Premier League

အဲဗာတန် ဝ-၂ မန်စီးတီးပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

FA ဆီမီးအဆင့်ကို ၃ နှစ် တက်ရောက်တဲ့ မန်စီးတီး
မန်စီးတီးအသင်းက ကွာတားဖိုင်နယ်မှာ အဲဗာတန်ကို ထိုက်ထိုက်တန်တန် အနိုင်ယူပြီး FA ဖလား ဆီမီးဖိုင်နယ်အဆင့်ကို ၃ နှစ်ဆက် တက်ရောက်သွားခဲ့တယ်။ ဒီပွဲမှာ ဂွာဒီယိုလာ လူစာရင်းကို အများကြီးအပြောင်းအလဲလုပ်ပြီး ပွဲထွက်လာတယ်။ ပုံမှန်ပွဲထွက်ခွင့်ရ ကစား သမား ၅ ဦးသာ အထိုင်ချကာ ပါဝင်လာပြီး လူစာရင်းထုတ်လာတယ်။ ၈၄ မိနစ်က ဂန်ဒိုဂန်ရဲ့ အဖွင့်ဦးဆောင်ဂိုး၊ မိနစ် ၉၀က ကီဗင် ဒီဘရိုင်းနားရဲ့ ပွဲသိမ်းဂိုးတွေနဲ့ မန်စီးတီးက အဲဗာတန်ရဲ့ ကျောက်ချခံစစ်ကို သတ်ပစ်ပြီး ပြိုင်ပွဲစုံ အဝေးကွင်း ၁၇ ပွဲဆက် ရှုံးပွဲမရှိ ကလပ်အသင်းရဲ့မှတ်တမ်းသစ်ကို ရေးထိုးသွားတယ်။

ဖလား ၄ လုံးလမ်းကြောင်းပေါ်က မန်စီးတီးရဲ့အိပ်မက်
ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာက ယူနိုက်တက်ကို ၁၄ မှတ်ဖြတ်ထားတဲ့ မန်စီးတီးအသင်းက ပြည်တွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခွင့်အရေးအရမ်းကောင်းနေသလို ပြည်တွင်းလိဂ် ကာရာဘောင်းဖလားရဲ့ ဗိုလ်လုပွဲကို တက်ရောက်ထားပြီးဖြစ်တယ်။ လက်ရှိမှာ FA ဖလား ဆီမီးအဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်လာပြီး FA ဖလားချန်ပီယံဖြစ်ဖို့ ခြေတလှမ်းထပ်တိုးလာသလို ချန်ပီယံလိဂ် ကွာတားအဆင့်မှာ ဒေါ့မန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ရှိနေတယ်။

၂၀၁၅-၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ဖို့ မန်စီးတီးရဲ့အခြေအနေက အရမ်းကောင်းနေတယ်လို့ သတ်မှတ်ခံထားရတယ်။ ဒါ့အပြင် တနှစ်အတွင်း ပြည်တွင်းဖလား ၃ လုံး ဆွတ်ခူးထားတဲ့ ပထမဆုံး အင်္ဂလန်ကလပ်အသင်းအဖြစ် ရပ်တည်နေတဲ့ မန်စီးတီးဟာ အင်္ဂလန်မှာ ဖလား ၄ လုံးချန်ပီယံဖြစ်လာမယ့် ပထမဆုံးအသင်းဖြစ်လာဖို့ အလားအလာအရမ်းကောင်းနေတဲ့ အိပ်မက်တခုကို ပိုင်ဆိုင်ထားနေပြီဖြစ်တယ်။ ဂွာဒီယိုလာက ဖလား ၄ လုံးလမ်းကြောင်းပေါ်က မန်စီးတီးကို အင်္ဂလန်သမိုင်းရဲ့ ပထမဆုံး ဖလား ၄ လုံးချန်ပီယံအနေနဲ့ ပဲ့ကိုင်ရှင်ဖြစ်လာဖို့ အလွန်နီးစပ်နေတာကို တွေ့ရသလို သူကိုယ်တိုင်ကလည်း မိမိအသင်းရဲ့ လက်ရှိအခြေအနေကို သိပ်ပြီးကျေနပ်အားရနေပြီး မျှော်လင့်ချက်အပြည့်အဝနဲ့ နှစ်ထောင်းအာရနေကြောင်း ဆိုထားပြီဖြစ်ပါတယ်။

