Premier League

စပါးစ်က အမှတ်ပေးဇယားဦးဆောင်နေရမှာဆိုတဲ့ ဒီဖိုး

ဂျာမိန်း ဒီဖိုးက တော့တင်ဟမ်ဟော့စပါးက ဒီရာသီမှာ ဒဏ်ရာပြဿနာတွေသာ မနှောင့်ယှက်ခဲ့ဘူးဆိုရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေမှာလို့ ယုံကြည်နေပါတယ်။

ဒီဖိုးဟာ မြောက်လန်ဒန်မှာ ၂ ကြိမ်အထိ ၉ နှစ်ကြာ ကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၁၄၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာကြောင့် တော့တင်ဟမ်ဟော့စပါးပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုကို ခံခဲ့ရသူဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် အင်္ဂလန်တိုက်စစ်မှူးဟောင်းက နည်းပြလောကကို ခြေစုံပစ်ဝင်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးရဲ့ အသင်းသံတမန်၊ အကယ်ဒမီနည်းပြအဖြစ် ခဏတာ တာဝန်ယူခဲ့ပြီးနောက် လက်ရှိမှာ ယူ-၁၈ အသင်းနည်းပြအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

“ဘက်မလိုက်ဘဲ ပြောရမယ်ဆိုရင် စပါးစ်က စောင့်ကြည့်စရာကောင်းတဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လိမ့်မယ်လို့ ထင်တယ်။ ကျွန်တော် ၉ နှစ်လောက် ဒီအသင်းအတွက် ကစားပေးခဲ့လို့ အဲဒီလို ပြောတာမဟုတ်ပါဘူး။ စပါးစ်က ကျွန်တော့်အတွက်တော့ ဘောလုံးပိုင်ဆိုင်နေချိန်မှာ ကစားကွက် တည်ဆောက်ပုံ၊ နောက်ခံတောင်ပံကစားသမားတွေက တိုက်စစ်အထိ တက်ကစားတယ်။ ဒီလို သတ္တိရှိပြီး အဲဒီလို လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်။ အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်တယ်။ အဲဒါကို ကြည့်ရတာ အရမ်းကို အံ့အားသင့်စရာကောင်းပါတယ်။

ပရီးမီးယားလိဂ်က ကမ္ဘာပေါ်က အခက်ခဲဆုံးလိဂ်ဖြစ်ပြီး ရှည်လျားတဲ့ရာသီကို ဖြတ်သန်းရတယ်။ ခင်ဗျား နိမ့်လိုက်၊ မြင့်လိုက်ဖြစ်နေမှာပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ စပါးစ်က စိတ်လှုပ်ရှားစရာအကောင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ တွေးမိနေတုန်းပဲ။ ကျွန်တော်တို့သာအရေးကြီးတဲ့အချိန်တွေမှာ ဗန်ဒဗင်၊ မက်ဒီဆင်၊ ဆား၊ ဘစ်ဆူးမားတို့လို အဓိကကစားသမားတွေ ဒဏ်ရာမရခဲ့ရင် လိဂ်ရဲ့ထိပ်ဆုံးမှာ ရှိနေပါလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။

#SportsA2Z