Match Report Premier League

တစ်လုံးတည်းသောဂိုးနဲ့ ချန်ပီယံဆုမှာ လက်ကို ပိုမြဲစေခဲ့တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဒီယက်စ်၊ လာပေါ့တ်၊ ကန်ဆယ်လိုတို့နဲ့အတူ ဘယ်နောက်ခံမှာ အာကေကို ပြန်သုံးခဲ့ပြီး ကွင်းလယ် မှာတော့ ရိုဒရီ မပါဝင်နိုင်ချိန်မှာ ဖာနန်ဒင်ညို၊ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့ တွဲထွက်လာခဲ့သလို တိုက်စစ်မှာတော့ ဂျေဆူးစ်၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ ကစားခဲ့ကြပြီး အဝေးကွင်းမှာ ဘရန့်ဖို့ဒ်ကို ရင်ဆိုင်လာခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ကတော့ ရာယာ မပါဝင်နိုင်သေးတာကြောင့် ဖာနန်ဒက်ဇ်ပဲ ဂိုးဖမ်းခဲ့ပြီး ဆိုရန်ဆန်၊ ယန်ဆွန်၊ ပင်းနော့ခ်တို့ပဲ ခံစစ်မှာ သုံးခဲ့သလို ရီကို ဟင်နရီ မပါနိုင်တာကြောင့် ဘယ်ခြမ်းမှာ အာဆင်နယ်ထွက် သွမ့်ပ်ဆန်ကို သုံးခဲ့ရပြီး အွန်ယီကာ၊ ဂျန်ဆန်၊ ဘက်ပ်တစ္စတေ၊ ဝစ်ဆာနဲ့ တိုနီတို့ ပွဲထွက်ခဲ့ကြပြီး တောင်ပံမှာတော့ မြင်နေကျ မဟုတ်တဲ့ ရိုအာဆလက်ဗ် ပါဝင်ခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ ဘရန့်ဖို့ဒ်ရဲ့ ဘယ်ခြမ်းတိုက်စစ်ကနေ အွန်ယီကာက ဘောလုံးပြန်လုယူလာခဲ့ပြီး တွဲလုံးနဲ့ ချိတ်ဆက်ထိုးဖောက်လာခဲ့ချိန်မှာ ဘက်ပ်တစ္စတေနဲ့ ဝမ်းတူးရိုက်ပြီး ကန်သွင်းချက်က ကောင်းမွန်ခဲ့ပေမယ့် အနည်းငယ် ပျော့သွားခဲ့လို့ မန်စီးတီးဂိုးသမား အီဒါဆန်က ဖမ်းယူသွားနိုင်ခဲ့တာပါ။

ဘရန့်ဖို့ဒ်တို့ ဆက်ပြီး ဖိကစားခဲ့ရင်း ပွဲချိန် ၁၅ မိနစ်မှာလည်း ဖြတ်တင်ဘောကို ရူဘင် ဒီယက်စ် ခေါင်းတိုက်ရှင်းထုတ်ရင်း ဂိုးထဲ ဝင်လာတာကိုလည်း ဘရာဇီးလ်သားပဲ ပုတ်ထုတ်ခဲ့ရသလို ဒီကရတဲ့ ထောင့်ကန်ဘောကို ပင်းနော့ခ် ခေါင်းတိုက်ချတာကနေ ဝစ်ဆာ ကန်သွင်းမှုကိုလည်း အီဒါဆန် ပိတ်ဆို့ခဲ့သလို ဒီကနေ လမ်းကြောင်းပြောင်းလာတဲ့ ဘောလုံးကိုတော့ ကန်ဆယ်လိုက ဂိုးစည်းရှေ့က ခေါင်းတိုက်ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ မန်ချက်စတာစီးတီးတို့ အဖွင့်ဂိုး ရှာဖွေနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်တို့ဆီက ဘောလုံးပြန်လုနိုင်ခဲ့ရာကနေ ကန်ဆယ်လိုနဲ့ အပေးအယူလုပ်ပြီး ဒီဘရိုင်းနားက ဖြတ်တင်ပေးခဲ့ရာမှာ အိမ်ရှင်ခံစစ်ရဲ့ လူကျွံထောင်ချောက်ကြားထဲက ပြေးထွက်သွားခဲ့တဲ့ ဖိုဒန်က အနီးကပ် ပိတ်သွင်းပြီး ဂိုးသမား ဖာနန်ဒက်ဇ်ကို အနိုင်ယူနိုင်ခဲ့တာပါ။