Premier League

အိုးထရက်ဖို့ဒ်မှတ်တမ်းဆိုးချေဖျက်ပြီး အနိုင် ၃ မှတ်နဲ့ ဇယားထိပ်ကို ပြန်လည်တက်လှမ်းခဲ့တဲ့ အာဆင်နယ်


စူပါဆန်းဒေး ပွဲကြီးပွဲကောင်းအဖြစ် ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်ကတော့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ထရော့ဆာ့ဒ်ရဲ့ သွင်းဂိုးကြောင့် ဧည့်သည်တွေက ၁-၀ နဲ့ အိုးထရက်ဖို့ဒ်မှာ ၂၀၂၀ နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ပွဲပြန်လည်ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်က ခံစစ်ပိုင်းဒဏ်ရာပြဿနာများနေလို့ ခံစစ်မှာ အီဗန်စ်နဲ့ ကက်စမီရိုတို့အတွဲနဲ့အတူ ဘစ်ဆာကာ၊ ဒါလော့တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ အမ်မရာဘတ်၊ မိန်းနူး၊ ဂါနာချို၊ မက်တော်မီနေး၊ အာမက် ဒီရယ်လို၊ တိုက်စစ်မှာ ဟွိုင်လန်းကို အထောင်ထားခဲ့ပါတယ်။

အာဆင်နယ်ကလည်း အားအကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်အစောပိုင်းမှာ အိမ်ရှင်တွေက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။

၁၀ မိနစ်မှာ တိုမိယဆု ဘယ်တောင်ပံကနေ နောက်ပြန်ပေးတာ အနည်းငယ်လွဲချော်သွားလို့ အာဆင်နယ်ပရိသတ်တွေ ရင်ထိတ်ခဲ့ရပြီး ရာယာ ရှေ့မြန်မြန်တက်လာပြီး ရှင်းထုတ်နိုင်ခဲ့လို့သာ ဂိုးပေးရမယ့်အန္တရာယ်ကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

မိနစ် ၂၀ မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး အိုနာနာ နောက်တန်းကနေ ကန်တင်လိုက်တဲ့ဘောလုံးကို ဘန် ဝှိုက်က ညာတောင်ပံမှာ လွတ်နေတဲ့ ကိုင် ဟာဗတ်ဇ်ဆီ ပေးပို့ခဲ့ရာမှာ မန်ယူနိုက်တက်ကစားသမားတွေက လူကျွံထောင်ချောက်ဖမ်းထားခဲ့ပေမယ့် ကက်စမီရိုတစ်ယောက်တည်း ကျန်နေခဲ့တာကြောင့် onside ဖြစ်နေခဲ့လို့ ဂျာမန်ကြယ်ပွင့်ပေးပို့လိုက်တဲ့ဘောလုံးကို ထရေ့ာ့ဆာ့ဒ်က ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ဂိုးပေးခဲ့ရပြီးနောက်ပိုင်း ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အာဆင်နယ်ခံစစ်ကို ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပြီး ၃၈ မိနစ်မှာ အာမက် ဒီရယ်လို ပင်နယ်တီဧရိယာထိပ်နားမှာ ကုလားဖန်ထိုးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အစောကြီးကတည်းက ဖင်ထိုင်ရက်ဖြစ်နေတဲ့ သောမတ်စ် ပါတေးရဲ့ ခြေထောက်ကို မိမိရရ ခလုတ်တိုက်ပြီး လဲကျခဲ့တဲ့ အာမက် ဒီရယ်လိုရဲ့ ပင်နယ်တီရဖို့ ကြိုးပမ်းမှုက မအောင်မြင်ခဲ့ဘဲ ဒိုင်လူကြီးရော VAR ပါ အဖက်မလုပ်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ပြီး မန်ချက်စတာယူနိုက်တက်က တန်ပြန်တိုက်စစ်ကနေ ခြိမ်းခြောက်မှု ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

မိနစ် ၆၀ မှာ ဂါနာချို ဘယ်တောင်ပံကနေ အတွင်းထဲကို ချိုးဝင်ပြီး လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရခဲ့ပေမယ့်လည်း အံ့အားသင့်စရာကောင်းလောက်အောင် လွဲချော်သွားခဲ့ပြီး ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။ ၆၄ မိနစ်မှာ ဘယ်တောင်ပံကနေ ထရော့ဆာ့ဒ် ထိုးဖောက်လာခဲ့ပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို အော်ဒီဂွါဒ် ပင်နယ်တီ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့ပေမယ့်လည်း အိုနာနာက နေရာယူမှန်မှန်နဲ့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

၇၆ မိနစ်မှာ မန်ချက်စတာယူနိုက်တက် တန်ပြန်တိုက်စစ်ကနေတဆင့် ထိုးဖောက်လာခဲ့ပြီး ဂါနာချို ပင်နယ်တီဧရိယာထဲမှာ ဂိုးကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း ဘယ်ဖက်ဂိုးတိုင်ဘေး ဂိုးပိုက်ကိုသာ ထိမှန်ခဲ့ပါတယ်။

နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ အာဆင်နယ်အတွက် မာတီနယ်လီ တစ်ကိုယ်တော်ထိုးဖောက်မှုနဲ့ ပင်နယ်တီဧရိယာထဲမှာ အပိုင်ကန်သွင်းခဲ့ပေမယ့် အိုနာနာက အံ့အားသင့်ဖွယ်လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့လို့သာ နောက်ထပ်ဦးဆောင်ဂိုး မရခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂိုးသမား အိုနာနာက ဒီကလန် ရိုက်ရဲ့ ပင်နယ်တီဧရိယာထိပ်က ကန်ချက်နဲ့ ထောင့်ကန်ဘောကနေတဆင့် အာဆင်နယ်ရဲ့ ဂိုးရရှိနိုင်မယ့်အခွင့်အရေးကို ထပ်မံ ကာကွယ်သွားခဲ့ပြီး အထင်ကြီးစရာ လက်စွမ်းပြသနေခဲ့ပါတယ်။

ပွဲပြီးဆုံးခါနီးအထိ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းခဲ့ပေမယ့်လည်း နှစ်သင်းစလုံး နောက်ထပ် သွင်းဂိုးတွေ ရှာမတွေ့ခဲ့တာကြောင့် အာဆင်နယ်က ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ထရော့ဆာ့ဒ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးကို ၁ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: