Premier League

အာဆင်နယ် ဖြုန်းတီးမိခဲ့တဲ့ ပါရမီများနဲ့ သန်းပေါင်း ၁၆၀

အာဆင်နယ်အသင်းရဲ့ အညှာအတာမဲ့ လူစာရင်း ချုံ့ခြင်းလုပ်ငန်းစဉ်ဟာ ယခုအပတ်မှာ အရှိန်အဟုန်နဲ့ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ဆိုခရာတစ်ရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့သလို အိုဇေးလ်ရဲ့ စာချုပ်သက်တမ်းကိုလည်း ၆ လအလိုမှာ အဆုံးသတ်ပြီး ဖီနာဘာချီအသင်းဆီသွားမယ့် လေယာဉ်ပေါ် တင်ပေးခဲ့ပါတယ်။

အိုဇေးလ်နဲ့ ဆိုခရာတစ်တို့ ၂ ဦးစလုံးဟာ လုပ်ငန်းစဉ်ကို ယုံကြည်ပါဆိုတဲ့ အာတီတာရဲ့ မယုံကြည်မှုကြောင့် လူစာရင်းထဲမှာ အအေးခန်းထဲက ငါးသေတွေလို ဖြစ်နေခဲ့ကြပြီး ဆိုခရာတစ်ဟာ တစ်ရာသီလုံး လူပိုအနေနဲ့သာ ရှိနေခဲ့ရသလို အိုဇေးလ်ကလည်း ဇူလိုင်လကတည်းက တစ်မိနစ်မှ မကစားရတော့တာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဆိုခရာတစ်အပေါ် နှုတ်ဆက်ခွဲခွာမှုက အိုဇေးလ်ထက်စာရင် ပိုကောင်းမွန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ကစားသမားတွေကို ခေါ်ယူဖို့ ငွေကြေးပမာဏသုံးစွဲခဲ့ပေမယ့် တပြားမှ ပြန်မရဘဲ ထွက်ခွာစေတဲ့ ပုံစံကို ဆက်လက်ကျင့်သုံးလိုက်တာလည်းဖြစ်ပါတယ်။

တကယ်တော့ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက အာဆင်နယ်အသင်းဟာ ပေါင်သန်း ၁၆၀ လောက် တန်ကြေးရှိမယ်လို့ ယူဆရတဲ့ ဝီလ်ရှိုင်းယား၊ အမ်ခီတာယန်းတို့လိုမျိုး ကစားသမားတွေအတွက် တပြားမှ ငွေပြန်မရဘဲ ထွက်ခွာခွင့် ပေးနေခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ဟာ အသင်းရဲ့ စီးပွားရေးအတွက် အတော်လေး အလေအလွင့်ဖြစ်ခဲ့ပေမယ့် အာဆင်နယ်ဟာ ပြောင်းရွှေ့ကြေးမရခဲ့ရင်တောင် လစာပေးချေရတဲ့ ပမာဏလျှော့ချဖို့အတွက် လစာများတဲ့ကစားသမာေးတွကို အသင်းကနေ ထုတ်ရတာ ပိုပျော်ရွှင်နေခဲ့ပုံ ပေါ်ပါတယ်။ အဲဒီတော့ အာဆင်နယ်အသင်းက ဘယ်လိုကစားသမားတွေကို ဒီလိုမျိုး လုပ်ခဲ့ပြီး ဘာကြောင့် ဒီလိုတွေ လုပ်နေရတာလဲ…

