Ligue1 Match Report Premier League

အမ်းမရိတ်ဖလားကို မိုနာကိုနဲ့ အကြိတ်အနယ်ကစားပြီးမှ ရယူနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ တင်းမ်ဘား၊ ဆာလီဘာ၊ ကီဗီယာနဲ့ တိုမီယာစုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ပါတေးနဲ့ ဖာဘီယို ဗီယာရာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာတီနယ်လီ၊ စမစ်ရိုးနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

မိုနာကိုအသင်းကတော့ ဂိုးသမား ခွန်း၊ ခံစစ်မှာ ဗန်ဒါဆန်၊ မာဂက်ဆာ၊ မာရီပန်၊ မက်ဆီမာနဲ့ ဟင်းနရစ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ် မှာတော့ ကာမာရာ၊ ဖိုဖာနာ၊ ဘင်ဆီဂါနဲ့ ဂိုလိုဗင်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဘင်ယက်ဒါတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ဂျေဆူးစ် ဒဏ်ရာကြောင့် မပါနိုင်တဲ့ အသင်းရဲ့ တိုက်စစ်မှာ တိုင်ပတ်နေခဲ့သလို ခံစစ်ကလည်း တည်ငြိမ်မှု မရှိဘဲ အာတီတာအနေနဲ့ ကစားကွက်ကို ထပ်စမ်းခဲ့ရသလို ရိုက်စ်ကတော့ ပါတေးရဲ့ ရှေ့ကနေ နံပါတ် ၈ အဖြစ် ကစားသွားခဲ့ပြီး မိုနာကိုတို့တော့ သိပ်အဆင်မပြေသေးတဲ့ အာဆင်နယ်ခံစစ်ကို မကြာခဏ သွေးတိုးစမ်းနေခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာ မိုနာကိုတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ကာမာရာက ညာခြမ်းကနေ ဂိုးရှေ့ကို ဖြတ်ချိုးပေးရာမှာ ဖိုဖာနာက အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာကြောင့် အိမ်ရှင်ခံစစ်နဲ့ ဂိုးသမား ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို မာတီနယ်လီ ကန်တင်ပေးရာမှာ မိုနာကိုခံစစ်သမားတွေ ဘယ်သူနဲ့မှ မထိဘဲ အဝေးတိုင်ဘက်ကို ကျလာခဲ့ရာမှာ နကီးတီးယားက မြေမကျ ပြေးဝင်ကန်သွင်းပြီး ပထမပိုင်းမှာတော့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အခွင့်အရေးတွေကို အသုံးချနိုင်ခြင်း မရှိသလို အာဆင်နယ်တို့ဘက်ကတော့ စမစ်ရိုး၊ တင်းမ်ဘား၊ မာတီနယ်လီ၊ ပါတေး၊ ရိုက်စ်၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ နကီးတီယားတို့အစား အော်ဒီဂွါဒ်၊ တီယာနီ၊ ထရော့ဆတ်၊ ဂျော်ဂျင်ညို၊ ဟာဗတ်ဇ်၊ ဂါဘရီယယ်လ်နဲ့ ဘန်ဝှိုက်တို့ကို လူစားလဲသွားခဲ့ကြပြီး ဂိုးတော့ ထပ်မရခဲ့လို့ မိနစ် ၉၀ မှာ ပင်နယ်တီ ကန်ဖို့ ဖြစ်လာခဲ့ပါတယ်။

ပင်နယ်တီမှာတော့ အာဆင်နယ်တို့ဘက်က အော်ဒီဂွါဒ်၊ ဂျော်ဂျင်ညို၊ ဟာဗတ်ဇ်၊ ဗီယာရာနဲ့ ဂါဘရီယယ်လ်တို့အားလုံး ဝင်အောင်နိုင်ခဲ့ကြပြီး မိုနာကိုတို့ဘက်ကတော့ ဟင်းနရစ်၊ ဖိုဖာနာ၊ ဒီယက်တာနဲ့ ဖော်လန်းတို့ပဲ ဝင်ခဲ့ကြသလို တည့်တည့်ကြီး ကန်တဲ့ မီနာမီနိုရဲ့ ပင်နယ်တီကိုတော့ ရမ်းစ်ဒေးလ် ဒိုက်မပစ်ဘဲ ရပ်ပြီး ပုတ်ထုတ်သွားနိုင်ခဲ့လို့ ငါးဂိုး-လေးဂိုးနဲ့ အာဆင်နယ်တို့ အောင်ပွဲခံခဲ့ကြတာပါ။

အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ကွင်းလယ်အင်ဂျင်မျိုးကို လိုက်မမီနိုင်ခဲ့သေးတာကိုတော့ တွေ့နေခဲ့ရသလို ဂျေဆူးစ် မပါဝင်နိုင်ချိန်မှာ ဟာဗတ်ဇ်ကို တင်ကစားဖို့ အာတီတာအနေနဲ့ တွန့်ဆုတ်နေခဲ့တာလား မေးရမလိုဖြစ်ခဲ့ပြီး ရှုပ်ထွေးတဲ့ ဗျူဟာပိုင်းက မြန်နှုန်းမြင့် ကစားခဲ့တဲ့ မိုနာကိုနဲ့ ရုန်းကန်ခဲ့ရတာကြောင့် ပရီးမီးယားလိဂ်ကို စိန်ခေါ်မယ်ဆိုရင်တော့ ဒီထက်ပိုကောင်းအောင် ကစားနိုင်ဖို့လည်း လိုအပ်နေသေးကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.