La Liga Match Report Premier League

အိုနာနာကို ငုတ်တုတ်မေ့စေပြီး မန်ယူကို ပညာပေးဆုံးမသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လူနင်၊ ခံစစ်မှာ ရူဒီဂါ၊ အလာဘာ၊ ဒါနီ ကာဗာဟယ်လ်နဲ့ ဖရန် ဂါစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီ၊ ကာမာဗင်ဂါနဲ့ မိုဒရစ်ချ်တို့ကို အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂိုနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့နှစ်ယောက်နောက်က ဘယ်လင်ဂမ်ကို လိုက်ကစားစေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား အိုနာနာကို စသုံးခဲ့ပြီး ခံစစ်မှာ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ကာစီမီရို၊ မိုင်နူး၊ ဘရူနို ဖာနန်ဒက်စ်၊ မေဆန်မောင်နဲ့ ဂါနာချိုတို့ကို စုဖွဲ့ပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ် တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာပဲ ရီးရဲလ်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ရူဒီဂါက မန်ယူနောက်တန်းပေါ် ကျော်ချပေးလိုက်တဲ့ ဘောလုံးကို လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ ဘယ်လင်ဂမ်က ရှေ့တက်လာခဲ့တဲ့ ဂိုးသမား အိုနာနာကို ဧရိယာအစပ်ကနေ အသာလေး ကျော်သွင်းပြီး Chipping ကန်ချက်နဲ့ အဖွင့်လှစေခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ကိုယ်နဲ့ Speed ချင်း မယှဉ်နိုင်တဲ့ ဗီနီးရှပ်စ်ကို ဝန်ဘစ်ဆာကာနဲ့ လွှတ်ပေးထားရမယ့်အစား အထူအပါး နားမလည်ဘဲ လိုက်မျောနေခဲ့တဲ့ ဗာရွန်းနဲ့ ကိုယ့်နေရာ ကိုယ်မသိဘဲ ခံစစ်တန်းကို အပေါက်ကြီး ပွင့်နေအောင် လွှတ်ပေးထားတဲ့ လီဆန်ဒရိုတို့ရဲ့ မာကင်တွေက လုံးဝစုတ်ပြတ်နေခဲ့တာကြောင့် ဘယ်လင်ဂမ်က အိုနာနာ အဖွင့်မလှအောင် ဆုံးမသွားနိုင်ခဲ့တာပါ။

ဂိုးပေးအပြီးမှာပဲ မိုင်နူးကို အဲရစ်ဆန်နဲ့ လဲကစားခဲ့ရတဲ့ မန်ယူတို့အနေနဲ့ လူငယ်တွေနဲ့ ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ရီးရဲလ်တို့ထက် ဘောလုံးပိုင်ဆိုင်မှုပိုင်းတွေမှာ ပိုသာခဲ့ပေမယ့် အခွင့်အရေး ဖန်တီးနိုင်မှုတွေမှာတော့ သူမသာ ကိုယ်မသာပဲ ဖြစ်နေခဲ့တာကြောင့် ပထမပိုင်းမှာ အလုပ်မဖြစ်ခဲ့တဲ့ တိုက်စစ်ပိုင်းနဲ့ စပိန်သားတွေကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ရီးရဲလ်မက်ဒရစ်တို့ဘက်က အလာဘာ၊ ကာဗာဟယ်လ်၊ ဘယ်လင်ဂမ်၊ ရူဒီဂါ၊ ဖရန် ဂါစီယာနဲ့ ချွာမင်နီတို့အစား အယ်ဒါ မီလီတို၊ လူးကပ်စ် ဗက်ဇ်ကေးဇ်၊ ဗယ်လ်ဗာဒီ၊ နာချို၊ ဖယ်လွန် မန်ဒီနဲ့ တိုနီ ခရူးစ်တို့ကို လဲကစားလာခဲ့သလို မန်ယူတို့ဘက်ကတော့ အပြောင်းအလဲ မလုပ်ဘဲ တစ်နာရီပြည့်အောင် စောင့်ဆိုင်းသွားခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ မန်ယူတို့ဘက်က အဲရစ်ဆန်၊ ဂါနာချို၊ ဝန်ဘစ်ဆာကာ၊ ရက်ရှ်ဖို့ဒ်၊ မေဆန်မောင့်၊ လုခ်ရှော၊ ဗာရွန်း၊ ကာစီမီရိုနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့အစား ဗန်ဒဘိခ်၊ အန်တိုနီ၊ ဒါလော့၊ ဆန်ချို၊ ပယ်လစ္စထရီ၊ မက်တော်မီနေး၊ မက်ဂွိုင်းယား၊ ဘရန်ဒန် ဝီလီယမ်စ်နဲ့ လင်ဒီလော့ဖ်တို့ ဝင်လာခဲ့ကြပြီး ရီးရဲလ်တို့ဘက်ကတော့ မိုဒရစ်ချ်၊ ရိုဒရီဂိုနဲ့ ဗီနီးရှပ်စ်တို့အစား ဘရာဟင်မ် ဒီယက်ဇ်၊ ဟိုဆေးလူးနဲ့ ပက်ဇ်တို့ကို လဲကစားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ရီးရဲလ်တို့ဘက် ဒုတိယ အနိုင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ တိုနီ ခရူးစ် တင်ပေးလိုက်တာကို ညာခြမ်းက ရသွားတဲ့ ဗက်ဇ်ကေးဇ်က ဂိုးရှေ့ကို ပြန်မ,ပေးရာမှာ မန်ယူနောက်တန်းရဲ့ မာကင်ကို ခွာထွက်သွားတဲ့ ဟိုဆေးလူးက ဘိုင်စကယ်ကစ်နဲ့ လှလှပပ သွင်းယူသွားခဲ့လို့ အိုနာနာတစ်ယောက် ငုတ်တုတ်မေ့ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ရီးရဲလ်မက်ဒရစ်တို့က မန်ယူတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့သလို ရှုံးပွဲတွေ့ခဲ့တဲ့ တန်ဟတ်ရဲ့ လူတွေအနေနဲ့ ပြီးခဲ့တဲ့ လူငယ်တွေရဲ့ ရက်စ်ဟမ်းနဲ့ ရှုံးပွဲကိုလည်း မန်ချက်စတာယူနိုက်တက်ဆိုတဲ့ နာမည်အောက်မှာပဲ ကစားခဲ့တာဖြစ်လို့ နှစ်ပွဲဆက်တိုက်ရှုံးခဲ့ရသလို ဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.