Premier League

ဘောလုံးလောကကနေ အနားမယူသေးသရွေ့ မိန်းမမယူဘူးလို့ ဆုံးဖြတ်ထားတဲ့ ဆွန်ဟောင်မင်

တောင်ကိုရီးယားသားတဦးဖြစ်တဲ့ စပါးစ်တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ အာရှတိုက်ဂုဏ်ဆောင်နေတဲ့ ကမ္ဘာ့အဆင့်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်သလို ၂၀၁၅ ခုနှစ် ဂျာမန်ဘွန်ဒက်လီဂါက လေဗာကူဆင်အသင်းကနေ စပါးစ်ဆီရောက်လာတဲ့နောက် သူ့ရဲ့အမြင့်ပျံနိုင်စွမ်းဟာ ကောက်ရိုးမီးမဟုတ်ခဲ့သလို တိုက်ဆိုင်မှုတခုလည်း မဟုတ်ခဲ့ပါဘူး။

အလုပ်ကြိုးစားမှု၊ ပြင်းပြင်းထန်ထန် ပေးဆပ်မှု၊ ရဲရဲရင့်ရင့် အာရုံစူးစိုက်မှုတွေနဲ့အတူ ဘောလုံးမှ ဘောလုံးဆိုတဲ့ တချောင်းထဲသောစိတ်ကို ဆွဲကိုင်ပြီး သူ့ကို ကမ္ဘာ့ဘောလုံးစင်မြင့်ထက်ကို ရောက်ရှိစေခဲ့တာဖြစ်သလို သူ့ရဲ့အလုပ်လုပ်ရာမှာ ပြတ်သားမှု၊ စည်းစနစ်ကျမှုနဲ့ ဘောလုံးခံယူချက်အပိုင်းတွေမှာလည်း အမှတ်ပြည့်ပေးပြီး ချီးကျူးခံထားရပါတယ်။

ဒါဟာ အသက် ၂၉ နှစ်သားအတွက် ဘောလုံးလောကကို နှုတ်ဆက်ပြီး ကစားသမားဘဝကနေ အနားမယူခင်အချိန်အထိ အိမ်ထောင်ရက်သားမကျချင်ဘူးဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကို ရုပ်လုံး ပေါ်စေခဲ့ပြီး ဒီနောက်ကွယ်မှာတော့ သူ့ရဲ့စိတ်ဓာတ်ခံယူချက်ပိုင်းနဲ့ ဘောလုံးကို စိတ်အားထက်သန်မှုတွေက ထင်းထင်ကြီးမြင်တွေ့ခဲ့ရပါတယ်။

The Guardian က ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ဆွန်ဟောင်မင်က သူ့ဘဝနဲ့ပတ်သက်လို့ အနာဂတ်အစီအစဥ်မှာ ဘယ်လိုကြံစည်ထားလဲဆိုတာကို ပြောပြသွားခဲ့ပြီး လူမှုဘဝနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘယ်လိုခွဲခြားထားလဲ၊ သူ့ရဲ့လူမျိုးနဲ့ တိုင်းပြည်အတွက် ဘယ်လောက်ထိတောင် ပေးဆပ်ချင်နေလဲဆိုတဲ့အထိပါ နက်နက်ရှိုင်းရှိူင်းသိခွင့်ရခဲ့ပါတယ်။

” ကျွန်တော့်ဖခင်ပြောသလိုပဲ ကျွန်တော်လည်းလက်ခံထားပါတယ်။ ခင်ဗျား အိမ်ထောင်ကျသွားပြီဆိုရင် မိသားစုဘဝနဲ့ သားမယားက ခင်ဗျားရဲ့ နံပါတ်တစ်ဖြစ်လာလိမ့်မယ်။ ဘောလုံးက နံပါတ်နှစ်ဦးစားပေးဖြစ်သွားမှာပါ။ ကျွန်တော်ကတော့ အမြင့်ဆုံးအဆင့်အထိ စွမ်းဆောင်ရည်ပြနိုင်ဖို့ ဘောလုံးကို နံပါတ်တစ်ဦးစားပေးပြီး ကစားသွားချင်ပါတယ်”

