Premier League

ရော်နယ်လ်ဒိုရဲ့ အိုးလ်ထရက်ဖို့ဒ်အပြန်ခရီးနဲ့အတူ ပေါ်တူဂီသားတွေ ဆုံစည်းမှာလား

ပေါ်တူဂီအသင်းရဲ့ ယူရို ၂၀၂၀ က ထွက်ခွါခဲ့ရမှုဟာ မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ ပျောက်တာမှ မကြာသေး၊ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ စတင်နေပြီလည်း ဖြစ်ပါတယ်။ ယူရိုမှာ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့ သူ့အနေနဲ့ တစ်ဖက်အသင်းဂိုးရှေ့မှာ သေလောက်တဲ့ အဆုံးသတ်စွမ်းရည်တွေပြသနိုင်တုန်းအနေအထားက သူ့အသက်က ၃၆ နှစ်ရှိတယ်ဆိုတာကို မေ့ထားလို့ရလောက်တဲ့ထိပါပဲ။

တကယ်တော့ ရော်နယ်လ်ဒိုကို ခေါ်ယူလိုတဲ့ ထိပ်တန်းအသင်းကြီးတွေများပြားနေတာက အံ့ဩစရာတော့မဟုတ်ပါဘူး။ နောက်ဆုံးရသတင်းတွေအရတော့ အခြားအသင်းကြီးတွေထက် မန်ချက်စတာယူနိုက်တက်အသင်းက ‌ခြေတစ်လှမ်းသွက်နေတာပဲဖြစ်ပါတယ်။ Cult of Calcio မှာဖော်ပြချက်အရ ရော်နယ်လ်ဒိုက တစ်နှစ်လုပ်ခ အခွန်ဖြတ်ပြီး ပေါင် ၂၇ သန်း ရရှိမှာဖြစ်ပြီး လက်ရှိလစာရဲ့ တစ်ဝက်ပဲရရှိမှာပါ။

အပြောင်းအရွှေ့ကတော့ ၃၆ နှစ်သားတိုက်စစ်မှူး အပေါ်မှာပဲ မူတည်နေတာဖြစ်ပြီး လစာများမယ့် ဂျူဗင်တပ်စ်မှာ ဆက်နေမလား၊ လစာလျှော့ယူပြီး သရဲနီတို့ဆီကို ပြန်လာပြီး ပရီးမီးယားလိဂ်အရယူဖို့ တိုက်ပွဲဝင်မလားဆိုတာ သူရွေးချယ်ရမယ့်ကိစ္စပါ။
ပီအက်စ်ဂျီအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ကလည်း အခြေအနေကို စောင့်ကြည့်နေပြီးတော့ အင်္ဂလန်ကလပ်ထက် ပိုကောင်းတဲ့ ကမ်းလှမ်းချက်မျိုးပေးဖို့ စောင့်နေတာလားတော့ သူတို့ကိုယ်တိုင်ပဲ သိမှာပါ။

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်လ်ဒိုအတွက် အစားထိုးဖို့ ရှာပြီးသွားပြီလို့ သိရပြီး မန်ချက်စတာစီးတီးရဲ့ ဂါဘရီယယ် ဂျေဇူးစ်၊ ဖီအိုရင်တီးနားရဲ့ ဒူဆန် ဗလာဟိုဗစ်ခ်ျ နဲ့ ပီအက်စ်ဂျီရဲ့ မာအူရို အီကာရဒီ တို့ကို လျာထားပေမယ့် အသင်းကနေ မထွက်ဖို့တော့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ ဟွမ်မာတာကတော့ အသင်းမှာပဲ ဆက်နေရဖို့ မျှော်လင့်နေပြီး စာချုပ်သစ်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေကလည်း တစ်နှစ်သက်တမ်းတိုးဖို့ စီစဉ်နေတာကြောင့် ၂၀၁၄ ကတည်းက သရဲနီဖြစ်လာခဲ့တဲ့ စပိန်သားကို လာမယ့်ရာသီမှာလည်း မြင်ရဖို့ရှိနေသေးတာပါ။ ဂျေဒန်ဆန်ချို ရောက်ရှိလာတာကြောင့် တိုက်စစ်အတွက် ကစားခွင့် နည်းသွားနိုင်ပေမယ့် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားပုံလည်းရပါတယ်။

Eurosport ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းက ကွင်းလယ်အင်အားဖြည့်တင်းဖို့အတွက် ဝုဗ်ကွင်းလယ်လူ ဟူဘင် နဲဗက်စ်ကို ခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းနဲ့ ပေါင် ၃၅ သန်းဝန်းကျင်ပမာဏနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတဲ့ သူ့ကို ဂန်းနားတို့နဲ့အပြိုင် ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အသင်းရဲ့ ကွင်းလယ်မှာ လက်ရှိ ဖရက်ဒ်၊ စကော့ မက်တော်မနေး၊ နီမန်ဂျာ မာတစ်ခ်ျ၊ ပေါ့ဘာ တို့ကို ဦးစားပေးအသုံးပြုနေရတာပါ။

သူနဲ့ ရော်နယ်လ်ဒိုသာ မန်ချက်စတာယူနိုက်တက်ကို ရောက်လာခဲ့ရင် ပေါ်တူဂီတွဲလုံးတွေ မြင်ရမှာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဘရူနိုဖာနန်ဒက်စ် – နဲဗက်စ် – CR7 ဆိုပြီး ၃ ယောက်သား ပရီးမီးယားလိဂ် အရယူသွားမလား‌ဆိုတာ မျှော်လင့်ရင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.