Premier League

ပရိသတ်လာမကြည့်လို့ ဝေဖန်လိုက်မိတဲ့ ဂွာဒီယိုလာကို စီတီဇန်တို့ စိတ်မျက်ပြီး ဘယ်လိုခွန်းတုံ့ပြန်လိုက်လဲ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက အီတီဟတ်ကွင်းမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်အဖြစ် RB လိုက်ပ်ဇစ်အသင်းကို ဧည့်ခံကစားခဲ့တဲ့ မန်စီးတီးအသင်းဟာ ၆-၃ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ အသင်းအတွက်တော့ အောင်ပွဲခံစရာဖြစ်ပေမယ့် နည်းပြ ပပ်ဂွာဒီယိုလာကတော့ ကွင်းထဲမှာ လူမရှိတဲ့အဖြစ်ကို ပွဲအပြီးမှာ ဦးတည်ထိုးနှက်သွားခဲ့တာပါ။

အဆိုပါပွဲမှာ ပရိသတ်ပေါင်း ၃၈၀၆၂ ကသာ အီတီဟတ်ကွင်းထဲမှာ လာရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပြီး ဂွာဒီယိုလာကတော့ ဒါကို မကျေနပ်နိုင်ခဲ့ဘဲ လာမယ့် ဆောက်သမ်တန်နဲ့ပွဲစဥ်ကိုတော့ ကွင်းလုံးပြည့်လာရောက်အားပေးကြဖို့ ပွဲအပြီးမှာ တိုက်တွန်းသွားခဲ့သလို သူ့အပြောကတော့ ခပ်ရိုးရိုးဖြစ်ခဲ့ပေမယ့် စီတီဇန်တို့ကတော့ စိတ်ထဲမှာ မျက်ခနဲ ဖြစ်သွားခဲ့ရပါတယ်။

” လာမယ့် စနေနေ့ပွဲစဥ်ကိုတော့ ပရိသတ်အင်အားများများ ကွင်းထဲမှာ ရှိစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မောပန်းနေပါပြီ။ လာမယ့်ပွဲ စနေနေ့၊ ညနေ ၃ နာရီကိုတော့ ခင်ဗျားတို့အားလုံးလာခဲ့ကြဖို့ ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ရာမှာ ခုံအလွတ်တွေ များပြားတဲ့ အီတီဟတ်ကွင်းကြီးကလည်း အများလက်ညှိုးထိုးပြောဆိုစရာလည်း ဖြစ်ခဲ့ရတာပါ။

မန်စီးတီးတရားဝင်ပရိသတ်အဖွဲ့က အထွေထွေအတွင်းရေးမှူး တာဝန်ယူထားတဲ့ ကီဗင် ပါကားကတော့ စပိန်သားကြီးရဲ့စကားဟာ စီတီဇန်တို့ရဲ့ သစ္စာရှိစွာ အားပေးမှုကို စော်ကားခံလိုက်ရတယ်လို့ ယူဆခဲ့ပြီး နည်းပြကြီးအနေနဲ့ ပါးစပ်ပိတ်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ဖို့သာ အာရုံစိုက်ထားသင့်ကြောင်း ပိဿလေးနဲ့ ဘေးပစ်သလို ပြန်လည်တုံ့ပြန်ပြောဆိုသွားခဲ့တာပါ။

ဂွာဒီယိုလာရဲ့စကားက ယဥ်ကျေးပျူငှာစွာရှိခဲ့ပေမယ့် မန်စီးတီးအမာခံပရိသတ်တွေ အထိမခံနိုင်ဘူးဆိုတဲ့ ချက်ကောင်းကိုမှ တည့်တည့်ရွေးပစ်သလို ဖြစ်စေခဲ့ပြီး အီတီဟတ်မဟုတ်ဘဲ လူမရှိတဲ့ကွင်း Emptyhad လို့ လှောင်ပြောင်နေကြတဲ့ ပြိုင်ဘက်ပရိသတ်တွေအတွက် မီးလောင်ရာလေပင့်သလို ဖြစ်စေခဲ့တယ်လို့ ယူဆခံခဲ့ရပြီး ပါကားကတော့ အားလုံးကိုယ်စား အခုလို ခပ်ကြမ်းကြမ်းပဲ တုံ့ပြန်သွားခဲ့ပါတယ်။

” သူပြောဆိုနေတာ အဖြစ်မှန်မဟုတ်ပါဘူ။ ကျွန်တော်တို့ မန်စီးတီးပရိသတ်တွေ ကွင်းထဲလာကြည့်တဲ့အားက များလွန်းပါတယ်။ ဂွာဒီယိုလာကတော့ ည ၈ နာရီပွဲကို လာကြည့်ရတာ ဘယ်လောက်အခက်အခဲများပြားလဲ သူနားမလည်နိုင်ရှာပါဘူး။ သူပြောလိုက်တော့မှ အီတီဟတ်ကွင်းထဲမှာ လူမရှိဘူးလို့ လှောင်ချင်နေတဲ့ ပြိုင်ဘက်ပရိသတ်တွေကပါ ထပ်ပြီးထိုးနှက်လာကြပါဦးမယ်”

” လူတွေက အီတီဟတ်ကွင်းကို လူမရှိတဲ့ကွင်း Emptyhad လို့ ခေါ်ဆိုနေကြပါပြီ။ ဒါဟာ ပြိုင်ဘက်ပရိသတ်တွေအတွက် ရယ်မောစရာကောင်းပြီး လှောင်ပြောင်ချင်စရာပါ။ ဒါပေမယ့် ဒါဟာ ထောက်ညှာစရာအ​ခြေအနေမဟုတ်ပါဘူး။ ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြပါ။ အာချောင်နေတာထက်စာရင် သူ့အလုပ်သူလုပ်နေတာ ပိုကောင်းပါလိမ့်မယ်။” လို့ ခပ်ပြတ်ပြတ်ပဲ ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.