ကျောက်ချတဲ့အန်ဆလော့တီ အလုပ်ဖြစ်ခဲ့ပေမယ့် ပိုကောင်းတဲ့အသင်းက အနိုင်ရခဲ့ခြင်း
အဲဗာတန်က ဒီပွဲမှာ တိုက်စစ်ကို လုံးဝပစ်ချပြီး ခံစစ်ပိုင်းသီးသန့်ကစားဖို့ ပြင်ဆင်လာတာဖြစ်တယ်။ ကယ်လ်ဗတ်လူဝင်ကို တိုက်စစ်မြှားဦးမှာထားပြီး သူ့ရဲ့ရုပ်ပိုင်းကြံ့ခိုင်မှုခွန်အားကို အသုံးချကာ မန်စီးတီးကို အလစ်အငိုက်ထိုးနှက်ဖို့သာ အာရုံစိုက်ခဲ့တယ်။ ခံစစ်ကိုကျောက်ချပြီး ဟာကွက်မရှိ လုံနေအောင် ပိတ်ဆော့သွားခဲ့တယ်။ နည်းဗျူဟာအရတော့ ဒါကအလုပ်ဖြစ်ခဲ့ပြီး တကွင်းလုံးကို အပိုင်စားရထားတဲ့ မန်စီးတီးက ပွဲချိန် ၈၄ မိနစ်မတိုင်မီအထိ တိုက်စစ်မှာ ထွက်ပေါက်ပိတ်ပြီး ဂိုးပေါက်ပျောက်ဆုံးနေခဲ့တယ်။ မန်စီးတီးဘက်က ဘောလုံးကို အသာစီးကိုင်စေဖို့ အဲဗာတန်က လွတ်လွတ်ကျွတ်ကျွတ် ခွင့်ပြုထားခဲ့တယ်။ ပွဲချိန် ၈၄မိနစ်မှာတော့ အဲဗာတန်ရဲ့ ကစားပွဲအစီအမံက အလုံးစုံပျက်စီးသွားခဲ့တယ်။ အဖျက်ဆီးခံလိုက်ရတယ်။ ဒီပွဲကို အဆုံးအဖြတ်ပေးသွားတာက ဂန်ဒါဂန်နဲ့ ကီဗင် ဒီဘရိုင်းနားတို့လို ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့ သွင်းဂိုးတွေပဲဖြစ်တယ်။

ပွဲကို အလှည့်အပြောင်းနိုင်နင်းတဲ့ ကီဗင် ဒီဘရိုင်းနား
လက်ရှိဘောလုံးရာသီမှာ မန်စီးတီးရဲ့ အဓိကက်စားသမား ဒီဘရိုင်းနားက ဒဏ်ရာပြန်လာပြီးနောက်မှာ အသင်းနဲ့ အရင်က နဂိုပုံစံအတိုင်း တသားတည်ပြန်ဖြစ်လာပါပြီလို့ အတပ်ဆိုနိုင်ပါတယ်။ မန်စီးတီးရဲ့ဝင်ရိုးက ဒီဘရိုင်းနားနဲ့ လည်ပတ်နေခဲ့တာပါ။ ဒီပွဲမှာ ဂွာဒီယိုလာက အရေးကြီးပွဲစဉ်တွေအတွက် သူ့ကို အနားပေးထါးခဲ့ပေမယ့် အသင်း ဂိုးလိုအပ်နေချိန်မှာ အရန်ခုံကနေ ထလာခဲ့ရတယ်။ သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ဘောလုံးဦးနှောက်ကို အသုံးချပြီး အဲဗာတန်ရဲ့ ကျောက်ချထားတဲ့ ခံစစ်ကို ဖြိုဖျက်ခဲ့တယ်။ ဂန်ဒိုဂန်ရဲ့ အဖွင့် ပထမဂိုးရအောင် ပညာသားပါပါ လုပ်ဆောင်ခဲ့သလို ပွဲသိမ်းဂိုးကို ကိုယ်တိုင်သွင်းယူခဲ့တာပါ။ ပွဲကို အလှည့်အပြောင်းနိုင်နင်းတဲ့ ကီဗင် ဒီဘရိုင်းနားဟာ မန်စီးတီးရဲ့ အသက်ရတနာတပါးလို့ဆိုရင် မလွန်နိုင်ပါဘူး။

ဆုံးဖြတ်ချက်မပြတ်ဘဲ ရုန်းကန်နေရဆဲ ရာဟင်းမ် စတာလင်
စတာလင်အကြောင်းကိုပြောရင် သူက မနှစ်က မန်စီးတီးအသင်းရဲ့ အပြောင်မြောင်ဆုံးကစားသမားလို့ သတ်မှတ်ခံထားရတယ်။ လွန်ခဲ့တဲ့ရာသီမှာ အတော်လေးခြေစွမ်းပြခဲ့တယ်။ ပြိုင်ပွဲစုံ ၃၁ ဂိုးအထိ သွင်းယူခဲ့တယ်။ ကောင်းခဲ့တယ်။ ဒီရာသီမှာတော့ မန်စီးတီးမှာ ပထမလူစာရင်းကနေ မကြာခဏ ချန်လှပ်ခံရတဲ့အထိ သူ့စွမ်းဆောင်ရည်က ကျဆင်းသွားတယ်။

