဲ့ စကားကို သုံးလို့မရဘဲ ကြီးရင့်လာပေမယ့် အကောင်းဆုံးပုံစံမှာ ရှိနေဆဲ ပေါ်တူဂီသားကြီးဟာ စီးရီးအေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြန်ပြီး စကူဒက်တို အမှတ်ပေးချန်ပီယံနှစ်ကြိမ်အပါအဝင် ပြည်တွင်းဖလား ၅ လုံး ရယူနိုင်ခဲ့ပြီး လက်ရှိမှာတော့ သူ့ရဲ့ ဥရောပ စင်မြင့်ကို တက်ရာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပူးပေါင်းခဲ့ရာမှာ နောက်ထပ် အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.