” ခင်ဗျားအနားယူလိုက်ပြီဆိုပါစို့။ အသက် ၃၃၊ ၃၄ နှစ်ဗျာ။ မိသားစုဘဝအတွက် အချိန်တွေအများကြီး ကျန်ရှိနေဦးမှာပါ။ ပြီးတော့ ကွင်းပြင်ပမှာ မူးယစ်သေစာသုံးစွဲတာ၊ အပျော်အပါးလိုက်စားတာတွေကိုလည်း ကျွန်တော် မကြိုက်နှစ်သက်ပါဘူး။ ကမ္ဘာ့အဆင့်မှာ အချိန်ကြာကြာကစားပြီး ကျွန်တော့်လူမျိုးကို ပျော်ရွှင်အောင်ထားပေးချင်ပါတယ်”

” ဥပမာကြည့်ဗျာ။ ဝင်ဘလေကွင်းမှာ စပါးစ်အသင်းအတွက် ကစားပေးတုန်းက တောင်ကိုရီးယားအလံတွေက ခင်ဗျားဘယ်လောက်တောင်မြင်တွေ့လိုက်ရလဲ? ဒါကြောင့် သူတို့အတွက် ကျွန်တော်ပြန်ပေးဆပ်ချင်ပါတယ်။ အလုပ်ကြိုးစားပြီးတော့ပေါ့ဗျာ”

” ထိပ်တန်းအဆင့်မှာ အချိန်နဲ့အမျှ ကစားသွားချင်ပါတယ်။ ဒါဟာ ကျွန်တော်လူမျိုးတွေရဲ့ အားပေးမှုကို ပြန်ပေးဆပ်ပြီး နိုင်ငံအတွက် ဂုဏ်ဆောင်ချင်လို့ပါ။ ဒီအရာက ကျွန်တော့်အတွက် အရေးကြီးဆုံးကိစ္စတခုပါ။ ကိုယ့်နိုင်ငံအတွက် သံတမန်တဦးလို ခံစားနေရလားဆိုတော့ အမှန်ပါပဲ။ ကိုယ့်နိုင်ငံရဲ့ပုံရိပ်ကို ဝင့်ကြွားစေချင်တာပေါ့ဗျာ”

” နောက်တခုကပေါ့ဗျာ။ ကျွန်တော်တို့ ညနေ ၃ နာရီမှာ ပွဲကစားတယ်ဆိုပါစို့။ အဲဒါဟာ ကိုရီးယားမှာ ညသန်းခေါင်ယံအချိန်ဖြစ်နေပါပြီ။ ချန်ပီယံလိဂ်ပွဲကို ည ၈ နာရီမှာ ကစားတယ်ဆိုရင် ကိုရီးယားမှာ မနက် ၅ နာရီထိုးနေပါပြီ။ ဒါပေမယ့် သူတို့အားလုံးဟာ ရုပ်သံကနေ မလွတ်တမ်းစောင့်ကြည့်ပြီး အားပေးနေကြပါတယ်”

” ကျွန်တော်ပြန်ပေးဆပ်ရပါဦးမယ်။ အောင်မြင်မှုနဲ့အတူပေါ့ဗျာ။ ဒါဟာ တကယ့်ကို ပခုံးထမ်းရမယ့် တာဝန်တရပ်ပါ။ ကျွန်တော်က ဘောလုံးကို ချစ်မြတ်နိုးတယ်။ နှစ်နှစ်ကာကာရှိလှပါတယ်။ ​ဖခင်ရဲ့ သင်ကြားပြသမှုနဲ့ ကျွန်တော် ဘောလုံးလေ့ကျင်ခဲ့ရတာပါ။ သူက ကျွန်တော့်ကျောင်းမှာလည်း ဘောလုံးနည်းပြတဦးပါ”

” ခြေထောက်နှစ်ချောင်းစလုံး သန်မာနေအောင် လေ့ကျင့်ခဲ့တယ်။ ဒါမှ ဘောလုံးကို လွတ်လွတ်လပ်လပ်၊ ကျင်ကျင်လည်လည်နဲ့ ရဲရဲတင်းတင်း ကိုင်ကစားနိုင်မှာပါ။ ဒီလို ကျွမ်းကျွမ်းကျင်ကျင်၊ ရဲရဲရင့်ရင့်ကစားရတာမျိုးကိုပဲ ကျွန်တော်နှစ်သက်ပါတယ်။” လို့ ဆွန်နီက ပြောကြားသွားခဲ့တာပါ။

