Premier League

ကျရှုံးနေတဲ့ အန်ဖီးလ်မြေက ပြဿနာကို ဖြေရှင်းဖို့ ကလော့ပ် မဖြစ်မနေ အထူးအားကိုးရတော့မယ့် ကစားသမား ၂ ဦး

လီဗာပူးလ်အသင်းရဲ့ လိဒ်စ်နဲ့ပွဲ ဒုတိယပိုင်းစွမ်းဆောင်ရည်က စိတ်ပျက်စရာအတိဖြစ်ခဲ့တယ်။ အခွင့်အရေးတွေ အများကြီး လွဲချော်ပြီး ရသင့်တဲ့ ဂိုးတွေကို ဆုံးရှုံးခဲ့ရတာက အတော်လေး အားမလိုအားမရဖြစ်စရာ ကောင်းခဲ့တယ်။

ဒုတိယပိုင်းမှာ အရန်ခုံက ထလာတဲ့ မိုဆာလားက အဆုံးသတ်ပိုင်းမှာ အားနည်းနေခဲ့လို့ လီဗာပူးလ်က ဦးဆောင်ထားတဲ့ တလုံးတည်းသောဂိုးနဲ့ပဲ ပွဲသိမ်းပြီး ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တော့မယ်လို့ ထင်နေဆဲမှာပဲ လိဒ်စ်ရဲ့ခေါင်းတိုက်ချေပဂိုးကို ခွင့်ပြုလိုက်ရတယ်။ ကလော့ပ်ကို လက်မှိုင်ချသွားစေခဲ့တယ်။

ခံစစ်က လူကပ်ထားခြင်းမရှိဘဲ အာရုံစူးစိုက်မှုမရှိချိန်မှာ ခပ်လွယ်လွယ်လေး ပေးခဲ့ရတာဖြစ်သလို ဒါဟာ ပွဲချိန်ရှေ့ပိုင်းမှာ တိုက်စစ်ပိုင်းရဲ့ ဂိုးသွင်းမသေချာမှုတွေနဲ့ ဖြုန်းတီးမှုတွေကြောင့် ပေးဆပ်ခဲ့ရပြီး ရမှတ် ၂ နစ်နာခဲ့တာလို့လည်း ဆိုနိုင်တယ်။

တချက်ဆို တချက် အပိုင်ဆုံးဂိုးသွင်းရမယ့် သေရေးရှင်ရေး အ​ခြေအနေမှာ လိဒ်စ်နဲ့ပွဲကို မေ့လိုက်ပြီး အန်ဖီးလ်မြေက အက်စတန်ဗီလာပွဲကို ပြန်အမှတ်ရ၊ ပုံဖော်ပြီး ရာသီသိမ်းတဲ့အထိ လီဗာပူးလ်က လုပ်ဆောင်ဖို့လိုနေတယ်။ ရသင့်တဲ့အချိန်မှာ ဂိုးရခြင်းက အင်မတန်အရေးကြီးပါတယ်။

လီဗာပူးလ်သရေကျချိန်မှာ ချယ်လ်ဆီးကလည်း သရေကျခဲ့ပြီး ဝက်ဟမ်းကလည်း ရှုံးသွားလို့သာ အဆင့် ၄ တိုက်ပွဲက ကလော့ပ်တို့အုပ်စုရဲ့ တချက်အမှားနဲ့ ဇာတ်မသိမ်းခဲ့တာဖြစ်ပြီး ဆက်လက်ရှင်နေခဲ့တာကို သတိပြုရမယ်။ တပွဲချင်းစီတိုင်း ဂိုးရမှဖြစ်တော့မယ့် အခြေအနေပါ။

ဒီပြဿနာကို ဖြေရှင်းဖို့ ကလော့ပ်အထူးအားကိုးရမယ့် ကစားသမားက ဒီယိုဂို ဂျိုတာရှိနေပြီး ဂိုးလိုတဲ့ပွဲတိုင်းမှာ သူ့ကို ပွဲထွက်ကစားစေသင့်တယ်။ မိုဆာလား၊ ဖာမီနိုတို့ဟာလည်း ဂိုးသွင်းနိုင်စွမ်းရှိနေပေမယ့် ဂျိုတာရဲ့ဂိုးမြူးမှုက အထူးအားကိုးလာရဖို့ ရှိနေတယ်။

ကလော့ပ်အားကိုးရမယ့် နောက်တယောက်က မာနေးပါ။ သူက ဂိုးမိုးခေါင်မှုကို ရပ်တန့်ပစ်လိုက်တဲ့နောက်မှာတော့ တိုက်စစ်မှူးတယောက်ရဲ့ မောင်းနှင်မှုဖြစ်တဲ့ ဂိုးဆာလောင်မှုတွေက အပြင်းထန်ဆုံးအခြေအနေကို ပိုင်ဆိုင်ထားမှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ သူ့ဆီက ဂိုးသွင်းလိုစိတ်ကို ထုတ်ယူသုံးစွဲပြီး အတိတ်မှာ သူလုပ်ပြခဲ့ဖူးတဲ့အတိုင်း လုပ်ပြနိုင်မယ်လို့ ယုံကြည်မှုအပြည့်ပေးနိုင်မှသာ အဆင့် ၄ က ကလော့ပ်မျက်နှာမပျက်ရမယ့် အောင်မြင်မှုဖြစ်လာမှာဖြစ်ကြောင်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.