အသင်းကို မနှစ်ကလောက် အကျိုးမပြုနိုင်တော့ဘူးဖြစ်လာတယ်။ မန်စီးတီးရဲ့ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ ပထမလူစာရင်း XI အဖြစ်ရွေးချယ်ခံရတယ်။ ရှင်းရှင်းပြောရရင်တော့ နေရာပျောက်လာပါပြီ။ အခု အဲဗာတန်နဲ့ပွဲမှာတော့ အဓိက ကစားသမားတွေ အနားပေးခံရချိန်မှာ ဂွာဒီယိုလာက သူ့ကို အခွင့်အရေးပေးခဲ့တယ်။ ဒါပေမယ့် ကစားသွားတဲ့ခြေစွမ်းအရ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေမပြနိုင်ခဲ့ဘူး။ ဆုံးဖြတ်ချက်ချက်မပြတ်သားမှုတွေနဲ့ ဂိုးအခွင့်အရေးအတော်များများကို အဆုံးမသတ်နိုင်ခဲ့တာက အပြစ်ပြောစရာပါ။ စတာလင် ဂိုးပေါက်ပျောက်တာဟာ အာဆင်နယ်ကို ဂိုးသွင်းပြီးနောက်ပိုင်း တလကျော်လာခဲ့ပါပြီ။

မန်စီးတီးရဲ့ ဂိုးသွင်းအများဆုံးဖြစ်လာသူ ဂန်ဒိုဂန်
လက်ရှိဘောလုံးရာသီမှာ မန်စီးတီးရဲ့ ဂိုးသွင်းအများဆုံးကစားသမားကို လက်ညှိးညွှန်ပြရင် သူက ဂန်ဒိုဂန်ပါ။ ဒါက ဘောလုံးပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေပါတယ်။ ဒီနေ့ အဲဗာတန်ပွဲက သွင်းဂိုးအပါအဝင် သူက ၃၄ ပွဲကစားပြီး မန်စီးတီးအတွက် ၁၆ဂိုး သွင်းယူထားပြီးဖြစ်တယ်။ ပိုပြီး အံ့အားသင့်သွားစေတာက သူဟာ ဒီဇင်ဘာလအလယ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ မတိုင်မီအထိ ဒီရာသီ ပရီးမီးယားလိဂ်မှာ တဂိုးမှ မရရှိထားသေးသူဖြစ်နေတာပါ။

မန်စီးတီးရဲ့ ဒဏ်ရာအကျပ်အတည်းကြောင့် အဓိကတိုက်စစ်မှူးတွေ လွဲချော်ရချိန်မှာ ဂန်ဒိုဂန်အတွက် အချက်ဖြစ်လာခဲ့ပြီး ဂွာဒီယိုလာက သူ့ကို တိုက်စစ်ပိုမိုလိုက်ပါစေပြီး ရှေ့တက်ကစားစေခဲ့တယ်။ ဒါက အလုပ်ဖြစ်ခဲ့တာထက် ပိုခဲ့တယ်။ မန်စီးတီးရဲ့ခြေစွမ်းကိုပါ ထောင်တက်သွားစေခဲ့ပြီး သွင်းဂိုးတွေအတွက်ပါ စိတ်ချလက်ချဖြစ်လာတယ်။ ဂန်ဒိုဂန်က သူ့ရဲ့နေရာအသစ်၊ တာဝန်အသစ်မှာ ချက်ချင်း အံဝင်ပြီး ခြေစွမ်းပြတဲ့အပြင် သူ့ရဲ့နစ်မြှုပ်နေတဲ့ အဆုံးသတ်အရည်အသွေးကိုပါ ထုတ်ယူ သုံးစွဲနိုင်ခဲ့တာက မန်စီးတီးပရိသတ်တွေအတွက် အားကိုးစရာ ကစားသမားဖြစ်လာသလို အင်မတန်အားရစရာပါ။

ပုံစံအမှန်နဲ့ ပြန်လည်တည်ငြိမ်သွားတဲ့ မန်စီးတီးခံစစ်
ယူနိုက်တက်နဲ့ စိန့်အသင်းတို့ကို ၂ ပွဲဆက်၊ ၄ ဂိုးပေးခဲ့ရတဲ့ မန်စီးတီးခံစစ်ဟာ အသင်းရဲ့စံနှုန်းနဲ့ ယှဉ်ထိုးကြည့်ရင် အနည်းငယ်ယိမ်းထိုးသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပေမယ့် တဖက်မှာတော့ မန်စီးတီးဟာ တပတ်အတွင်း ဖူလ်ဟမ်၊ မိုချန် ဂလာဘတ်၊ အဲဗာတန် အသင်းတို့နဲ့ ၃ ပွဲဆက် ကစားပြီး ၃ ပွဲဆက် Clean Sheet ပေးဂိုးမရှိ ယူသွားခဲ့တာက အထူးတလည် ကျေနပ်စရာပါ။ မန်စီးတီးဟာ ကိုယ်ပိုင်ပုံစံအစစ်မှန်နဲ့ ပြန်လည်တည်ငြိမ်သွားပြီဖြစ်တယ်။ တောင့်တင်းကျစ်လျစ်သလို တပြိုင်နက်တည်းမှာ ပေါက်ကွဲအားပြင်းပြီး ထောင့်စေ့တဲ့ ခြေစွမ်းနဲ့ ကစားပုံစွမ်းဆောင်ရည်ကို ပြသနေတာပါ။ ဒီကစားအားက မန်စီးတီးရဲ့ ဖလား ၄ လုံးအိပ်မက်ကို ရုပ်ပုံကားချပ် ပုံဖော်ပေးသွားမှာဖြစ်တယ်လို့ ယူဆမိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.