Premier League

ရလဒ်ဆိုးရွားနေတဲ့ အာတီတာကို ဆက်လက်ယုံကြည်ပေးကြဖို့ ကာကွယ်ပြီးပြောဆိုလိုက်တဲ့ ဂွာဒီယိုလာ

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ၃၊ စနေနေ့ညရဲ့ ပွဲ​ကြီးပွဲကောင်းအနေနဲ့ မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားခဲ့ပြီး ၅ ဂိုးပြတ်နဲ့ အနိုင်ယူသွားခဲ့သလို ပွဲအပြီးမှာတော့ စီတီဇန်နည်းပြ ပပ်ဂွာဒီယိုလာက ရလဒ်ဆိုးတွေအတွက် ဂန်းနားနည်းပြ မီခေးလ် အာတီတာကို အပြစ်မတင်ဖို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၃ ပွဲကစား၊ သွင်းဂိုးမရဘဲ ရာနှုန်းပြည့်ရှူံးပွဲတွေ့ထားတာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၂၀ အထိ ဆင်းသွားခဲ့ရသလို မန်စီးတီးအသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ တနိုင်ငံတည်းသားချင်း စပိန်သားနည်းပြကိုတော့ တလောကလုံးက မေးခွန်းထုတ်နေကြချိန်မှာ ဂွာဒီယိုလာကတော့ အာတီတာကို ဆက်လက်ယုံကြည်ပေးကြဖို့ ပေါက်ကွဲနေတဲ့ ဂန်းနားပရိသတ်တွေကို တောင်းဆိုသွားခဲ့တာပါ။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ညကပွဲမှာ ကွင်းလယ်လူ ဂရာနစ် ချာကာအထုတ်ခံခဲ့ရလို့ တယောက်လျော့သွားတဲ့ အာဆင်နယ်အသင်းကို အသာစီးကနေ လွှမ်းမိုးကစားသွားခဲဲ့ပြီး သက်သောင့်သက်သာနိုင်ပွဲတခုကို ရယူသွားခဲ့တယ်လို့ ဆိုနိုင်သလို ကွင်းထဲကရလဒ်ပိုင်းနဲ့ ခြေစွမ်းပိုင်းမှာတော့ အထာမထားပေမယ့် ကွင်းပြင်ပဆက်ဆံရေးမှာတော့ ဂွာဒီယိုလာက အာတီတာကို ပုဂ္ဂိုလ်ရေးအရရော ဘောလုံးဒဿနာပိုင်းအရပါ ဆရာတဆူအဖြစ် သတ်မှတ်ထားပြီး အတော်လေး လေးစားမှုပြည့်ဝထားတာဖြစ်ပါတယ်။

” ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်တို့နှစ်ယောက်က နှစ်နှစ်၊ သုံးနှစ်လောက် အတူတူအလုပ်လုပ်ဖူးပါတယ်။ သူက သိပ်ကောင်းတဲ့ မန်နေဂျာတယောက်ဆိုတာထက် ပိုပါတယ်။ သူ့ရဲ့စရိုက်လက္ခဏာအရရော၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဦးဆောင်မှုအပိုင်းကိုပါ ကျွန်တော်သင်ယူလေ့လာခဲ့ရပါတယ်။”

” ကျွန်တော်တို့အားလုံးက သူ့ကို အထူးတလည်ချစ်မြတ်နိုးကြပါတယ်။ သူ ကျွန်တော်တို့အသင်းက ထွက်သွားတော့ ဝမ်းနည်းစရာ​ဖြစ်ခဲ့ရပါတယ်။ တခါတရံမှာ လူတွေက ရလဒ်ကောင်းတွေရဖို့ ညတွင်းချင်းဖြစ်လာမယ်လို့ မျှော်လင့်ပြီး အလိုရှိနေကြတာကို တွေ့ရပါတယ်။”

” ဒီနေ့ပွဲက အာဆင်နယ်လူစာရင်းဟာ အာတီတာ မျှော်မှန်းထားသလို မဟုတ်ပါဘူး။ လူ ၆ ယောက်ကနေ ၈ ယောက်အထိ ဒဏ်ရာရနေပါတယ်။ ဘန်ဝှိုက်တို့၊ သောမတ်စ် ပါတေးတို့လို တကယ့်အရေးအပါဆုံးကစားသမားတွေပါ။ ကျွန်တော်ကတော့ သူ့ရဲ့ ပရိသတ်စစ်စစ်ပါ။ အာဆင်နယ်ကသာ သူ့ကိုယုံကြည်မှုထားမယ်ဆိုရင် အသင်းအတွက် အကျိုးရှိလာလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်” လို့ ဂွာဒီယိုလာက ဆိုသွားခဲ့တာပါ။

” ဂရာနစ် ချာကာအထုတ်ခံလိုက်ရတော့ ကျွန်တော်တို့ ဂိုးတွေရသွားခဲ့ပါတယ်။ ပွဲက အတော်လေးမြိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာတော့ ကျွန်တော်တို့ကစားတာ ပြဿနာလေးတွေ ရှိနေခဲ့တယ်။ မီခေးလ် တယောက်ချင်းလူကပ်ကစားသွားတာကြောင့် ကျွန်တော်တို့ထိုးဖောက်ဖို့ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါကိုဖြေရှင်းနိုင်ပြီး ထိုက်တန်တဲ့အောင်ပွဲကိုတော့ ရလာခဲ့တယ်။ ပြိုင်ဘက်ကို လေးစားပေမယ့် ကျွန်တော်တို့ အခုထက်ပိုပြီး ဂိုးပိုရခဲ့သင့်ပါတယ်” လို့ ဂွာဒီယိုလာက ပွဲအပြီးမှာပဲ သုံးသပ်သွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.