Bundesliga Match Report Premier League

ဒေါ့မွန်ကို ဖိကစားခဲ့ပေမယ့် ခံစစ်အမှားတွေက သုံးဂိုးပေးပြီး ရှုံးနိမ့်ခဲ့ရတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ဒုတိယ ဦးစားပေး လူစာရင်းကိုပဲ ပွဲထုတ်လာခဲ့ပြီး ဂိုးသမား ဟီတန်၊ ခံစစ်မှာ ဒါလော့၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ ဘရန်ဒန် ဝီလီယမ်စ်တို့ကို ခင်းကျင်းခဲ့သလို ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အဲရစ်ဆန်၊ ဗန်ဒဘိခ်၊ ဖိုဆန်နဲ့ ပယ်လစ္စထရီတို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆန်ချိုကို တင်ကစားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်တို့ကတော့ ဂိုးသမား ကိုဘယ်လ်၊ ခံစစ်မှာ ဆူးလား၊ ဟမ်းမဲလ်၊ ဝုလ်ဖ်နဲ့ ရိုင်ယာဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အမ်မရီချန်၊ ဆာဘစ်ဇာနဲ့ ဘရန့်ဒ်တို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ မာလန်၊ အဒီယီမီနဲ့ အဲလားတို့ကို တွဲဖက်ပွဲထုတ်လာခဲ့တာပါ။

ဒီနေ့ပွဲမှာ မန်ယူတို့ကတော့ ဘောလုံးကိုင်ကစားပြီး နည်းပြ တန်ဟတ် သွားချင်နေတဲ့ ပုံစံအတွက် ကြိုးစားသွားခဲ့သလို ဒေါ့မွန်တို့ကတော့ တစ်ချက်ကောင်း ထိုးဖောက်မှုတွေနဲ့ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာ ကွာခြားခဲ့ပေမယ့် အခွင့်အရေး ဖန်တီးအသုံးချမှုပိုင်းမှာတော့ မတိမ်းမယိမ်းပဲ ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ မန်ယူတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဂိုးရှေ့ဖြတ်ပို့ပေးရာမှာ ဒေါ့မွန်ခံစစ်က ရှင်းထုတ်ခဲ့ပေမယ့် ဗန်ဒဘိခ်က ပြန်လည်ရယူပြီး နောက်ကို ပြန်ချပေးရာမှာ ဒါလော့က တစ်ချက်ထိန်းပြီး ဂိုးညာဘက်ထောင့်ထဲကို အဝေးကနေ ဝေ့ဝိုက်ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ ဒေါ့မွန်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ အဒီယီမီက ဆွဲဝင်လာပြီး ကန်သွင်းဖို့ ကြိုးစားတာက လူများပြီး ပွဲမစည်တဲ့ မန်ယူနောက်တန်းတွေနဲ့ထိပြီး ဂိုးရှေ့ကို လည်ကျလာခဲ့ရာမှာ မာလန်က Volley ကန်ချက်နဲ့ အနီးကပ်သွင်းယူနိုင်ခဲ့လို့ ဂိုးသမား ဟီတန် ငုတ်တုတ်မေ့ခဲ့ရပါတယ်။

တစ်မိနစ်အကြာမှာပဲ ဒေါ့မွန်တို့ ဒုတိယဂိုးနဲ့ ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လင်ဒီလော့ဖ် လူပေးမှားတာကနေ ဆာဘစ်ဇာက ဖြတ်ယူပြီး ဧရိယာထဲကို ခင်းပေးရာမှာ မက်ဂွိုင်းယားက ရှေ့ရောက်၊ ဝီလီယမ်စ်က နောက်ကျန်နေတာကြောင့် ဖျက်လည်းမဖျက်နိုင်၊ လူကျွံဘောလည်း မဖမ်းနိုင်ဘဲ လွှတ်ပေးလိုက်ရချိန်မှာ မာလန်ကပဲ ဟီတန်နဲ့ တစ်ဦးချင်းတွေ့ပြီး အနိမ့်ဘောကန်သွင်း အဆုံးသတ်သွားခဲ့တာပါ။

ပထမပိုင်းမှာ မန်ယူတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပြီးတဲ့နောက် ဒုတိယပိုင်းအစမှာတော့ ဂိုးသမား ဟီတန်အစား အိုနာနာနဲ့ လဲကစားခဲ့သလို ဒေါ့မွန်တို့ကတော့ ဂိုးသမား ကိုဘယ်လ်၊ ခံစစ်က ဝုလ်ဖ်နဲ့ ကွင်းလယ်က ဆာဘစ်ဇာတို့အစား မိုင်ယာ၊ ဘင်ဆီဘိုင်နီနဲ့ အော့ဇ်ချန်တို့ကို အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ပထမပိုင်းမှာ လူစားဝင်ခဲ့တဲ့ အန်တိုနီက ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဒါလော့ရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ဒေါ့မွန်ခံစစ်က ပြတ်ပြတ်သားသား ရှင်းထုတ်ရမယ့်အစား တိုင်ပတ်နေချိန်မှာ ဗန်ဒဘိခ်က ဖြတ်တားပြီး ပြန်ကျလာတဲ့ ဘောလုံးကို အန်တိုနီက အလျင်အမြန် အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား မိုင်ယာ ဘာမှ မတတ်နိုင်ဘဲ ကြည့်နေခဲ့ရတာပါ။

ဒီနောက်မှာတော့ မန်ယူတို့ဘက်က လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ဘရန်ဒန် ဝီလီယမ်စ်၊ ပယ်လစ္စထရီ၊ ဗန်ဒဘိခ်၊ မက်တော်မီနေး၊ အဲရစ်ဆန်နဲ့ ဒါလော့တို့အစား လီဆန်ဒရို မာတီနက်ဇ်၊ ဂျွန်နီ အီဗန်စ်၊ လုခ်ရှော၊ ရက်ရှ်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ်၊ မေဆန်မောင့်၊ ဝန်ဘစ်ဆာကာနဲ့ ကာစီမီရိုတို့ကို ထည့်သွင်းခဲ့ပြီး ဒေါ့မွန်တို့ဘက်ကတော့ အမ်မရီချန်၊ မာလန်၊ ရိုင်ယာဆန်၊ အဲလားနဲ့ အဒီယီမီတို့အစား မာကို ရွိုက်စ်၊ ဟာဇတ်၊ မူနီယေး၊ မူကိုကိုနဲ့ ဘမ်ဘာတို့ကို လဲကစားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဒေါ့မွန်တို့ကပဲ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဝန်ဘစ်ဆာကာရဲ့ စိတ်ပျက်စရာ လူပေးမှုကို မာကို ရွိုက်စ်က ဖြတ်တောက်ရယူပြီး ဘယ်တောင်ပံကနေ ဝမ်းတူးရိုက်ထွက်ပြီးမှ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ မူကိုကိုက လုခ်ရှော ဝင်ဖျက်တဲ့ ကြားကနေ ပိတ်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဒေါ့မွန်တို့က မန်ချက်စတာယူနိုက်တက်တို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရယူပြီး တန်ဟတ်ရဲ့ အီဗော်လူးရှင်းက Old School ကစားသမားတွေဖြစ်ကြတဲ့ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားနဲ့ ဝန်ဘစ်ဆာကာတို့လို ဓာတ်ဘဲတွေနဲ့ မဖြစ်သေးကြောင်းနဲ့ ဒီနေရာတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြောင်းလဲရလိမ့်မယ်လို့ သဘောပေါက်နားလည်စရာဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.