အလက်ဆစ် ဆန်းချက်ဇ်

၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့တဲ့ ချီလီကြယ်ပွင့်ဟာ အာစင်ဝင်းဂါးရဲ့ နောက်ဆုံးနှစ်မှာ အသင်းအတွက် ပွဲအဖြေ ပြောင်းလဲပေးနိုင်တဲ့သူ ဖြစ်ခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ၂၀၁၄-၂၀၁၅ စပြီး အသင်းအတွက် ၃ ရာသီကြာ မြင့်မားတဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး သွင်းဂိုး ၂၅ ဂိုး၊ ၁၇ ဂိုး၊ ၃၀ ဂိုး အသီးသီး သွင်းယူပေးခဲ့ပြီးနောက် အသင်းကို အက်ဖ်အေဖလား ၂ ကြိမ် ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အာဆင်နယ်ရဲ့ တစ်ရာသီတာ အကောင်းဆုံးကစားသမားဆုကို ၂ ကြိမ် ရရှိခဲ့ပါတယ်။ အာဆင်နယ်က ဆန်းချက်ဇ် အဲဒီလိုမျိုး စွမ်းဆောင်ရည်မျိုး မပြသနိုင်ဘဲ ခြေစွမ်းကျဆင်းလာတဲ့ လက္ခဏာကို စတင်သတိပြုမိခဲ့တာကြောင့်လားတော့မသိပါဘူး။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ မန်ချက်စတာယူနိုက်တက်အသင်းက အမ်ခီတာယန်းနဲ့ အလဲအထပ် ပြုလုပ်ခဲ့ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ အဲဒီအချိန်မှာ စျေးကွက်တန်ဖိုး ပေါင်သန်း ၆၀ ဝန်းကျင်အထိ ရှိနေခဲ့ပေမယ့် ယူနိုက်တက်က ကြီးမားတဲ့လစာပေးချေဖို့ သဘောတူညီခဲ့တာကြောင့် ပျော်ပျော်ပဲ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်အသင်း တွက်ကိန်းအတိုင်း ခြေစွမ်းမပြသနိုင်ဘဲ လက်ရှိမှာတော့ အင်တာမီလန်အသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။

အိုဇေးလ်

အာဆင်နယ် ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ နောက်ပိုင်းနှစ်တွေမှာ ခေါ်ယူခဲ့တဲ့ တန်ဖိုးကြီး ကစားသမားခေါ်ယူမှုဖြစ်ခဲ့တဲ့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ ရီးရဲမက်ဒရစ်ကနေ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ ဖန်တီးနိုင်မှုစွမ်းအားက ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇ ရာသီဝန်းကျင်မှာ အမြင့်မားဆုံးဖြစ်ခဲ့ပြီး အံ့အားသင့်ဖွယ် ပုံမှန်ခြေစွမ်းနဲ့အတူ ဂိုးဖန်တီးမှု များစွာ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ ဖန်တီးမှုတွေက အသင်းကို ပရီးမီးယားလိဂ်အောင်မြင်မှုဆီ မပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် အက်ဖ်အေဖလား ၃ ကြိမ်အထိတော့ အောင်မြင်မှုရရှိစေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့အချိန်မှာ ကြမ္မာဆိုး စဝင်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းကျဆင်းမှုတွေက အိုဇေးလ်ကို အာဆင်နယ်နဲ့ အကောင်းဆုံးခြေစွမ်း၊ အကောင်းဆုံးအချိန်တွေဆီ ပြန်မသွားနိုင်တော့အောင် ညှင်းပန်းနှိပ်စက်ထားခဲ့ကြပြီး နည်းပြ အာတီတာရဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်လူစာရင်းကနေ ထုတ်ပယ်ခံရခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ အာဆင်နယ်ဟာ အိုဇေးလ်ကို စာချုပ်သက်တမ်း ၆ လစောပြီး ထွက်ခွာခွင့်ပြုခဲ့ပြီး ၎င်းရဲ့ ကြီးမားတဲ့ လစာပမာဏပေးချေနေရမှုကို လျှော့ချနိုင်ခဲ့ပေမယ့် အိုဇေးလ်ကတော့ တူရကီကလပ် ဖီနာဘာချီကို လစာလျှော့ယူပြီး ပြောင်းသွားခဲ့ရပါတယ်။

