Article Premier League

နောက်ဆုံးတော့ ဆန်ချိုတစ်ယောက် ယူနိုက်တက်နဲ့ ရွှေပင်နားဖို့ဖြစ်လာခဲ့ပြီလား

ဒေါ့မွန်အသင်းကနေ ပေါင် ၇၂.၉ သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာပြီး မန်ချက်စတာယူနိုက်တက်ကစားသမားသစ် ဖြစ်လာတဲ့ အသက် ၂၁ နှစ်သား ဆန်ချိုရဲ့ နာမည်အရင်းကတော့ ဂျေဒန် မားလစ်ခ် ဆန်ချိုဖြစ်ပါတယ်။ သူ့ကို ကမ်းလှမ်းလာတဲ့ ဥရောပအသင်းကြီးတွေရဲ့ စက်ကွင်းထဲကနေ ယူနိုက်တက်ကိုမှ ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်က စိတ်ဝင်စားမှုတွေလည်း ခံယူနေရပါတယ်။

ဆန်ချိုရဲ့ ငယ်ဘဝကို လေ့လာကြည့်တဲ့အခါ ၂၀၀၀ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အသက် ၂၁ နှစ်သားဟာ ရွယ်တူတွေကြားထဲမှာ မနာလိုစရာကောင်းလောက်အောင် ခြေစွမ်းထက်မြက်ခဲ့သလို ငယ်နာမည်ပြောင်က ‘ဒုံးပျံ’၊ ‘ဖန်တီးမှုဘုရင်’လို့ မှည့်ခေါ်ခံရတဲ့အထိ ခြေစွမ်းအဆင့်အတန်းက မြင့်မားခဲ့ပြီး အသက် ၁၆ နှစ်အရွယ်အထိ အင်္ဂလန်လူငယ်အသင်းတွေမှာ ကျင်လည်ခဲ့ပြီး ယူ-၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ဖူးတာပါ။

မိဘတွေက ထရီနီဒက်နဲ့ တိုဘာဂိုနိုင်ငံကဖြစ်ပြီး ဆန်ချိုလေးကို အင်္ဂလန်မှာ မွေးဖွားဖို့ ရွှေ့ပြောင်းလာခဲ့ကြတာပါ။ ဖခင်ကတော့ လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်ပြီး အင်္ဂလန်လက်ရွေးစင်ဖြစ်လာမယ့် အလောင်းအလျာလေးဟာ ချယ်လ်ဆီးအသင်းကို အရူးအမူး နှစ်သက်ခဲ့တာဖြစ်ပါတယ်။ ငယ်စဥ်ကတည်းက ဘောလုံးထူးချွန်လွန်းလို့ ကျောင်းက ဆရာတွေက သူ့ကို အင်္ဂလန်ရဲ့ အနာဂတ်သစ်အဖြစ် ​ကြိုတင်မျှော်လင့်ထားခဲ့တယ်လို့ သိရပါတယ်။

ကျောင်းဘောလုံးအသင်းမှာ ဝင်ကစားတဲ့ ဆန်ချိုက အိမ်ပြန်ရောက်ရင်လည်း လမ်းဘေးမှာ ဘောလုံးကို ထမင်းမေ့ဟင်းမေ့ ကစားတတ်သူပါ။ ဒီလိုနဲ့ လန်ဒန်ဘောလုံးနည်းပြ ဆေ့စ် ဟုံးလ်မ်-လူးဝစ္စရဲ့ ရှာဖွေတွေ့ရှိမှုကို ခံခဲ့ရတဲ့အခါ သူ့ကို ဝက်ဖို့ဒ်အသင်းမှာ ချိတ်ဆက်ပေးခဲ့ပြီး စတင်ကစားခွင့်ရလာခဲ့တယ်။

ဟဲဖီးလ်အကယ်ဒမီမှာ နေထိုင်ရင်း ယူ-၁၁ လန်ဒန်ဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ဆန်ချိုကို အသက် ၁၁ နှစ်သားမှာ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့က ကမ်းလှမ်းခဲ့ပေမယ့် နည်းပြ ဆေ့စ် ဟုံးလ်မ်-လူးဝစ္စရဲ့ သင်ပြမှုနဲ့ ကျောင်းတက်ခွင့် သဘောကျလို့ ဝက်ဖို့ဒ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သလို နေမာနဲ့ ရော်နယ်ဒင်ညိုတို့ရဲ့ ဘောလုံးကွင်းထဲမှာ ဖျော်ဖြေနိုင်စွမ်းက သူ့အိပ်မက်တွေထဲ နေ့စဥ်ရောက်ရှိလာခဲ့တယ်။

၂၀၁၅ ခုနှစ်၊ မတ်လ၊ အသက် ၁၄ နှစ်သားအရွယ်မှာ ဆန်ချိုက မန်စီးတီးလူငယ်အကယ်ဒမီကို ပေါင် ၆၆၀၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့တယ်။ သူဟာ စီနီယာအသင်းကြီးမှာ အမြန်ဆုံး ဝင်တိုးနိုင်မယ်လို့ မျှော်လင့်ခံခဲ့ရပေမယ့် ပုံမှန်ပွဲကစားခွင့်အတွက် အာမခံပေးမယ့် စာချုပ်သစ်လိုချင်တာကြောင့် ၂၀၁၇ ခုနှစ်၊ အမေရိကန် နွေရာသီခရီးစဥ်မှာ အသင်းနဲ့ လိုက်ပါဖို့ ငြင်းဆန်ခဲ့ပြီး နည်းပြ ပက်ပ် ဂွါဒီယိုလာနဲ့ သဘောထားကွဲပြဲသွားခဲ့တယ်။

