Carabao & FA Match Report Premier League

နှစ်ကျော့စလုံး ပုံစံကောင်းနဲ့ စပါးစ်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းနည်းပြ တူဟယ်လ်အနေနဲ့ ဒီနေ့မှာ အသင်းရဲ့ ခံစစ်ကို ကီပါ၊ ရူဒီဂါ၊ ခရစ္စတင်ဆန်၊ မာလန်းဆားရ်တို့နဲ့ အထိုင်ချခဲ့ပြီး တောင်ပံတွေမှာတော့ အက်ဇ်ပီလီကွေတာနဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ ပါဝင်လာခဲ့သလို ကွင်းလယ်မှာ ကိုဗာချစ်နဲ့ ဂျော်ဂျင်ညိုတို့ ကစားခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ လူကာကူးကို တီမို ဗာနာနဲ့ မေဆန်မောင့်တို့ ရံကစားပြီး ပွဲထွက်လာခဲ့ကြပါတယ်။

စပါးစ်တို့ကတော့ အိမ်ကွင်းမှာ သူတို့ရဲ့ ကစားနေကျပုံစံအတိုင်း ဂိုးသမား ဂေါ်လီနီနဲ့ ခံစစ်မှာ တန်ဂန်ဂါ၊ ဆန်ချက်ဇ်၊ ဘန်ဒေးဗီးစ်တို့နဲ့ ကွန်တီက အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ဒိုဟာတီ၊ လိုဆဲလ်ဆို၊ ဟာရီ ဝင့်ခ်စ်နဲ့ ဟွိုင်ဘယာ့ဂ်ကို ပွဲထွက်လာခဲ့ကြပြီး တိုက်စစ်မှာတော့ ဟာရီကိန်းနဲ့ လူးကပ်စ် မော်ရာတို့ ကစားခဲ့ကြတာပါ။

အိမ်ရှင်တို့အနေနဲ့ ပထမအကျော့က နှစ်ဂိုး-ဂိုးမရှိနဲ့ အရှုံးရလဒ်ကို ပြန်လည်ချေပနိုင်ဖို့ ပွဲစကတည်းက တိုက်စစ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၇ မိနစ်မှာ ဟာရီကိန်းရဲ့ ဖရီးကစ် လူထိထွက်ခဲ့အပြီးမှာ ချဲလ်ဆီးတို့ကပဲ ဘောလုံးပိုင်ဆိုင်မှုကို စိုးမိုးရယူသွားခဲ့ပြီး တီမို ဗာနာနဲ့ လူကာကူးတို့ကလည်း ပြန်လည်ခြိမ်းခြောက်နေခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ တစ်ဖက်ဧရိယာရှေ့အတွက် တိုက်ရိုက်ကန်တင်ပေးတဲ့ Long Ball တွေကို စပါးစ်နောက်တန်းက အကိုင်အတွယ် မတတ်ခဲ့တာကြောင့် ပွဲချိန် ၁၁ မိနစ်မှာ လူကာကူး ကန်ခွင့်ရခဲ့ပေမယ့် ဂေါ်လီနီနဲ့ ထိထွက်ခဲ့သလို နောက်ခံလူ ဆန်းချက်ဇ်က ကိုယ့်ဂိုးကိုယ်သွင်းဖို့ နီးစပ်ခဲ့ရပြီး တိုက်စစ်မှာတော့ ဟာရီကိန်းတစ်ယောက်တည်းသာ တူတူတန်တန် ကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ညာထောင့်ကန်ဘောကို မေဆန်မောင့် ကန်တင်ပေးရာမှာ ရူဒီဂါက ဘောလုံး ကျလာမယ့် နေရာကို ကွက်တိပြေးဝင်ပြီး ဂိုးသမား ဂေါ်လီနီရှေ့ကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အိမ်ရှင်တွေ အထိနာခဲ့သလို အသင်းနဲ့ စာချုပ်ကိစ္စ မပြေလည်တဲ့ သူ့အတွက် ပရော်ဖက်ရှင်နယ်ပီသစွာ အလုပ်နဲ့ သက်သေပြပြီး လုပ်ခတိုးရဖို့လည်း နီးစပ်လာနေခဲ့ပါတယ်။