အာရွန် ရမ်ဆေး

ကာဒစ်စီးတီးအသင်းမှာ တောက်ပခဲ့တဲ့ ရမ်ဆေးဟာ ၂၀၀၈ ခုနှစ် နွေရာသီမှာ အာဆင်နယ်က ပေါင် ၅ သန်းတည်းနဲ့ ခေါ်ယူခဲ့တဲ့အချိန်မှာ ၎င်းဟာ နွံနစ်နေတဲ့ ပတ္တမြားလို ဖြစ်နေခဲ့ပါတယ်။ ဝေးလ်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းနဲ့ ၁၁ ရာသီကြာ အတူရှိနေခဲ့တဲ့အချိန်အတွင်း ၃၆၉ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အချိန်ကာလကြာမြင့်စွာ အသင်းရဲ့ အရေးပါတဲ့ကစားသမားဖြစ်ခဲ့သူဖြစ်ပါတယ်။ ရမ်ဆေးဟာလည်း အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ၂ ကြိမ်အထိ သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ၂၀၁၈-၂၀၁၉ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဂျူဗင်တပ်အသင်းကို အလွတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရမ်ဆေးဟာ ဂျူဗင်တပ်အသင်းမှာ တစ်ပတ်လုပ်ခလစာပေါင် ၄ သိန်းအထိ ပေးချေဖို့ သဘောတူညီခြင်းခံခဲ့ရပြီး ဗြိတိသျှကစားသမားတွေထဲမှာ လစာအမြင့်မားဆုံးကစားသမား ဖြစ်လာခဲ့သူဖြစ်ပါတယ်။ ရမ်ဆေးရဲ့ စျေးကွက်တန်ဖိုးဟာ အဲဒီအချိန်တုန်းက ပေါင် ၃၆ သန်း ဝန်းကျင်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဆန်တီ ကာဇိုလာ

စပိန်ကွင်းလယ်ကစားသမားဟာ အာဆင်နယ်အသင်းကို ၂၀၁၂ ခုနှစ် နွေရာသီမှာ ဗီလာရီးရဲလ်အသင်းကနေ ၎င်းကို ခေါ်ယူခဲ့တဲ့အချိန်တုန်းက ပေါင် ၁၀ သန်း ကုန်ကျစေခဲ့သူဖြစ်ပြီး ကာဇိုလာဟာ အာဆင်နယ်ကစားသမားဘဝ ပထမဆုံး နှစ်အတော်များများမှာ ထိပ်တန်းစွမ်းဆောင်ရှင်ဖြစ်ခဲ့သူဖြစ်ပါတယ်။ ကာဇိုလာဟာ အမ်းမရိတ်စ်က ပွဲဦးထွက်ရာသီမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ရာသီမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေက ကာဇိုလာကို ကွင်းထဲမဝင်ရောက်နိုင်အောင် ဆွဲခေါ်ထားခဲ့ပြီး ၂၀၁၇-၂၀၁၈ ရာသီကုန်မှာ အာဆင်နယ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဗီလာရီးရဲလ်အသင်းကို ပြန်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကာဇိုလာရဲ့အသက်အရွယ်နဲ့ ဒဏ်ရာမှတ်တမ်းတွေအရ အာဆင်နယ်ဟာ ကြီးမားတဲ့ပမာဏတစ်ခုကို မဆုံးရှုံးခဲ့ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဆိုခရာတစ်

အာဆင်နယ်ဟာ ၂၀၁၈-၂၀၁၉ ရာသီမတိုင်မီ ဒေါ့မွန်ကနေ ဆိုခရာတစ်ကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူခဲ့တာက ခံစစ်ပိုင်း ယိုယွင်းပျက်စီးနေမှုကို ရပ်တန့်ဖို့အတွက် အဖြေဖြစ်ခဲ့မယ်လို့ မြင်ခဲ့ပုံရပါတယ်။ အူနိုင်းအမ်မရီက ဆိုခရာတစ်ကို တန်ဖိုးထားသလောက် အာတီတာကတော့ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ပါဘူး။ ဂရိလက်ရွေးစင်နောက်ခံကစားသမားဟာ အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်အောင် ကူညီပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလား အောင်မြင်မှုရရှိအောင်လည်း ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာတီတာက ဆိုခရာတစ်ကို ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်လူစာရင်းကနေ အိုဇေးလ်လိုပဲ ထုတ်ပယ်ထားခဲ့ပြီး အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ လက်ရှိမှာတော့ အသင်းသစ်ကို ရှာဖွေနေရပြီဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ဆိုခရာတစ်အတွက်လည်း ကြီးမားတဲ့ပြောင်းရွှေ့ကြေး မဆုံးရှုံးခဲ့ရဘူးလို့ ဆိုနိုင်ပါတယ်။

