Premier League Serie A Transfer News

အာဆင်နယ်ကြယ်ပွင့်ကို ဗန်ပါစီဇာတ်ခင်းပြီး ဆွဲစားဖို့ လုပ်လာတဲ့ မန်ယူ

အာဆင်နယ်တို့ရဲ့ အရောင်းစာရင်း တင်ထားတဲ့အထဲက တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်အနေနဲ့ အီတလီမြေကို ပြောင်းရွှေ့ဖို့ အင်တာမီလန်၊ အေစီမီလန်တို့ နှစ်သင်းနဲ့ ချိတ်ဆက်နေရာမှာ လေ့ကျင့်ခန်းကို တစ်ဦးတည်း ဆင်းနေတဲ့အထိ အမ်းမရိတ်က ထွက်ခွာဖို့က သေချာနေပြီး နည်းပြရဲ့ အစီအစဉ်တွေထဲမှာလည်း မပါရှိတော့ချိန်မှာ မန်ယူတို့ရဲ့ ညှော်တိုက်ပြီး ဆွဲစားဖို့ ကြံလာတဲ့ အပြုအမူကြောင့် ခေါင်းကိုက်ရမလိုဖြစ်လာခဲ့ပါတယ်။

နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဘာလိုဂန်ကို ဆက်လက်ထိန်းသိမ်းထားလိုပေမယ့် ကစားသမားက ပုံမှန်ကစားခွင့်ကို ရှာဖွေနေတာကြောင့် နိုင်ငံပြင်ပကို အေးအေးဆေး‌ဆေး ရောင်းချဖို့ စီစဉ်ထားသလို တကယ်လို့ တောင်းဆိုထားတဲ့ ပေါင်သန်း ၅၀ နဲ့ ဈေးမကိုက်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း အသင်းမှာ ဆက်ထိန်းပြီး ရသမျှ ညှစ်ထုတ်သွားနိုင်ဖို့ စဉ်းစားထားချိန်မှာ မန်ယူနည်းပြ အဲရစ် တန်ဟတ်ကတော့ ဗန်ပါစီဇာတ်လမ်းကို နောက်တစ်ကြိမ် ထပ်ရိုက်ချင်နေတာပါ။

ဂန်းနားတွေအနေနဲ့ ကစားသမားကောင်းတစ်ယောက်ကို သူ့ရဲ့ အနာဂတ်အတွက် ရွေးချယ်ခွင့်ပေးပြီး လက်လွှတ်ရတာမျိုးက ထူးဆန်းလှတာတော့ မဟုတ်ပေမယ့် ပရီးမီးယားလိဂ်က တိုက်ရိုက်ပြိုင်ဘက်အသင်းတစ်သင်းကို ရောင်းချပေးပြီး အားဖြည့်မှု ပြုလုပ်ပေးလိုက်ရမယ်ဆိုရင်တော့ ယောက်ဖကို ကြက်ဥတိုက်လိုက်တာနဲ့ ဘာမှ မခြားဘဲ ဖြစ်နေသလို အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီတွေနဲ့လည်း ဆန့်ကျင်နေတာဖြစ်ပါတယ်။

၂၀၁၂-၁၃ နွေရာသီက အာဆင်နယ်ပရိသတ်တွေရဲ့ ဒေါသထွက်စရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီရဲ့ အဖြစ်မျိုး နောက်တစ်ကြိမ် ကြုံလာရမှာကိုတော့ ဘယ်သူကမှ မလိုလားကြဘဲဖြစ်နေပြီး အဲ့ဒီတုန်းကလည်း အီတလီကလပ် ဂျူဗင်တပ်စ်ကို ရောင်းချဖို့ ချိတ်ဆက်ထားစဉ်မှာ ဈေးပိုပေးပြီး မန်ယူတို့က ခေါ်ယူသွားခဲ့သလို အဲ့ဒီရာသီမှာ ချန်ပီယံပါဖြစ်သွားခဲ့တာကတော့ သူတို့တွေအတွက် မိအေးနှစ်ခါနာဖြစ်ခဲ့ရတာပါ။

အဲ့ဒီတုန်းကနဲ့ တစ်ခုကွာခြားတာကတော့ ဗန်ပါစီဟာ စာချုပ်တစ်နှစ်ကျန် ကစားသမားဖြစ်နေခဲ့ချိန်မှာ အာဆင်ဝင်းဂါးတစ်ယောက် ဘာမှမတတ်နိုင်လို့ ရောင်းချခဲ့ရပြီး လက်ရှိ ဘာလိုဂန်ကတော့ ၂၀၂၅ ခုနှစ်အထိ နှစ်နှစ်စာချုပ်ကျန်တဲ့ ကစားသမားဖြစ်နေလို့ အခြေအနေကတော့ အာတီတာနဲ့ အာဆင်နယ်တို့ဘက်က ဆုတ်သာတက်သာ လုပ်သာကိုင်သာ ရှိနေခဲ့တာဖြစ်ပါတယ်။

အဲရစ် တန်ဟတ်အနေနဲ့ တိုက်စစ်ပိုင်းအတွက် အတ္တလန်တာတိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်လွန်းကိုလည်း ချိတ်ဆက်နေပေမယ့် ဘာဂါမို အခြေစိုက် စီးရီးအေကလပ်ရဲ့ ဈေးတောင်းကြမ်းနေမှုကြောင့် အခြေအနေက သိပ်အဆင်မပြေဘဲ ရှိနေချိန်မှာ ပြင်သစ်လိဂန်မှာ ရင်းမ်စ်အသင်းနဲ့ ၃၇ ပွဲကစား ၂၁ ဂိုးသွင်းထားခဲ့တဲ့ ဘာလိုဂန်က ဒိန်းမတ်သားရဲ့ ၃၂ ပွဲမှာ ၉ ဂိုးသာ ရတဲ့ ခြေစွမ်းထက် ပိုမိုသာလွန်နေတာက စိတ်ပြောင်းစရာဖြစ်ခဲ့ရတာပါ။

အာဆင်နယ်တို့အနေနဲ့ကတော့ ဘာလိုဂန်ကို သူတို့တွေ နဂိုမူလ ရည်ရွယ်ထားတဲ့ စီးရီးအေကလပ် မီလန်နှစ်သင်းကိုပဲ ရောင်းချသွားဖို့ ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး မန်ယူတို့ကို ပေးဖို့တော့ တတ်နိုင်သမျှ ရှောင်လွှဲသွားမှာဖြစ်သလို တန်ဟတ်ရဲ့ စိတ်ဝင်စားမှုကတော့ ဘယ်လောက် ခိုင်မာမလဲ၊ ဘယ်လိုကြိုးစားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.