International Match Report

အူနိုင်း ဆီမွန်ရဲ့ ပင်နယ်တီလက်စွမ်းနဲ့ ခရိုအေးရှားကို ကျော်ဖြတ်ဗိုလ်စွဲခဲ့တဲ့ စပိန်

စပိန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ လူနော်မွန်၊ လာပေါ့တ်၊ ဟေဆူး နာဗက်စ်နဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဖာဘီယန် ရူးဝီးဇ်နဲ့ ဂါဗီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဆန်စီယို၊ ပီနိုနဲ့ မိုရာတာတို့ကိုပဲ ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားတို့ကတော့ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ ရှူတာလို၊ အာလစ်ချ်၊ ယူရာနိုဗစ်ချ်နဲ့ ပါရီရှစ်ချ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရိုဇိုဗစ်ချ်၊ မိုဒရစ်ချ်နဲ့ ကိုဗာချစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပါရှာလစ်ချ်၊ အီဗန်နူရှက်ချ်နဲ့ ခရာမာရစ်ချ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ဒီနေ့ပွဲမှာ စပိန်တို့ပဲ ပွဲကို ထိန်းချုပ်ကစားခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေ ရယူနိုင်ခဲ့ပေမယ့် ခရိုအေးရှားတို့ကလည် ပါးပါးနပ်နပ်နဲ့ ပိတ်ဆို့သွားခဲ့လို့ ဂိုးသမား လီဗာကိုဗစ်ချ် သိပ်ပြီး အလုပ်မများခဲ့ပေမယ့် မိုဒရစ်ချ်ရဲ့ ဖြတ်တင်ဘောတွေကနေ အရပ်ပုတဲ့ ဟေဆူး နာဗက်စ်ကို အခွင့်ကောင်းယူပြီး ခေါင်းတိုက်ဖို့ ကြိုးစားခဲ့တဲ့ ပါရီရှစ်ချ်ကြောင့် ဂိုးသမား အူနိုင်း ဆီမွန်ကတော့ ပထမပိုင်းမှာ နှစ်ကြိမ်ကာကွယ်ခဲ့ရပြီး ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

စပိန်တို့ဘက်က မိုရာတာတို့ တိုက်စစ်သမားတွေ ခြေစွမ်းမပြနိုင်သလို ခရိုအေးရှားတို့ဘက်ကလည်း ကွင်းလယ်နဲ့ တောင်ပံတွေက တိုက်စစ်ကိုပဲ အားကိုးနေခဲ့ရပြီး ပါရီရှစ်ချ်ကတော့ တိုက်စစ်မှူးတစ်ယောက်လို အားကိုးခဲ့ရပြီး ဒုတိယပိုင်းမှာတော့ ပါရှာလစ်ချ်၊ အီဗန်နူရှက်ချ်နဲ့ ခရာမာရစ်ချ်တို့အစား ပက်ကိုဗစ်ချ်၊ ဗလာရှစ်ချ်နဲ့ မိုင်ယာတို့ကို ခရိုအေးရှားတို့ လဲကစားလာခဲ့တာပါ။

စပိန်တို့ကတော့ မိုရာတာ၊ ပီနို၊ ဖာဘီယန် ရူးဝီးဇ်၊ လူနော်မွန်နဲ့ ဂါဗီတို့အစား ဟိုဆေးလူး၊ အန်ဆူ ဖာတီ၊ မယ်ရီနို၊ နာချိုနဲ့ ဒါနီ အိုလ်မိုတို့ကို လဲကစားခဲ့ပြီး တိုက်စစ်ကို အလုပ်ဖြစ်အောင် ပြောင်းလဲခဲ့ပေမယ့် ခရိုအေးရှားခံစစ်နဲ့ ဂိုးသမားတို့ အမှားမရှိခဲ့သလို ပါရီရှစ်ချ်ကလည်း ဂိုးစည်းရှေ့ကနေ အပိုင်တစ်လုံးကို ရှင်းထုတ်နိုင်ခဲ့လို့ မိနစ် ၉၀ မှာလည်း ဘဲဥမကွဲခဲ့ကြပဲ ရှေ့နှစ်နှစ်တုန်းက ဖိုင်နယ်တွေလို ပွဲချိန်ထဲမှာ အဖြေမပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

အချိန်ပိုမှာတော့ စပိန်တို့ရဲ့ ဂိုးရှေ့ရောက်ရင် အီနေတဲ့ တိုက်စစ်ထက် ခရိုအေးရှားတို့ရဲ့ ကောင်တာတွေကတောင် ရင်ခုန်ဖို့ ပိုကောင်းခဲ့ပြီး စပိန်တို့ဘက်က ဟေဆူး နာဗက်စ်အစား ဒါနီ ကာဗာဟယ်လ် ဝင်လာခဲ့သလို ခရိုအေးရှားတို့ဘက်ကတော့ ယူရာနိုဗစ်ချ်အစား စတန်နီရှစ်ချ် ဝင်ကစားပြီးတဲ့နောက် ပင်နယ်တီ ကန်သွင်းဖို့ပဲဖြစ်လာခဲ့ပါတယ်။

ပင်နယ်တီမှာတော့ ခရိုအေးရှားတို့ စကန်ခဲ့ရပြီး ဗလာရှစ်ချ်၊ ဘရိုဇိုဗစ်ချ်၊ မိုဒရစ်ချ်နဲ့ ပါရီရှစ်ချ်တို့ ဝင်အောင်ကန်နိုင်ခဲ့ပေမယ့် မိုင်ယာရဲ့ စတုတ္ထမြောက် အလုံးကိုတော့ ဂိုးသမား အူနိုင်း ဆီမွန်က ကာကွယ်သွားနိုင်ခဲ့သလို စပိန်တို့ဘက်ကတော့ ဟိုဆေးလူး၊ ရိုဒရီ၊ မယ်ရီနိုနဲ့ အဆန်စီယိုတို့ ဝင်အောင်ကန်နိုင်ခဲ့ကြပြီး နောက်ဆုံးအလုံးမှာတော့ ရမ်းသမ်းပြီး လှဲချနေတဲ့ ဂိုးသမား လီဗာကိုဗစ်ချ်ကို လာပေါ့တ်က လှည့်စားနိုင်ခဲ့ပေမယ့် ဘားထိထွက်ခဲ့လို့ ငါးကြိမ်စီ ကန်အပြီးမှာ လေးဂိုးစီသရေဖြစ်နေခဲ့ကြတာပါ။

ဆဋ္ဌမမြောက် ပင်နယ်တီကို ခရိုအေးရှားတို့ဘက်က ပက်ကိုဗစ်ချ် ကန်ရာမှာ အူနိုင်း ဆီမွန်ကပဲ ပုတ်ထုတ်နိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ စပိန်တို့ဘက်က ဒါနီ ကာဗာဟယ်လ်က ပါနင်ကာကန်ချက်နဲ့ လီဗာကိုဗစ်ချ်ကို ကျော်သွင်းယူနိုင်ခဲ့တာကြောင့် စပိန်တို့ ငါးဂိုး-လေးဂိုးနဲ့ အောင်ပွဲခံခဲ့ပြီး တတိယအကြိမ်မြောက် နေးရှင်းလိဂ် ဖိုင်နယ်မှာ ဗိုလ်စွဲသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.