မူစတာဖီ

နောက်ထပ် တော်တော်လေးဆိုးရွားတဲ့ ဗဟိုခံစစ်ကစားသမား ဝယ်ယူမှုအဖြစ် ၂၀၁၆ ခုနှစ်က ဗလင်စီယာအသင်းကနေ မူစတာဖီကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ကျန်တဲ့ကစားသမားအများစုအတိုင်းပဲ မူစတာဖီဟာ ပထမဆုံး ၃ ရာသီမှာ အသင်းလူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်ခဲ့ပေမယ့် အာစင်ဝင်းဂါးခေတ်လွန်မှာတော့ ကစားဖို့ အခွင့်အရေးအနည်းငယ်သာ ရရှိခဲ့ပါတယ်။ အနည်းဆုံးတော့ အာတီတာဟာ ယခုရာသီမှာ မူစတာဖီကို ပါဝင်ကစားခွင့် ပေးခဲ့သေးပြီး ယူရိုပါလိဂ်ပွဲစဉ်တွေ အားလုံးနီးပါး ကစားခွင့်ပေးခဲ့ပေမယ့် ယခုလာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မူစတာဖီဟာ စျေးကြီးပေးဝယ်ပြီး တပြားမှ မရဘဲ ထွက်ခွာခွင့်ပေးရမယ့် နောက်ထပ်ကစားသမားတစ်ဦးဖြစ်လာတော့မှာဖြစ်ပါတယ်။

ဒန်နီ ဝဲလ်ဘတ်

ဒန်နီ ဝဲလ်ဘတ်ဟာ ၂၀၁၄ ခုနှစ်မှာ ပေါင် ၁၆ သန်းဝန်းကျင်ခဲ့ အာဆင်နယ်အသင်းကို လူးဝစ္စဗန်ဟားလ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့တုန်းက ရရှိခဲ့တဲ့ ခြေစွမ်းမျိုး လုံးဝမရှိခဲ့ဘဲ အာဆင်နယ်နဲ့ ၅ ရာသီကြာ အချိန်ကုန်ဆုံးခဲ့ပြီး ၁၂၆ ပွဲမှာ ၃၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ သြဂုတ်လမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီးနောက် ဝက်ဖို့ဒ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး အဲဒီအချိန်မတိုင်ခင် စောစောကတည်းက ရောင်းထုတ်ခဲ့မယ်ဆိုရင် အာဆင်နယ်အနေနဲ့ ပေါင် ၁၀ သန်းလောက်တော့ ပြန်ရနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဝဲလ်ဘတ်က ဘရိုက်တန်ကစားသမားဖြစ်နေပါပြီ။

