Premier League

မြွေမြွေချင်းခြေမြင်တဲ့ တူဟယ်လ်က UCLဖိုင်နယ်မှာသုံးမယ့် နည်းဗျူဟာတွေ​ကို လက်ဆောင်ပေးခဲ့တယ်လို့ ပပ်နောက်ပြောင်

ဥရောပရဲ့ ချန်ပီယံလိဂ် ဘီလူးကြီးတွေဖြစ်တဲ့ PSG နဲ့ ရီးရလ်မက်ဒရစ်တို့ကို အသီးသီးဖြုတ်ချခဲ့တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို all-English Final အဖြစ် အသွင်ပြောင်းလဲပြီး တူဟယ်လ်နဲ့ပပ်က ပရီးမီးယားလိဂ်ကို တဆင့်မြင့်စေခဲ့တယ်လို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ရက်က ပရီးမီးယားလိဂ်ရဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ရဲ့ပွဲအပြီးမှာ နည်းပြနှစ်ဦးဟာ မြွေမြွေချင်းခြေမြင်ခဲ့ကြလို့ နောက်ကလိုက်ကစားပြီး Come Back နိုင်ပွဲရယူခဲ့သလို အီတီဟတ်ရဲ့ချန်ပီယံတေးသံတွေကို နှောင့်နှေးစေခဲ့တာလည်း ဖြစ်သလို တူဟယ်လ်ရဲ့လက်စွမ်းပြခြင်းကို ခံလိုက်ရတဲ့ ပပ်အတွက် ချန်ပီယံလိဂ်အကြို သင်ခန်းစာလည်းဖြစ်ခဲ့တယ်။

ဒီပွဲမစတင်မီမှာ ပပ်နဲ့ တူဟယ်လ်တို့ဟာ သီးသန့်စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြခြင်းကို မြင်တွေ့ခဲ့ရပြီး ဒါနဲ့ပတ်သက်လို့ ပွဲအပြီးမှာ ပပ်ကို မေးမြန်ရာမှာတော့ တူဟယ်လ်က ချန်ပီယံလိဂ်ဖိုင်နယ်အတွက် နည်းဗျူဟာတွေကို လက်ဆောင်ပေးခဲ့တယ်လို့ ရယ်ရယ်မောမော နောက်ပြောင်သွားခဲ့ပါတယ်။

မေလမှာ ချန်ပီယံလိဂ်သရဖူဆောင်းဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ပပ်အတွက် တူဟယ်လ်ကို နောက်ဆုံး ၂ ပွဲဆက် အရေးနိမ့်မှုက သူ့အတွ​က် အဓိကစိန်ခေါ်မှု ကြီးကြီးမားမား ရှိလာမှာဖြစ်ပြီး တူဟယ်လ်ကို ပတ်ပတ်နပ်နပ်ကျောဖို့ နည်းဗျူဟာအသစ်တွေကို စီမံနေလောက်ပြီ ဖြစ်ပါတယ်။

ပပ်အနေနဲ့ ချယ်လ်ဆီးကို အရေးနိမ့်ပြီး ၃ မှတ်ဆုံးခဲ့ပေမယ့် သူ့အသင်းကစားပုံက တူဟယ်လ်ရဲ့အသင်းထက် ပိုကောင်းခဲ့ကြောင်း အဲဒီပွဲအပြီးမှာ ချေပခဲ့ပြီး အဂွယ်ရိုရဲ့ ပင်နယ်တီလွဲချော်မှုကြောင့်သာ ပွဲကိုစောစောမသတ်နိုင်ဘဲ နစ်နာခဲ့ရကြောင်း ခံယူထားတာပါ။

” ဒီပွဲက အတော်လေးခက်ခဲခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ကစားတာ အတော်ကောင်းမွန်ခဲ့တယ်။ ချယ်လ်ဆီးဆိုတာ ထိပ်သီးအသင်းပါ။ ကျွန်တော်တို့ကတော့ ပိုကောင်းအောင် ကစားခဲ့တယ် ”

” ပထမပိုင်းနောက်ဆုံးမိနစ်မှာ ကျွန်တော်တို့ ပင်နယ်တီမဝင်ခဲ့တာက တအားနစ်နာခဲ့တယ်။ ကျွန်တော်တို့က ဂိုးသွင်းနိုင်ဖို့ ပိုအခြေအနေကောင်းခဲ့ပေမယ့် တကယ်တမ်းမှာတော့ ချယ်လ်ဆီးက နောက်ကျအနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တယ်။ ” လို့ ပပ်က ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် တူဟယ်လ်ကလည်း မိမိအသင်းဟာ ချေပဂိုးရပြီးတာနဲ့တပြိုင်နက် မန်စီးတီးရဲ့လည်မျိုကို မလွှတ်တမ်း ကိုက်ခဲထားပြီး တရစပ်တိုက်စစ်ဆင်ခဲ့ကြောင်း၊ မိမိတို့အသင်းရဲ့စုစည်းမှုနဲ့ အသင်းလိုက်စိတ်ဓာတ်ကို ပပ်ရဲ့အသင်း​က လက်နက်ချခဲ့ရတာဖြစ်ကြေင်း တုံ့ပြန်သွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.