La Liga Match Report Premier League

အဖြူတွေ ဝတ်ပြီး ညစ်ပတ်နေတဲ့ ဘာစီလိုနာကို အသာစီးနဲ့ကစားပြီး ငါးဂိုးဖုတ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ တင်းမ်ဘားတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ပါတေး၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ ထရော့ဆတ်နဲ့ ဂျေဆူးစ်တို့ကို တွဲဖက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ အာရူဟို၊ ခရစ္စတင်ဆန်၊ ဒက်စ်နဲ့ မားကို့စ် အလွန်ဆိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရိုမီယူ၊ ဂွန်ဒိုးဝမ်နဲ့ ပက်ဒရီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ အက်ဘ်ဒီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဘာစီလိုနာတို့အနေနဲ့ ညစ်ကျယ်ကျယ် ကစားသွားခဲ့ပြီး သူတို့ လူချရင်တော့ ကြည့်ကောင်းနေသလို သူတို့ကို လာထိရင်တော့ နည်းနည်းထိတာနဲ့ များများလှဲချခဲ့တာက ကဲ့ရဲ့စရာဖြစ်ခဲ့ပြီး အာဆင်နယ်တို့ကတော့ ဒီနေ့ပွဲမှာ ကာတာလန်သားတွေကို ခပ်တင်းတင်းပဲ ရင်ဆိုင်ခဲ့သလို ထိတယ်ဆိုရင်လဲ ဖြဲဖို့ အဆင်သင့်ဖြစ်နေခဲ့တာကို တွေ့ခဲ့ရတာပါ။

