Bundesliga Match Report Premier League

ဘိုင်ယန်မြူးနစ်ကို ဂျပန်မြေမှာ အနိုင်ယူခဲ့တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဂျွန်စတုန်းစ်၊ ရူဘင် ဒီယက်စ်၊ ဝေါ်လ်ကာနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ ကိုဗာချစ်ချ်၊ ဂရီးလစ်ရှ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ မက္ကာတီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကတော့ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အူပါမီကာနို၊ ပါဗတ်၊ မာဇရာဝီနဲ့ ဒေးဗီးစ်တို့ကို တွဲဖက်ပေးလာခဲ့သလို ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ လိုင်မာ၊ မူစီယာလာ၊ ဆာနေးနဲ့ ကိုမွန်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂနာဘရီကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဝေါ်လ်ကာ ပေးတာကို ရီကို လူးဝစ္စက ဒေးဗီးစ်ကို ကျော်ဖြတ်ပြီးမှ ဧရိယာထဲ ချိုးပေးတာကို အယ်လ်ဗာရက်ဇ် ပိတ်သွင်းရာမှာ ဂိုးသမား ဆွမ်းမားက တားဆီးနိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ မက္ကာတီးက ပိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ တစ်ဂိုး-ဂိုးမရှိနဲ့ မန်စီးတီးတို့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ စတုန်းစ်၊ မက္ကာတီး၊ အယ်လ်ဗာရက်ဇ်၊ ဝေါ်လ်ကာ၊ ဂရီးလစ်ရှ်၊ ရီကို လူးဝစ္စ၊ ရူဘင် ဒီယက်စ်၊ ကိုဗာချစ်ချ်၊ ဘာနာဒို ဆေးလ်ဗားတို့အစား ဘော့ဘ်၊ ဖိုဒန်၊ ဟားလန်း၊ ဆာဂျီယို ဂိုမက်ဇ်၊ ဂျာအို ကန်ဆယ်လို၊ လာပေါ့တ်၊ ရိုဒရီ၊ ကယ်လ်ဗင် ဖိလစ်နဲ့ ပါရိုနီတို့ကို ပြောင်းလဲသွားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်ဘက်ကတော့ ဆွမ်းမား၊ မာဇရာဝီ၊ ဒေးဗီးစ်၊ ကင်းမစ်ချ်၊ ပါဗတ်၊ ကိုမွန်၊ ဆာနေး၊ အူပါမီကာနို၊ လိုင်မာ၊ ဂနာဘရီနဲ့ မူစီယာလာတို့ အစား အူးလ်ရိတ်ချ်၊ ဘူနာဆားရ်၊ ကရက်ဇစ်ချ်၊ ဂေါ်ရက်ဇ်ကာ၊ တစ်ခ်ဗစ်ချ်၊ ဗန်နာ၊ မာနေး၊ စတန်နီရှစ်ချ်၊ ဂရာဗင်ဘာ့ချ်နဲ့ တဲလ်တို့ကို လူစားသွင်းသွားခဲ့ကြပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ ဘိုင်ယန်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ ကရက်ဇစ်ချ်က ဧရိယာထဲအထိ ဆွဲဝင်လာပြီး အနိမ့်ဘော ချိုးပေးတာကို ဗန်နာက ပိတ်သွင်းခဲ့ရာမှာ မန်စီးတီးဂိုးသမား အီဒါဆန် ပုတ်ထုတ်ခဲ့ပေမယ့် နောက်က ပြေးဝင်လာတဲ့ တဲလ်က အနီးကပ် ပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ မန်စီးတီးတို့ အနိုင်ဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ အတိုပေးပြီး ဧရိယာထဲ ဝင်လာတဲ့ ဖိုဒန်ရဲ့ ကန်ချက် နှစ်ကြိမ်ဆက်တိုက် လူထိပြီး ပြန်ထွက်လာတာကနေ ဂိုးရှေ့မှာ ရှိနေတဲ့ လာပေါ့တ်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ ဒီနေ့မှာ မြင်ခဲ့ရတဲ့ သုံးဂိုးစလုံးက Rebound တွေနဲ့ ပိုက်ထဲ ရောက်သွားခဲ့တာကလည်း တိုက်ဆိုင်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဂျပန်နိုင်ငံက ရာသီကြို ခြေစမ်းပွဲမှာ မန်ချက်စတာစီးတီးတို့က ဘိုင်ယန်မြူးနစ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့သလို ဘောလုံးကိုင်တဲ့ အသင်းနဲ့ ကောင်တာမြန်မြန်ကစားတဲ့ အသင်းတို့ရဲ့ ပြိုင်ပွဲမှာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.