ဂျက်ခ် ဝီလ်ရှိုင်းယား

တခြားကစားသမားတွေနဲ့မတူတာက ဝီလ်ရှိုင်းယားဟာ လူတန်ကနေ အသက် ၉ နှစ်အရွယ်မှာ အာဆင်နယ်အကယ်ဒမီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အာဆင်နယ်ဟာ ၎င်းအတွက် မပြောပလောက်တဲ့ပမာဏသာ ကုန်ကျမှုရှိခဲ့တာဖြစ်ပါတယ်။ ဝီလ်ရှိုင်းယားရဲ့ ကြီးမားတဲ့အလားအလာအကြောင်းနဲ့ ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်မှုအကြောင်းကို အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါပေမယ့် အာဆင်နယ်အသင်းမှာ ရှိနေတဲ့အချိန်အတွင်းမှာ အက်ဖ်အေဖလား ၂ ကြိမ်ရရှိခဲ့ပြီး ထိပ်တန်းအဆင့် ခြေစွမ်းအချို့ မကြာခဏ ပြသခဲ့တာကိုတော့ မေ့ထားလို့ မရနိုင်ပါဘူး။ ဝီလ်ရှိုင်းယားကို အာဆင်နယ်အသင်းက စာချုပ်သက်တမ်းကုန်ဆုံးခွင့်ပြုခဲ့ပြီး ဝက်စ်ဟမ်းအသင်းကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဒဏ်ရာပြဿနာတွေက တိကျတဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်နိုင်ဖို့ ခက်ခဲစေခဲ့ပေမယ့် အာဆင်နယ်အနေနဲ့ သူ့အတွက် ပမာဏတစ်ခုခုလောက်တော့ ရခဲ့သင့်တာသေချာပါတယ်။

ဟင်းနရစ် အမ်ခီတာယန်း

ဆန်းချက်ဇ်နဲ့ တိုက်ရိုက် အလဲအထပ်အဖြစ် အမ်းမရိတ်စ်ကို ရောက်ရှိလာခဲ့တဲ့ အမ်ခီတာယန်းဟာ အကျိုးသက်ရောက်မှု များများစားစား ပြုလုပ်ပြနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ အာဆင်နယ်အသင်းနဲ့ ၁၈ လကြာ ရှိခဲ့တဲ့ကာလအတွင်း ၅၉ ပွဲ ပါဝင်ကစားပေးခဲ့ပြီးနောက် ရိုးမားအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ခွင့်ပြုခြင်းခံခဲ့ရပါတယ်။ အာမေးနီးယားလက်ရွေးစင်ကြယ်ပွင့်ဟာ အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားမဟုတ်ခဲ့တာဖြစ်ကောင်းဖြစ်ပေမယ့် အီတလီကို ထွက်ခွာသွားခဲ့တဲ့အချိန်တုန်းက စျေးကွက်တန်ဖိုး ပေါင် ၁၈ သန်းလောက်တော့ ရှိနေသေးတာဖြစ်ပါတယ်။