ပွဲချိန် ၇ မိနစ်မှာ ဘာစီလိုနာတို့ အဖွင့်ဂိုး စရသွားခဲ့ပြီး ဒီဂိုးကိုတော့ ပွဲကြီးတွေဆို Nerve ကြောင်တတ်တဲ့ အော်ဒီဂွါဒ်ရဲ့ ဘောလုံးပေးအမှားကနေ အက်ဘ်ဒီက ဘယ်ခြမ်းတောက်လျှောက်ဆွဲပြေးပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးတာကို ရာဖင်ညာ ကန်သွင်းရာမှာ ဂိုးသမား ရမ်းစ်ဒေးလ် ပုတ်ထုတ်သွားနိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ လီဗန်ဒေါ့ဗ်စကီးက ထပ်ပိတ်သွားခဲ့လို့ စပိန်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်လည်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ အော်ဒီဂွါဒ် လူပေးတာ ဘယ်သူ့ဆီမှ မရောက်ခဲ့ပေမယ့် ဘာစီလိုနာခံစစ်က ရှင်းထုတ်ဖို့ တုံ့ဆိုင်းနေတာကို ဆာကာက ဖြတ်ယူပြီး ထောင့်ကျဉ်းအနေအထားကနေ ညာခြေနဲ့ ကန်သွင်းနိုင်ခဲ့လို့ တာစတီဂန်ကို အနိုင်ယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာ ဧရိယာထဲကနေ ထရော့ဆတ် ပိတ်သွင်းရာမှာ လျှောထိုးပြီး တားဆီးဖို့ ကြိုးစားတဲ့ နောက်ခံလူ အာရူဟို လက်ထိတာကြောင့် ပင်နယ်တီ ပေးခဲ့ရပေမယ့် ဘယ်သူမှ ပြောမယ့်ဆိုမယ့်သူ ရှိပုံမရတဲ့ ဆာကာက “ပင်နယ်တီဆိုတာ ခြေလှမ်းက အသက်ပဲ”ဆိုတာကိုလည်း သိထားပုံ မပေါ်ဘဲ နှစ်လှမ်းလောက်နဲ့ ကန်သွင်းနိုင်မယ်လို့ ထင်နေတဲ့ ပုံစံမျိုးမှာ ဝက်စ်ဟမ်းနဲ့ ပွဲတုန်းကလိုမျိုးပဲ ဂိုးပေါက်မတည့်ဘဲ ဘေးကန်ပစ်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ ဘာစီလိုနာတို့ နောက်တစ်ကြိမ် ပြန်လည်ဦးဆောင်နိုင်ခဲ့သလို ဒီဂိုးကိုတော့ အာဆင်နယ်ဧရိယာ ညာဘက်ထိပ်မှာ ရတဲ့ ဖရီးကစ်ကနေ ရာဖင်ညာ ကန်သွင်းရာမှာ Wall ကာထားတဲ့ ထရော့ဆတ်နဲ့ထိပြီး လမ်းကြောင်းပြောင်းလာတဲ့ ဘောလုံးကို မြင်တောင် မမြင်ရသေးဘဲ ဘယ်ဘက်တိုင်ခြေကို ပြေးအောင်းနေတဲ့ လှေနံဓားထစ် စဆရကဂိုးသမား ရမ်းစ်ဒေးလ်ကြောင့် တခြားစီဖြစ်ပြီး ဂိုးပေးလိုက်ရတာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ အလွန်ဆိုကို ဖြတ်ကျော်သွားခဲ့တဲ့ ဆာကာက ဂိုးရှေ့ကို လှမ်းမ,ပေးရာမှာ အော်ဒီဂွါဒ်ရဲ့ ခေါင်းတိုက်ချက်က ပျော့ခဲ့ပေမယ့် ဘောလုံးလမ်းကြောင်းနားမှာ ရှိနေတဲ့ ဟာဗတ်ဇ်က တိုက်စစ်မှူးတို့ရဲ့ အသိစိတ်နဲ့ ထောက်ကန်သွင်းပြီး ပထမပိုင်းကိုတော့ နှစ်ဂိုးစီသရေနဲ့ ပြီးဆုံးစေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဘာစီလိုနာတို့ဘက်က တစ်သင်းလုံးကို လူစားလဲသွားခဲ့ပြီး ဂိုးသမား အီညာကီ ပင်ညာ၊ ခံစစ်မှာ ဆာဂျီ ရောဘတ်တို၊ ကွန်ဒီ၊ အဲရစ် ဂါစီယာနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို ထည့်သွင်းခဲ့သလို ကွင်းလယ်မှာတော့ ဖာမင်၊ ကက်ဆီယေးနဲ့ ဒီယုံးတို့ကို ပြန်ထိုင်သွားခဲ့ပြီး တိုက်စစ်မှာတော့ ဖယ်ရန် တောရက်စ်၊ ဒမ်ဘေလေနဲ့ အန်ဆူ ဖာတီတို့ကို နေရာချသွားခဲ့ချိန်မှာ အာဆင်နယ်တို့ကတော့ ဟာဗတ်ဇ်အစား စမစ်ရိုးကို ပြောင်းလဲအသုံးပြုခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ်တို့ ပွဲကို ပထမအကြိမ် ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂျေဆူးစ်ဆီ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို အဲရစ် ဂါစီယာ ခေါင်းတိုက်ဖျက်တာက နောက်က လိုက်လာတဲ့ ထရော့ဆတ်ဆီ ရောက်သွားချိန်မှာ ဘယ်လ်ဂျီယမ်သားက ခြေယောင်ပြပြီးမှ ဘယ်ခြေနဲ့ အနိမ့်ဘောကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အာဆင်နယ်တို့အနေနဲ့ အော်ဒီဂွါဒ်၊ တင်းမ်ဘား၊ ဆာလီဘာ၊ ပါတေးတို့အစား ဖာဘီယို ဗီယာရာ၊ တီယာနီ၊ ဂျော်ဂျင်ညိုနဲ့ ကီဗီယာတို့ကို လဲကစားသွားခဲ့လို့ ကွင်းလယ်က Intensity လျော့ကျသွားချိန်မှာ ဘာစီလိုနာတို့ကို ဘောလုံးအများစု ပေးကိုင်ခဲ့ရပြီး တန်ပြန်တိုက်စစ်ကိုပဲ အားပြုသွားခဲ့ရတာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ စတုတ္ထဂိုးကို ရယူပြီး ဆက်လက်ဦးဆောင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ နောက်ခံလူ တီယာနီရဲ့ အနိမ့်ဘော ဖြတ်တင်ပေးမှုကို ထရော့ဆတ်က ကြုံသလို ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ ဘာစီလိုနာခံစစ်နဲ့ ဂိုးသမားတို့ အငိုက်မိပြီး ကာကွယ်ချိန် မရဘဲ ဂိုးပေးလိုက်ရပြီးတဲ့နောက် ထရော့ဆတ်၊ ဂျေဆူးစ်၊ ဂါဘရီယယ်လ်နဲ့ ဆာကာတို့အစား မာတီနယ်လီ၊ နကီးတီးယား၊ ဟိုးလ်ဒင်းနဲ့ ကိုဇီယာ-ဒူဘယ်ရီတို့ကို အာတီတာက ထည့်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ ဘာစီလိုနာတို့ တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ အာဆင်နယ်ခံစစ်က ခွေးကြီးမှ လက်ပေးသင်လို့ မရတဲ့ ရပ်ကွက်အဆင့် ကစားသမား ဟိုးလ်ဒင်းရဲ့ ဘောလုံးတောင် အသုံးကျအောင် မထိန်းနိုင်တာကနေ ဒမ်ဘီလီက ဖြတ်ဆွဲပြေးပြီး ဧရိယာထဲကို ခင်းပေးရာမှာ ဖယ်ရန် တောရက်စ်က ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့လို့ လေးဂိုး-သုံးဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာ အာဆင်နယ်တို့ပဲ အနိုင်ကို ထိန်းသိမ်းဖို့ ပဉ္စမဂိုးကို ရှာဖွေသွားနိုင်ခဲ့ပြန်သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂျော်ဂျင်ညိုက ဧရိယာထိပ်ကို လှမ်းခင်းပေးတဲ့ ဘောလုံးကို မာတီနယ်လီ ထိန်းရာမှာ သေချာမမိလိုက်ဘဲ နောက်ကျန်ခဲ့ချိန်မှာ ဖာဘီယို ဗီယာရာက တစ်ချက်ထိန်းပြီး ရှေ့ကို ရောက်နေတဲ့ ဂိုးသမားရဲ့ ဘယ်ဘက်က အပေါ်ထောင့် ကွက်လပ်ကို တိတိကျကျ ကန်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ဘာစီလိုနာတို့ကို ငါးဂိုး-သုံးဂိုးနဲ့ တိုက်စစ်ချင်းပြိုင်ပြီး ဘာမထီစတိုင်နဲ့ အနိုင်ယူခဲ့သလို ရာသီကြိုမှာ ယုံကြည်မှုကို ပြန်လည်မြှင့်တင်နိုင်ခဲ့ပြီး နည်းပြ အာတီတာအတွက်တော့ ဒီနေ့ပွဲစဉ်က အားနည်းချက်၊ အားသာချက်တွေနဲ့ အမှားတွေ၊ ရှင်းထုတ်ရမယ့် ကစားသမားတွေကို သိမြင်ခွင့်က ပိုမိုကောင်းမွန်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

P.S: ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းတဲ့ အာဆင်နယ်တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်က ရရှိသွားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.