Premier League

အဂွေရိုရဲ့ ခပ်ချာချာ ပင်နယ်တီအတွက် တိုက်စစ်မှူးဟောင်းတွေ ဘာပြောခဲ့ကြသလဲ

ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ အနိုင်ပြတ်သားသွားစေနိုင်တဲ့ ပင်နယ်တီကို ချော်ကန်ခဲ့တဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဆာဂျီယို အဂွေရိုတစ်ယောက် ပရိသတ်တွေကိုပါ တောင်းပန်ခဲ့ရချိန်မှာ တိုက်စစ်မှူးဟောင်းတွေက ပါနင်ကာ ကန်ချက်နဲ့ ကန်ဖို့ ရွေးချယ်ခဲ့တဲ့ ပုံစံကို ဝေဖန်ပြောကြားခဲ့ကြပါတယ်။

သူ့ရဲ့ နောက်ဆုံးအစ်တီဟတ်ရာသီမှာ ဆုဖလားတွေနဲ့ အောင်ပွဲခံနိုင်ခွင့် ရှိနေတဲ့ အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ် ၁၁ ပွဲနဲ့ ချန်ပီယံလိဂ် ၆ ပွဲ ကစားထားပြီးချိန်မှာ ပြိုင်ပွဲတစ်ခုကို နှစ်ဂိုးစီသာ အားပေးထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ ပါနင်ကာကို ကန်ပြီး ဂိုးသမားကို လှည့်စားဖို့ လုံလောက်မှုမရှိတဲ့ ကိုယ်ဟန်ကြောင့် ပြိုင်ဘက်ဂိုးသမား အေဒူယာ မန်ဒီက လဲနေရာက ထပြီး ပြန်ဖမ်းနိုင်ခဲ့သလို အသင်းအနေနဲ့ အလဲထိုးနိုင်မယ့် အခွင့်အရေးကို လွှင့်ပစ်ခဲ့မိပြီး ဒုတိယပိုင်းမှာ ပြန်ပေးခဲ့ရတဲ့ ဂိုးနှစ်ဂိုးနဲ့ အရှုံးပေါ်ခဲ့ရတာပါ။

နောက်ပိုင်းမှာ ပရိသတ်တွေကို တောင်းပန်ခဲ့ရတဲ့ အဂွေရိုကို ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ်ကတော့ အားပေးသွားခဲ့ပြီး သူ့တုန်းက ဂျမေကာနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဟက်ထရစ်ရနိုင်တဲ့ ပင်နယ်တီကို ကန်ပြီး ရိုဘော့လို ထပ်ပြီးကမယ်လို့ စိတ်ကူးခဲ့ပေမယ့် သူကန်လိုက်တဲ့ ပါနင်ကာကန်ချက်က စထရက်ဖို့ဒ်အန့်ဒ် ပွဲကြည့်စင်ပေါ် ရောက်သွားခဲ့တယ်လို့ အလွဲကို ပြန်ပြောပြသွားခဲ့ပါတယ်။

ခရောက်ချ်က စီးတီးတို့အတွက် နောက်ဆုံး ပင်နယ်တီ ၁၀ လုံးမှာ ၈ လုံးဝင်အောင် ကန်သွင်းပေးထားခဲ့တဲ့ ဂိုးသွင်းဘုရင်ဟာ ဒီလိုမျိုးကန်ပြီး ဖြုန်းတီးပစ်ဖို့တော့ ရည်ရွယ်ချက်ရှိမှာ မဟုတ်ဘူးလို့ ကစားသမားဘက်က ကာကွယ်သွားခဲ့ပြီး သူ့တုန်းကတော့ ဒီပင်နယ်တီကို မဝင်ခဲ့ပေမယ့် ပွဲပြီးခါနီးဂိုးနဲ့ ဟက်ထရစ်ရခဲ့ချိန်မှာ နောင်တရစရာမျိုး မကြုံခဲ့တာကြောင့် အဂွေရိုရဲ့ ခံစားမှုကို စာနာမိတယ်လို့ ဆိုသွားခဲ့တာပါ။

နောက်ထပ် တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ ခရစ္စ ဆပ်တန်ကတော့ အဂွေရိုအနေနဲ့ ဒါဟာ လုပ်သင့်တဲ့ ကိစ္စ ဟုတ်မဟုတ်ဆိုတာ အခြေအနေနဲ့ အချိန်အခါအပေါ် မူတည်စဉ်စားသင့်တယ်လို့ အဆုံးအဖြတ်ပေးလိုက်ပြီး သူ့တုန်းက ဆဲလ်တစ်အသင်းမှာ ဒါမျိုးကန်ချက်ကို ဝင်အောင်ကန်နိုင်ခဲ့ပေမယ့် အသင်းက ၄-၀ နဲ့ နိုင်နေတဲ့ အချိန်မျိုးကို စောင့်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

သူက ဂိုးမသွင်းနိုင်ရင် ဆဲလ်တစ်နည်းပြ မာတင် အိုနီးလ်ရဲ့ အထုအထောင်းကို ခံရတော့မှာကို သိရက်နဲ့ စွန့်စားခဲ့ရတာဖြစ်ပြီး ဒီလိုနေရာမှာ မဝင်ခဲ့ရင် ခွင့်လွှတ်ပေးမယ့် နည်းပြရဲ့ သဘောထားကြီးမှုက အရေးပါတယ်လို့ဆိုသွားခဲ့သလို ပက်ပ် ဂွါဒီယိုလာအနေနဲ့တော့ သူ့ကစားသမားကို ခွင့်လွှတ်ရင်တောင် အဂွေရိုအနေနဲ့ မန်စီးတီးကစားသမားဘဝ အဆုံးသတ်ခါနီးမှာ လုပ်ခဲ့တဲ့ ရွေးချယ်မှုကတော့ အမှားတစ်ခုပဲဖြစ်တယ်လို့ သုံးသပ်သွားခဲ့ကြောင်း သိရှိရပါတယ်။