Match Report Premier League

ပွဲကြိုပြောထားခဲ့တဲ့အတိုင်း အစ်တီဟတ်မှာ မန်စီးတီးကို အနိုင်ယူတဲ့ ဆိုးလ်ရှား

ဒီဘရိုင်းနား ပြန်လည်ပါဝင်လာချိန်ကစပြီး ရလဒ်တွေ ကျဉ်းမြောင်းလာခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ သူတို့ရဲ့ အားနည်းချက်ကို သတိမူမိပုံ မရဘဲ စိတ်ဓာတ်ကောင်းကောင်းနဲ့ ရင်ဆိုင်လာတဲ့ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ရာမှာ ပွဲချိန် ၃၅ စက္ကန့်မှာကတည်းက ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ဂိုးဧရိယာထဲ ဆင်းပြီး မာစီယယ်လ်ကို ဝင်ဖျက်တဲ့ ဂျေဆူးစ်ကြောင့် ပင်နယ်တီ ပေးခဲ့ရတာပါ။

ဒီအခွင့်အရေးကိုတော့ ဘရူနို ဖာနန်ဒက်စ်က သူ့ရဲ့ အသင်းကြီးတွေနဲ့တွေ့တိုင်း ရလဒ်မကောင်းဘူးလို့ အပြောခံနေရတာကို ချေဖျက်တဲ့အနေနဲ့ အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးမှာ စီးတီးဂိုးသမား အီဒါဆန် ကြိုးစားပုတ်ထုတ်ခဲ့ပေမယ့် အနည်းငယ်နောက်ကျခဲ့လို့ လက်နဲ့ထိပြီး ဝင်သွားခဲ့တာဖြစ်သလို ပွဲချိန် ၂ မိနစ်မှာ ယူနိုက်တက်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ဒီလိုနဲ့ ပထမပိုင်းမှာ ယူနိုက်တက်ဘက်က နှစ်ပွဲဆက်တိုက် ဂိုးဖမ်းခွင့်ရတဲ့ ဟန်ဒါဆန်ကို သွေးတိုးစမ်းရုံသာ တတ်နိုင်ခဲ့တဲ့ စီးတီးတို့အနေနဲ့ ဇင်ချန်ကိုရဲ့ ဧရိယာထိပ်ကန်ချက်တစ်ခုသာ ရင်ခုန်စရာရှိခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးမှန်း ဖြုန်းတီးမှန်း မကွဲတဲ့ မာရက်ဇ်ကတော့ Final Third မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို မဖန်တီးနိုင်ဘဲ ပရိသတ်တွေအတွက် ဒါဘီဆိုတာ ဘာလဲသိပါတယ်ဆိုတာ အလကားပဲဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ဒီဘရိုင်းနားရဲ့ ဖရီးကစ်ကို ဟန်ဒါဆန် ဘားပေါ်ကို ကျော်ပုတ်ခဲ့ရပြီး မာရက်ဇ်ရဲ့ကန်ချက် တိုင်ဘေးထွက်လာတာကို ပိတ်သွင်းဖို့ ကြိုးစားတဲ့ ဂျေဆူးစ်ကလည်း လူကျွံနေခဲ့တာကြောင့် စီးတီးတို့ရဲ့ ချေပဂိုးရှာဖွေမှုကတော့ သဲထဲရေသွန်ဖြစ်နေခဲ့ပြီး ပွဲတစ်ဝက်မှာတော့ ယူနိုက်တက်တို့က ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် မိနစ် ၅၀မှာတော့ ဒီဘရိုင်းနားနဲ့ ကန်ဆယ်လိုတို့ရဲ့ မပီပြင်တဲ့ Pressing ကို လုခ်ရှောက ဖြတ်ကျော်ဆွဲပြေးသွားခဲ့ပြီး Technical Foul လိုက်လုပ်ဖို့ စီးတီးကစားသမားတွေ မေ့နေကြချိန်မှာ ရက်ရှ်ဖို့ဒ်နဲ့ ဝမ်းတူးရိုက်ခဲ့ပြီး ဧရိယာထဲမှာ ဘောလုံးပြန်ရခဲ့တဲ့ အင်္ဂလန်ဘယ်နောက်ခံလူက ဝင်ဖျက်ဖို့ တိုင်မင်အောက်နေတဲ့ နောက်တန်းသုံးယောက်ကြားက အနိမ့်ဘောကန်သွင်းခဲ့ရာမှာ အဝေးတိုင်ခြေကို ဝင်သွားခဲ့ပြီး အီဒါဆန်ကို ငုတ်တုတ် မေ့စေခဲ့သလို ယူနိုက်တက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်စေခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ ဒီလောက်ဖြစ်နေတာတောင်မှ သူ့ရဲ့ ကစားကွက်ကို ပြင်ဆင်ဖို့ သတိမရဘဲ နည်းဗျူဟာကို မပြောင်းဘဲ လူတွေကိုသာ တိုက်ရိုက်လဲလှယ်ခဲ့သလို ဝေါ်လ်ကာနဲ့ ဖိုဒန်ကို ကန်ဆယ်လိုနဲ့ ဂျေဆူးစ်တို့ နေရာမှာ ထည့်သွင်းခဲ့ပြီး ဘာနာဒို ဆေးလ်ဗားနဲ့ ဖာနန်ဒင်ညိုလို ကစားသမားတွေကို သတိတောင် မရခဲ့တာကိုလည်း တွေ့ရသလို သူ့ကို အကြံပေးနိုင်တဲ့ အာတီတာလိုလူမျိုးကို လက်လွှတ်လိုက်ရချိန်မှာ In Match Decision တွေ အလုပ်မဖြစ်တော့တာကိုလည်း မြင်ခဲ့ရပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ မက်တော်မီနေး အဖျက်ခံရတာကို ဖရီးကစ်လို့ ထင်နေတုန်းမှာ Advantage အဖြစ် လွတ်လွတ်ကျွတ်ကျွတ် ဘောလုံး ရသွားခဲ့တဲ့ မာစီယယ်လ် ကန်သွင်းဖို့ အဆင်သင့်မဖြစ်ခဲ့ဘဲ အမြန်ကန်သွင်းခဲ့ရတာကို အီဒါဆန် ကာကွယ်နိုင်ခဲ့လို့ ရလဒ်က ဒီထက် မကြီးမားခဲ့တာ ဖြစ်ပြီး ဒီနေ့ပွဲမှာ ဂိုးဧရိယာနား ရောက်လာတိုင်း ရင်တမမဖြစ်ရတာဟာ ဖိကစားနေတဲ့ အိမ်ရှင်တွေအတွက် မဟုတ်ခဲ့တာတော့ အသေချာပါပဲ။

ဒီပွဲရလဒ်ကြောင့် မန်စီးတီးတို့ရဲ့ ၂၁ပွဲဆက် နိုင်ပွဲစံချိန် ရပ်တန့်သွားခဲ့သလို ယူနိုက်တက်တို့ကတော့ ၂၁ပွဲဆက် အဝေးကွင်းရှုံးပွဲမရှိတဲ့ စံချိန်ကို ၂၂ပွဲဆီ တိုးမြှင့်နိုင်ခဲ့ပြီး အမှတ်ပေးဇယားမှာလည်း ကွာဟချက်ကို ၁၁မှတ်အထိ လျှော့ချပြီး လက်စတာကို ပြန်ကျော်နိုင်ခဲ့သလို မန်ချက်စတာဒါဘီမှာ အဝေးကွင်းပရိသတ်တွေကို ပျော်ရွှင်စေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z