ဆွန်ဟောင်မင်အနေနဲ့ ချစ်သူရည်စားတော့ မရှိသူမဟုတ်ပဲ ၂၀၁၄ လောက်က Girl’s Day’s အဖွဲ့မှ အဆိုတော် Bang Min-ah ( Minah) နဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၄ ဂျူလိုင်လ ၁၆ နဲ့ ၁၇ နှစ်ရက်မှာ ဂန်းနမ် ဘူတာနဲ့ ဟန်မြစ်ပန်းခြံနားတဝိုက်တို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ ကိုရီးယားမီဒီယာ တချို့က ဖော်ပြခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက တနှစ်လောက်ပဲ ကြာမြင့်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။

ဒီနောက်တော့ ၂၀၁၈ လောက်မှာ ဆွန်ဟောင်မင်ဟာ ကိုရီးယား အဆိုတော်နဲ့ သရုပ်ဆောင်လည်းဖြစ်တဲ့ Yoo So-young နဲ့ ချစ်ကြိုက်ခဲ့တယ်လို့ သိရပြီး နိုဝင်ဘာ ၁၁ မှာ ကျရောက်လေ့ရှိတဲ့ Pepero Day ( ကိုရီးယားဗယ်လင်တိုင်းဒေး) မှာ ဒိတ်လုပ်တွေ့ဆုံခဲ့ကြပြီး ဆွန်က Yoo So-young ကို Pepero လက်ဆောင်ပေးခဲ့တယ်လို့သိရပြီး The Fact နဲ့ ဖုန်းအင်တာဗျူးမှာ Yoo က ” ဆွန်နဲ့ ကျွန်မတို့ဟာ စိတ်ခံစားမှု တူညီကြသလို သူမအနေနဲ့ ဆွန်ကို ခွန်အားတွေအမြဲပေးချင်ပြီး တယောက်နဲ့တယောက် နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးကာ ချစ်ခရီးကို အမြဲဖြောင့်ဖြူးစေချင်တယ်”လို့ ဖြေကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် လအနည်းငယ်အကြာမှာပဲ ဆွန်နဲ့ Yoo တို့ လမ်းခွဲခဲ့ကြပြီး အဲဒီလိုလမ်းခွဲခဲ့ရတာဟာ ဆွန်နဲ့ သူမ ချစ်သူရည်းစားဖြစ်ကြတာကို ဆွန်ရဲ့ ဖခင်သိရှိသွားရာကနေ ဆွန်ဘက်က စပြီးလမ်းခွဲခဲ့တယ်လို့ ဆိုပါတယ်။

ဆွန်ရဲ့ ချစ်သူရည်းစားအဖြစ်နောက်ဆုံးကြားသိရသူကတော့ Black Pink အဖွဲ့ဝင်အဆိုတော် Jisoo ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက် စပါးစ်ကွင်းမှာ စပါးစ်နဲ့ ခရစ်စတယ်ပဲလေ့တို့ပွဲကို Jisoo က ဆွန်ရဲ့ နာမည်နဲ့ ကျောနံပါတ်ပါ ဂျာစီကိုဝတ်ပြီး လာရောက်အားပေးခဲ့တာတွေ့ရှိရတဲ့သတင်းကို သတင်းဌာနကြီးများက ဖော်ပြခဲ့ပေမယ့် အရင်ရည်းစားနှစ်ယောက်နဲ့ ပတ်သတ်အပြီး ဆွန်ရဲ့ ဖခင်ကို ပေးထားတဲ့ ကစားသမားဘဝက အနားမယူခင် ချစ်သူရည်းစားမထား အိမ်ထောင်မပြုဘူးဆိုတော့ ဂတိကြောင့် ဆွန်နဲ့ Jisoo တို့ ဇာတ်လမ်းဟာ အသံတိတ် ဇာတ်လမ်းအဖြစ်ပြောင်းလဲခဲ့ရပြီး ပျိုတိုင်းကြိုက်တဲ့ ဆွန်တစ်ယောက် ကစားသမားဘဝက အနားယူမှ အိမ်ထောင်ပြုမယ်ဆိုတဲ့ ဂတိကြောင့် လူပျိုကြီးဖြစ်သွားမလား သူ့ပရိသတ်များက တွေးပူနေကြကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.