Ligue1 Match Report Premier League

လွန်းစ်ကို နောက်က လိုက်ပြီး ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ Come Back နိုင်ပွဲပြန်ရခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ မေဆန်မောင့်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ပြင်သစ်ကလပ် လွန်းစ်အသင်းကတော့ ဂိုးသမား ဆမ်ဘာ၊ ခံစစ်မှာ ဒန်ဆို၊ ဂရာဒစ်နဲ့ မက်ဒီနာတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ အက်ဘ်ဒူလ် ဆာမက်၊ အန်ဒီ ဂျုဖ်၊ သောမတ်စ်ဆန်၊ ဖူလ်ဂျီနီ၊ ဖရန်ကော့ဗ်စကီးနဲ့ မာချာဒိုတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဆိုတိုကာတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

မန်ယူတို့ရဲ့ ခံစစ်ကစားပုံက အားရစရာ မရှိသေးသလို ဗာရွန်းကတော့ ခေါင်းကြီး မက်ဂွိုင်းယားနဲ့ နင်လားငါလားဖြစ်ပြီး တိုင်မင်တွေ အောက်နေခဲ့တာက ဗဟိုခံစစ်ကို အားမဖြည့်ခဲ့တဲ့ နည်းပြ တန်ဟတ်အတွက်တော့ အချိန်တိုအတွင်းမှာ ဖြေရှင်းရမယ့် ပြဿနာတစ်ခုလို့လည်း မြင်တွေ့ခဲ့ရပြီး ပွဲချိန် ၁၅ မိနစ်မှာ မေဆန်မောင့်ကတော့ ဂိုးရှေ့က တစ်ယောက်တည်း ပိတ်ရတဲ့ အလုံးကို လွဲချော်ပြခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ဧည့်သည် လွန်းစ်တို့က အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ အပေးအယူလုပ်ရင်းမှားတဲ့ ဒါလော့နဲ့ ဗာရွန်းတို့ ပျက်သွားတဲ့ ဘောလုံးကို တစ်ဖက်တိုက်စစ်မှူး ဆိုတိုကာက ထိန်းတောင်မနေဘဲ ရှေ့တက်ချင်လွန်းတဲ့ ဂိုးသမား အိုနာနာရဲ့ ခေါင်းပေါ်ကနေ မီတာ ၅၀ လောက်အကွာက ကန်သွင်းယူသွားခဲ့တာကြောင့် ပထမပိုင်းမှာတော့ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ မန်ယူတို့ ချေပဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ အန်တိုနီ ရလာပြီး လွန်းခံစစ်တန်းကြားက မျှောထိုးပေးရာမှာ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ ရက်ရှ်ဖို့ဒ်က ချိုးကန်သွင်းဖို့ ကြိုးစားတာက နောက်ခံလူ ဒန်ဆိုနဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

အိမ်ကွင်းမှာ အားတက်သွားတဲ့ မန်ယူတို့ ငါးမိနစ်အကြာမှာပဲ နောက်တစ်ဂိုးနဲ့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က ဘယ်ခြမ်းကို ချပေးခဲ့ရာမှာ ပေါက်ကွဲအားနဲ့ ပြေးထွက်သွားခဲ့တဲ့ ဂါနာချိုက ညာခြမ်းကို ပြန်ဖြတ်ချိုးပေးရာမှာ အန်တိုနီရဲ့ အထိန်းအသိမ်းက မကောင်းပေမယ့် ဂိုးသမား ဆမ်ဘာ ထွက်တာ နောက်ကျခဲ့သလို ဘရာဇီးလ်သားက ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ မန်ယူတို့ပဲ အနိုင်သေချာစေမယ့် ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို လုခ်ရှောက ဂိုးရှေ့ ကန်ပို့ပေးရာမှာ ရက်ရှ်ဖို့ဒ်က ခေါင်းဦးပြီး တိုက်သွင်းနိုင်ခဲ့တာက အသင်းဖော် ကာစီမီရိုကို ရှပ်မှန်ပြီးမှ ဂိုးထဲ ဝင်သွားခဲ့လို့ ကာစီမီရိုရဲ့ ဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒီနောက်မှာတော့ မန်ယူတို့ဘက်က ဂါနာချိုအစား ဆန်ချိုနဲ့ အန်တိုနီအစား ဖော်ဆန်တို့ကို လဲကစားသွားခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-တစ်ဂိုးနဲ့ လွန်းစ်တို့ကို အနိုင်ရရှိသွားခဲ့သလို ဒီပွဲအပြီးမှာတော့ နည်းပြ တန်ဟတ်အနေနဲ့ ခံစစ်ပိုင်း နားလည်မှု အချိတ်အဆက်နဲ့ ဝုန်းကနဲ ဒိုင်းကနဲ ခေါင်းကြီးဖြစ်သွားတဲ့ ဗာရွန်းတို့ရဲ့ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရတော့မှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.