၂၀၁၇၊ သြဂုတ်လမှာတော့ ထူးခြားစွာပဲ ဂျာမနီကိုသွားမယ်လို့ ပိုင်းဖြတ်နိုင်ခဲ့သလို လူငယ်တွေကို မြေတောင်မြှောက်ပေးနေတဲ့ ဒေါ့မွန်အသင်းဆီ ပေါင် ၈ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့ပြီး သူဆာလောင်နေတဲ့ ပထမလူစာရင်းအတွက် အာမခံချက်ရခဲ့တယ်။ လူငယ်ကြယ်ပွင့်လေးဟာ ၂၀၁၇ အောက်တိုဘာလမှာ ဒေါ့မွန်အသင်းအတွက် ပွဲထွက်ကစားတဲ့ ပထမဆုံး အင်္ဂလန်ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၈ နွေရာသီမှာတော့ ဒေါ့မွန်ရဲ့ခရီးစဥ်မှာ အသင်းဟောင်း မန်စီးတီးကို ၁-၀ နဲ့ အနိုင်ကစားပြီး ဂျာမန်ကလပ်မှာ ၂၀၂၂ အထိ ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့တယ်။ ၂၀၁၈ အောက်တိုလရဲ့ ဘွန်ဒက်လီဂါ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာက ၂၀၀၀ ခုနှစ်ဖွားတွေထဲက ပထမဆုံးဆုရှင်ဖြစ်လာသလို ဒီဆုကိုရတဲ့ ဒေါ့မွန်ရဲ့ အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ပြီး ကမ္ဘာ့ဘောလုံးလောကကို သူ့ရဲ့ တံခါးခေါက်သံက မြည်ဟီးလာခဲ့တယ်။

၂၀၁၈-၁၉ ရာသီရဲ့ ဘွန်ဒက်လီဂါအကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရသလို “ဂိုးဖန်တီးမှုဘုရင်”လို့ ဂျာမနီမှာ လျှမ်းလျှမ်းတောက်သွားခဲ့တယ်။ ၂၀၁၇ ခုနစ်က ယူ-၁၇ ကမ္ဘာ့ဖလားမှာ အင်္ဂလန်နဲ့အတူ ဝင်နွှဲခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၈ အောက်တိုဘာလမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်အတွက် ခရိုအေးရှားနဲ့ပွဲစဥ်မှာ ဦးဦးဖျားဖျား ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဒေါ့မွန်က ပေါင် ၈ သန်းနဲ့ ဝယ်ယူထားခဲ့တဲ့ ဆန်ချိုရဲ့ လက်ရှိစျေးကွက်တန်ဖိုးက ယူရို ၂၂၂ သန်းတန်တယ်လို့ သတ်မှတ်ခံထားရပြီး သူ့ရဲ့အအောင်မြင်ဆုံးအချိန်မှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ခြင်းဟာ ရွှေကျီးလေးဟာ ရွှေပင်နားဖို့ ဖြစ်လာပြီလားဆိုတဲ့ သုံးသပ်မှုတွေလည်းရှိနေချိန်မှာ ဒါဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို​​​ခြေရာကို တထပ်တည်းနင်းမယ့် သရဲနီသွေးသစ် ကြယ်ပွင့်လေးအဖြစ် အကြီးအကျယ်မျှော်လင့်နေကြတဲ့ အိုးထရက်ဖို့ဒ်ရဲ့ ဖိအားဝန်ကို ဖြေသိမ့်နိုင်စေမလားဆိုတာ ဆန်ချို ကျော်ဖြတ်ရမယ့် ပထမဆုံးစိန်ခေါ်မှုလို့သာ ဆိုရမှာပါ။

၂၀၀၀ ခုနှစ်ဖွားတွေထဲက ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် လက်မထောင်နိုင်ခဲ့တဲ့ ဆန်ချိုနဲ့ ယူနိုက်တက်တို့ရဲ့ ကံစပ်မှုက ဘယ်အတိုင်းအတာအထိ အောင်မြင်နိုင်မှာလဲ၊ သရဲနီတို့ရဲ့ သမိုင်းကြီးမားလှသလို ကျိန်စာဆိုးသင့်နေတဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်လိုနေတဲ့ အင်္ဂလန်သားရဲ့ ဆန္ဒတွေက ပြည့်မြောက်ပြီး ယူနိုက်တက်ရဲ့ နံပါတ် ၇ ကျိန်စာဆိုးကို ပျက်ပြယ်စေရင်း စီရော်နယ်လ်ဒိုနဲ့ တောက်ကြွားခဲ့တဲ့ ယူနိုက်တက်ခေတ်သစ်ကို ပြန်လည်မြင်တွေ့ရမှာလားဆိုတာကတော့…။

REF INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.