Bundesliga Match Report

ပွဲစစချင်း ရန်စတဲ့ အိမ်ရှင်တွေကို ဒေါသတကြီးပေါက်ကွဲပြလိုက်တဲ့ စီးတီး

စနေနေ့ အစောဆုံးပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲမှာ မန်စီးတီးက အစောပိုင်းမှာ မမျှော်လင့်ဘဲ ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက် ဂိုးတွေ ပြန်သွင်းပြီး ၄-၂ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၂ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ခရစ္စတယ် ပဲလေ့စ်ကို အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ထင်မှတ်မထားဘဲ အိမ်ရှင်တွေအတွက် မာတီတာက ပွဲကစားချိန် ၃ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။
ဖီးလ် ဖိုဒန်ကို ပွဲထွက်စာရင်းထဲကနေ ချန်လှပ်ခဲ့တဲ့ ဂွါဒီယိုလာဟာ အလှည့်ကျ လူထုတ်ပုံစနစ်အတိုင်း ဘော့ဘ်၊ လူးဝစ္စတို့ကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းခဲ့ပြီး ဟာလန်း၊ ဂရီးလစ်ချ်၊ ဒီဘရိုင်းနား၊ အယ်လ်ဗာရက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
အိမ်ရှင်တွေရဲ့ မျှော်လင့်မထားဘဲ ဦးဆောင်တာ ခံလိုက်ရတဲ့ မန်စီးတီးဟာ ပွဲကို စိုးမိုးနိုင်ဖို့ တရစပ် ပြန်လည် တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာခဲ့ပြီး ပွဲကစားချိန် ၁၃ မိနစ်မှာ ဒီဘရိုင်းက ချေပဂိုး ပြန်သွင်းယူခဲ့သလို ဒုတိယပိုင်းအစ ၄၇ မိနစ်မှာ ရီကို လူးဝစ္စက ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲကို အပြည့်အဝ ထိန်းချုပ်လာနိုင်ခဲ့တဲ့ မန်စီးတီးက ပွဲကစားချိန် ၆၆ မိနစ်မှာ ဟာလန်းကြောင့် တတိယမြောက်ဂိုး ထပ်ရခဲ့သလို ဒီဘရိုင်းကလည်း ပွဲကစားချိန် မိနစ် ၇၀ မှာ စတုတ္ထမြောက်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ ၄-၁ နဲ့ ဦးဆောင်နေတဲ့အတွက် ကစားအား ချလိုက်တာကြောင့် အိမ်ရှင် ပဲလေ့စ်တို့ ပြန်လည် ဖိအားပေးလာနိုင်ခဲ့ပြီး ပွဲကစားချိန် ၈၆ မိနစ်မှာ အေဒူယာက ပဲလေ့စ်အတွက် ဒုတိယမြောက် နှစ်သိမ့်ချေပဂိုး သွင်းယူသွားနိုင်ခဲ့ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက အနိုင် ၃ မှတ်နဲ့ အိမ်ပြန်နိုင်ခဲ့ပါတယ်။
လက်ရှိ အမှတ်ပေးဇယား အနေအထားအရ မန်စီးတီးက ယနေ့ညနေမှာ ဘရိုက်တန်နဲ့ ကစားသွားမယ့် အာဆင်နယ်ကို ၂ မှတ်ဖြတ်ပြီး ဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာကို ယာယီ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

SportsA2Z