Match Report Premier League UCL&UEL

နှစ်ကျော့ပေါင်း ရှစ်ဂိုးသွင်းပြီး ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို ပထမဆုံးရောက်တဲ့ စပါးစ်

ချန်ပီယံလိဂ်ပွဲစဉ်တွေနဲ့အတူ ကြာသပတေးနေ့မှာ တစ်ရက်စောကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ အိမ်ကွင်းမှာ အရန် ကစားသမား အများစုကို အသုံးပြုပြီး ဝုလ်ဖ်စ်ဘာဂါကို ဂိုးပြတ်သွင်းခဲ့သလို ပရီးမီးယားလိဂ်မှာ ပင်ပန်းမှုတွေ ပြသနေတဲ့ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကို ခေါ်လာတာကလွဲလို့ လုံးဝမကစားခိုင်းခဲ့ဘဲ သက်တောင့်သက်သာနိုင်ပွဲတစ်ပွဲကို ရယူပြီး ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ကားလို့စ် ဗီနီးရှပ်စ်ကို အထောင်ထားကစားခဲ့တဲ့ တိုက်စစ်မှာ သူ့နောက်က ဒယ်လီ အယ်လီလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာတော့ တောင်ပံက ညာနောက်ခံလူ ဒိုဟာတီက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို သွင်းဂိုးရှားပါးနေတဲ့ အင်္ဂလန်ကွင်းလယ်လူက တစ်ချက်ထိန်းပြီး လှပတဲ့ ဘိုင်စကယ်ကစ်နဲ့ နောက်ပြန်ကန်ပြီး အဖွင့်ဂိုး ရယူနိုင်ခဲ့တာပါ။

ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံး အခွင့်အရေးတွေကို ဖြုန်းတီးခဲ့ကြသလို ပွဲချိန် ၄၃မိနစ်က တိုက်စစ်မှူး ဗီနီးရှပ်စ်ရဲ့ ဂိုးသမားကို လိမ်ပြီး လှပတဲ့ ကန်သွင်းချက်ကိုလည်း ဝုလ်ဖ်စ်ဘာဂါနောက်ခံလူက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်သွားခဲ့လို့ ဘရာဇီးလ်သားအနေနဲ့ ချီးကျူးနိုင်စရာ တစ်ကွက်နဲ့ လွဲချော်ခဲ့ရတာပါ။

သိပ်မကြာခင် တစ်မိနစ်အတွင်းမှာပဲ တန်ပြန်တိုက်စစ်ကနေ နေရာတိုင်းမှာ ရှိနေတဲ့ အယ်လီရဲ့ ပေးပို့မှုကို ဘယ်တောင်ပံကစားသမား ဘာ့ဂ်ဗိန်းက တစ်ကိုယ်တော်ထိုးဖောက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ကာကွယ်သွားနိုင်ခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အိမ်ရှင် စပါးစ်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ စပါးစ်တို့ ဘယ်ခြမ်းက ထိုးဖောက်လာခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ ဘယ်ခြမ်းက ကွင်းလယ်လူ အယ်လီရဲ့ ဖြတ်တင်ဘောကို ဘရာဇီးလ်တိုက်စစ်မှူး ဗီနီးရှပ်စ်က ကျွမ်းကျင်မှုကို ပြသတဲ့ မြေထောက်ခေါင်းတိုက်ချက်နဲ့ အဝေးတိုင်ကို မသွင်းဘဲ အနီးတိုင်ဘက် ထောင့်ကျဉ်းထဲကို သွင်းယူပြီး ဒုတိယဂိုး ထပ်မံရယူနိုင်ခဲ့ပါတယ်။

ဂိုးထပ်ရခဲ့ပေမယ့်လည်း ကွင်းလယ်နဲ့ ခံစစ်ကြားမှာ တည်ငြိမ်မှု မရှိတဲ့ ပုံစံကိုတော့ စပါးစ်တို့ မပြင်ဆင်နိုင်ခဲ့ဘဲ မကြာခဏ ပေါက်ထွက်နေပြီး ဝုလ်ဖ်စ်ဘာဂါတိုက်စစ်သမားတွေ ညံ့ဖျင်းနေခဲ့လို့သာ သက်သာခဲ့တာဖြစ်သလို ဂိုးပေါက်ခြိမ်းခြောက်မှုတွေကလည်း ဂျိုးဟတ်အတွက် လွယ်ကူနေခဲ့လို့ ဂိုးပြန်မပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ ဘေးလ်နဲ့ မော်ရာတို့ကို လာမယ်လာနဲ့ ဘာ့ဂ်ဗိန်းတို့နေရာမှာ လူစားထည့်သွင်းခဲ့လို့ စပါးစ်တိုက်စစ်က ပိုတက်လာခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာတော့ အယ်လီကပဲ ထပ်မံဖန်တီးပေးတာကို ညာတောင်ပံမှာ လွတ်နေတဲ့ ဘေးလ်က ထိန်းတောင်မထိန်းဘဲ ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ လှပလွန်းတဲ့ ဂိုးတစ်ဂိုးကို တွေ့မြင်ခဲ့ရပြီး Form is temporary; Class is permanent ဆိုတဲ့ စကားကိုလည်း သတိရစေခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဘောလုံးထိန်းပုံ လေးကွေးနေတဲ့ ဝုလ်ဖ်စ်ဘာဂါနောက်ခံလူဆီကနေ ဘယ်နောက်ခံလူ ဘင်ဒေးဗီးစ်က လုယူပြီး ထွက်လာခဲ့တဲ့ ဘောလုံးကို ဗီနီးရှပ်စ်က ဘယ်ခြေနဲ့ မနားတမ်း ကန်သွင်းခဲ့ရာမှာ သူ့ရဲ့ ဒုတိယဂိုးအဖြစ် ဒီရာသီ ယူရိုပါလိဂ် ၆ ဂိုးမြောက်ကို ရယူနိုင်ခဲ့ပြီး စပါးစ်တို့ လေးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်မှုကို တိုးမြှင့်နိုင်ခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ နှစ်ကျော့ပေါင်းရလဒ် ရှစ်ဂိုး-တစ်ဂိုးနဲ့ စပါးစ်တို့ ၁၆ သင်းရှုံးထွက်အဆင့်ကို အစောဆုံး တက်ရောက်သွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဆိုးရွားနေတဲ့ ရလဒ်တွေအတွက် အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့သလို မော်ရင်ညိုအတွက်တော့ ဒီက အရှိန်အဟုန်ကို ယူဆောင်လာပြီး ခံစစ်ကိုလည်း ပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် ပရိသတ်တွေအနေနဲ့ ရလဒ်ကောင်းတွေကို မျှော်လင့်နိုင်မှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z