Premier League Transfer News

6 Mar ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုကို လာမယ့်ရာသီမှာ အစားထိုးဖို့အတွက် တောင်းဆိုမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ရာသီတွေက ဘရာဇီးလ်သားရဲ့ ဂိုးသွင်းနှုန်းကို သူ့ရဲ့ အခွင့်အရေး ရှာဖွေနိုင်မှုကြောင့် အားလုံးက ကျေနပ်ခဲ့ကြချိန်မှာ ဒီရာသီမှာတော့ လုံးဝမထိရောက်တော့တဲ့ ကစားဟန်ကြောင့် ဝေဖန်မှုတွေ မြင့်တက်နေ။

– အက်စ်တန်ဗီလာတိုက်စစ်မှူးဟောင်း ဂါဘရီယယ်လ် အဘွန်လဟော်က စတုတ်စီးတီးဆီက ပေါင် ၁၃ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ တောင်ပံ ကစားသမား ချာဒန် ရှာကျီရီကို ပေါင် ၁၀ သန်း အမြတ်တင်ရောင်းမယ်ဆိုတဲ့ လီဗာပူးလ်အသင်းရဲ့ အိုင်ဒီယာကို ကန့်ကွက်လိုက်ပြီး သူတို့တွေအနေနဲ့ ၁၅ သန်းပေးမယ့် ဝယ်သူရှိရင် ကံကောင်းလို့ ပြောကြားသွား။

– လီဗာပူးလ်ပရိသတ်တွေအတွက် အံ့အားသင့်စရာအကောင်းဆုံးသတင်းတစ်ရပ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဂိုးသမား လိုရစ် ကားရီးယပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ်ဆိုရင် အရန်ဂိုးသမားနေရာအတွက် ခေါ်ယူသွားလိုနေတယ်ဆိုလို့ ငိုရမလား ရယ်ရမလားဆိုပြီး ဖြစ်နေကြ။

– ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်မှာ ခြေစွမ်းပြပြီး ၃၃ ပွဲမှာ ၂၅ ဂိုးသွင်း ၉ ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ တိုက်စစ်မှူး အိုင်ဗန် တုန်နီကို လီဗာပူးလ်အသင်းအနေနဲ့ ခေါ်ယူဖို့ ဖြစ်လာနိုင်တယ်လို့ ကြိုးကြာနီတွေရဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ ပီတာဘာရာအသင်းပိုင်ရှင် ဒါရား မက်အန်ထော်နီက သူရောင်းချလိုက်တဲ့ တိုက်စစ်မှူးကို ထောက်ခံချက်ပေးသွားခဲ့။

– အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ညာအနေနဲ့ ဒီရာသီမှာ အသင်းနဲ့အတူ အမှတ်ပေးဇယားရပ်တည်မှုကောင်းဖို့ကိုသာ အာရုံစူးစိုက်ထားပြီး ကျန်တာတွေကို ရာသီကုန်မှ ဆုံးဖြတ်မယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်တဲ့ ဘာစီလိုနာနဲ့ ချဲလ်ဆီးကစားသမားဟောင်း ဒေကို ပြောကြားသွားခဲ့။

– ပရက်စတန်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ နောက်ခံလူသစ် ဘန်ဒေးဗီးစ်အနေနဲ့ ဒဏ်ရာရရှိနေတာ မဟုတ်ဘဲ အသင်းကစားကွက်နဲ့ အသားမကျသေးလို့ ပွဲနေ့လူစာရင်းထဲကို ထည့်သွင်းခြင်း မပြုခဲ့တာဖြစ်ပြီး ဖူလ်ဟမ်နဲ့ပွဲမှာတော့ အရွေးချယ်ခံနိုင်တယ်လို့ လီဗာပူးလ် နည်းပြ ယာဂန် ကလော့ပ်က ရှင်းလင်းသွား။

– အာဆင်နယ်အသင်းရဲ့ နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက လီဗာပူးလ်အသင်းအနေနဲ့ ဖူလ်ဟမ်အသင်းရဲ့ နည်းစနစ်ပိုင်းကို သတိမထားခဲ့ရင် အန်းဖီးလ်မှာ ရလဒ်ဆက်ဆိုးသွားနိုင်တယ်လို့ဆိုခဲ့ပြီး အနောက်လန်ဒန်သားတွေရဲ့ နောက်ခံလူ ဂျိုခင်မ် အန်ဒါဆန်ရဲ့ ခံစစ်ကို ကွပ်ကဲနိုင်မှုအပြင် သူ့ဆီကနေ တောင်ပံတွေဆီ ရောက်လာတတ်တဲ့ တိကျတဲ့ အဝေးဘောတွေကို သတိထားဖို့ တိုက်တွန်း။

– လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှာ ကာလအတန်ကြာ အနားယူနေရာကနေ ပြန်လည်ပါဝင်လာခဲ့တဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာက သူ့အနေနဲ့ အသင်းရဲ့ ဆိုးရွားနေတဲ့ ရလဒ်တွေကနေ ပြန်လည်ရုန်းထွက်နိုင်အောင် ကူညီပေးလိုတယ်လို့ ပြောကြားလိုက်ပြီး ဒီအတွက် တစ်ရာရာခိုင်နှုန်း အားစိုက်ပြီး ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ပဲလို့ ဆိုသွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ ဖူလ်ဟမ်လိုအသင်းမျိုးနဲ့ တွေ့ဆုံရတဲ့အခါမှာ အိမ်ကွင်းရလဒ်ဆိုးကို ရပ်တန့်နိုင်ဖို့က အခွင့်အရေးကောင်း တစ်ခုဖြစ်ပြီး မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်သလို တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဖူလ်ဟမ်အသင်းအနေနဲ့ အရည်အသွေး တချို့ကို ပြသထားပေမယ့် အန်းဖီးလ်မှာတော့ မဖြစ်နိုင်ဘဲ ရလဒ်က နှစ်ဂိုး-ဂိုးမရှိလို့ ဘီဘီစီရဲ့ လော်ရို ခန့်မှန်း။

– လီဗာပူးလ်အသင်းအနေနဲ့ အဆင့်လေးအတွင်း ဝင်ဖို့ ခက်ခဲပေမယ့် သူတို့မှာ မဖြစ်မနေလုပ်စရာ ဒီတစ်ခုပဲရှိပြီး လာမယ့်ပွဲတွေမှာ ခံစစ်ကို ပိုမိုတိုးတက်အောင်နဲ့ Clean Sheet တွေ ဘယ်လိုယူရတယ်ဆိုတာကို သင်ယူလေ့လာပြီးမှ တိုက်စစ်ကောင်းဖို့ လုပ်သင့်ကြောင်း ကစားသမားဟောင်း ဒီယာ့ခ် ကော့တ်က ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:











REF: INTERNET SOURCES
SPORTS A2Z.