တပြားမှ မရဘဲ ဒီလောက်များတဲ့ ကစားသမားတွေကို ဘာကြောင့် ထွက်ခွာခွင့်ပေးခဲ့ရတာလဲ

အဲဒီကိစ္စကို ရှင်းပြဖို့အတွက် အချက်ပေါင်းများစွာရှိနေပြီး အာဆင်နယ်အတွက် ပါရမီရှိတဲ့ကစားသမားတွေအတွက် တပြားမှ မရဘဲ ထွက်ခွာခွင့်ပေးတာက အရမ်းထိရှလွယ်တဲ့မူဝါဒတော့ မဟုတ်ပုံ ပေါ်ပါတယ်။ အာဆင်နယ်ရဲ့ ကြီးမားတဲ့လစာပမာဏပေးချေနေရမှုက အခုအချိန်မှာ အာဆင်နယ်ကို အချိန်ကောင်း ရရှိဖို့အတွက် ဆွဲခေါ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ကိုဗစ်-၁၉ ရဲ့ အသင်းဘဏ္ဍာရေးအပေါ် ရိုက်ခတ်မှုပြင်းပြင်းထန်ထန်ခံနေရပြီး နောက်ဆုံးခန့်မှန်းခြေတွက်ချက်မှုအရ တစ်နှစ်ကို ပေါင်သန်း ၂၃၀ အထိ ကုန်ကျမှု ရှိတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ အိုဇေးလ်ကို ၆ လစောပြီး ထွက်ခွာခွင့်ပေးခဲ့တဲ့အတွက် ပြောင်းရွှေ့ကြေးတပြားမှ မရကောင်း မရခဲ့ပေမယ့် အနည်းဆုံးတော့ သူ့ရဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ မပေးရတော့တာက လျော်ကြေးပေးရတာထက်စာရင်တော့ အများကြီးသက်သာပါသေးတယ်။ ဒီလောက် လစာမြင့်မားပြီး လူစာရင်းထဲမှာတောင် မပါဝင်တဲ့ ကစားသမား အသင်းမှာရှိနေတာက မကောင်းဘူးလို့ပဲ ပြောရမှာပါ။ နည်းပြအာတီတာက ကြာသပတေးနေ့မှာ သူ့ရဲ့ ၃၁ ဦးလူစာရင်းဟာ ကိုင်တွယ်လို့မရဖြစ်လာနေခဲ့တယ်လို့ ပြောကြားခဲ့ပြီး မကြာသေးမီက ကစားသမားထွက်ခွာမှုတွေအတွက် ရှင်းပြခဲ့ပါတယ်။ ယခုရာသီမှာ အလုပ်ရှုပ်တဲ့ ပွဲချိန်ဇယားရှိတယ်ဆိုပေမယ့်လည်း လိုတာထက်ပိုကြီးမားနေတဲ့ လူစာရင်းထဲက အားလုံးကို ပျော်အောင်ထားဖို့ မဖြစ်နိုင်ဘူးဆိုတာကတော့ ရှင်းပါတယ်။ အာတီတာက လူငယ်ကစားသမားတွေကို ပိုပြီး ယုံကြည်မှုပေးချင်တဲ့ ဆန္ဒရှိနေပြီး ယခုရာသီမှာ ဆာကာနဲ့ စမစ် ရိုးတို့ အလွန်ကောင်းတဲ့စွမ်းဆောင်ရည်ပြသနေတာကို မြင်ရင်သိနိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ နောက်ကွယ်က အပြောင်းအလဲတွေကြောင့် အမ်းမရိတ်စ်မှာ အာစင်ဝင်းဂါးခေတ်လွန် အခက်အခဲတွေ ဖြစ်နေရတာလို့ပဲ ပြောရမှာဖြစ်ပြီး နည်းပြအာတီတာဟာ အမ်မရီ ထွက်ခွာသွားပြီးနောက် စည်းကမ်းလိုက်နာတဲ့ ကစားသမားတွေခေါ်ယူချင်သလို ကစားသမားသစ်စုဆောင်းရေးဝန်ထမ်းတွေလည်း လိုချင်ခဲ့ပါတယ်။ ရာအူးလ် ဆန်လယ်ဟီဟာ ပေပေ၊ ဝီလီယံ၊ ဒေးဗစ် လူးဝစ်ဇ်၊ ဆက်ဒရစ် ဆိုအာရက်စ်တို့လို မေးခွန်းထုတ်စရာခေါ်ယူမှုအချို့ကို ပြုလုပ်ခဲ့ပြီးနောက် အဓိကတာဝန်ရှိသူဖြစ်လာခဲ့ပြီး အသင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ အဲဒီမတိုင်ခင်က ဆဗင် မစ်စ်လင်တက်ကလည်း ဆိုးရွားတဲ့ ဆုံးဖြတ်ချက် အများအပြား ပြုလုပ်ခဲ့ပြီးနောက် ထွက်ခွာသွားခဲ့ပြီး အာဆင်နယ်ဟာ အီဒူးကို နည်းစနစ်ဒါရိုက်တာအဖြစ် အစားထိုးခန့်အပ်ခဲ့ရပါတယ်။ စာချုပ်ညှိနှိုင်းရေးမှူး ဟက်စ် ဖားမီကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အသင်းကို စွန့်ခွာသွားခဲ့ပြီး နောက်ကွယ်က ဒီအပြောင်းအလဲတွေက အာဆင်နယ်အသင်းကို အကြပ်ရိုက်စေခဲ့ပြီး စာချုပ်သက်တမ်းပြည့်ဖို့ နီးနေတဲ့ကစားသမားတွေအတွက် တစ်စုံတရာ ရရှိအောင် လုပ်ဖို့ အချိန်တန်နေပြီဖြစ်ပါတယ်။