International Match Report

ဂန်းနားလေး ဆာကာရဲ့ ဟက်ထရစ်နဲ့ မက်ဆီဒိုးနီးယားကို ချေမှုန်းလိုက်တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ဖျက်မြင်းအသင်းလို့ ဆိုရမယ့် မြောက်မက်ဆီဒိုးနီးယားကို အိမ်ကွင်းမှာ ဂိုးပေါက်ကန်ခွင့်ရော ဂိုးပေါက် တည့်မှုမှာပါ တစ်ကြိမ်မှာ အခွင့်အရေး မပေးဘဲ ထိန်းချုပ်ကစားသွားခဲ့သလို “ငါတို့ဟာ အီတလီတွေ မဟုတ်ကြောင်း” ပြောရင်း ဆာကာရဲ့ ဟက်ထရစ်နဲ့အတူ ခုနစ်ဂိုးအထိ ပညာပေး ကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်အနေနဲ့ ပြီးခဲ့တဲ့ မော်လ်တာနဲ့ပွဲက လူစာရင်းကို သုံးနေရာ အပြောင်းအလဲလုပ်ထားခဲ့ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ မက်ဂွိုင်းယား၊ ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာနဲ့ လုခ်ရှောတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဟန်ဒါဆန်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ် သုံးဦးကို တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ ရက်ရှ်ဖို့ဒ်နဲ့ ဟာရီကိန်းတို့ကို အသုံးပြုခဲ့တာပါ။

အဝေးကွင်းမှာ ၅-၃-၂ ကစားကွက်ကို အသုံးပြုလာခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားတို့အနေနဲ့ နက်စတာရော့ဗ်စကီး၊ ထရိုင်ကော့ဗ်စကီး၊ အာလီယော့စကီး၊ ဘာဒီ၊ အဲလ်မတ်စ်တို့လို စီးရီးအေနဲ့ လာလီဂါမှာ ကစားနေကြတဲ့ ကစားသမားတွေ ပါဝင်နေခဲ့ပေမယ့်လည်း အိုးလ်ထရက်ဖို့ဒ်မှာတော့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးပဲ ဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာ အင်္ဂလန်တို့ အဖွင့်ဂိုးကို စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဟန်ဒါဆန် တင်ပေးလိုက်တာကို ဘယ်ခြမ်းကနေ ရက်ရှ်ဖို့ဒ်က လိုက်လံရယူပြီး ဧရိယာထဲ မျှောထိုးပေးရာမှာ လုခ်ရှောက ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးမှုကို ဟာရီကိန်းက အပိုင်ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ အင်္ဂလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ အပေးအယူလုပ်ပြီး နောက်ခံလူ ဝေါ်လ်ကာက ဧရိယာထဲကို ဖြတ်ချိုးပေးတာကို ဆာကာက တစ်ချက်ထိန်းပြီး ဘယ်နဲ့ကန်မယ်လို့ ထင်နေကြတဲ့ တစ်ဖက်နောက်ခံလူတွေကို ညာခြေနဲ့ ကျုံးကန်ပြပြီး ထောင့်ကျဉ်းအနေအထားကနေ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာ အင်္ဂလန်တို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မြောက်မက်ဆီဒိုးနီးယားတို့ မသေမသပ်နဲ့ နောက်ပြန်ပေးတဲ့ ဘောလုံးကို ဟာရီကိန်းက ဖြတ်ယူပြီး ထိုးပေးတာကို ဟန်ဒါဆန်က ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က အနီးကပ် ပိတ်သွင်းပြီး ပထမပိုင်းကို သုံးဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးစေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ အင်္ဂလန်တို့ပဲ စတုတ္ထသွင်းဂိုးနဲ့ ရှေ့ဆက်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အသားသေနေတဲ့ ညာခြေနဲ့ လူတောင်မကြည့်ဘဲ ကန်တင်ပေးလိုက်တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ အဝေးဘော ပေးပို့မှုကို ဆာကာက လိုက်လံရယူပြီး မြောက်မက်ဆီဒိုးနီးယားခံစစ်မှူးနှစ်ယောက်ကြားကနေ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမားပါ ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ အင်္ဂလန်တို့အတွက် ပဉ္စမဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ် ပေးတာ မလွတ်ဘဲ ကျန်ခဲ့တဲ့ ဘောလုံးကို ပြန်ရသွားတဲ့ ဟာရီကိန်းက မြောက်မက်ဆီဒိုးနီးယားခံစစ်ကြားထဲကို ကွက်တိခင်းပေးရာမှာ လူကျွံထောင်ချောက်ကြားက ပြေးထွက်သွားနိုင်ခဲ့တဲ့ ဆာကာက ဂိုးသမားနဲ့ အတွေ့မှာ သူ့ရဲ့ ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်အဖြစ် အနိမ့်ဘော ကန်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ အင်္ဂလန်အသင်းအတွက် အကြိမ် ၉၀ မြောက်နဲ့ ဒုတိယ အသက်အငယ်ဆုံး ဟက်ထရစ်ကို ရယူပေးထားတဲ့ ဆာကာကို ဖိုဒန်နဲ့ လူစားလဲခဲ့ပြီး ဟန်ဒါဆန်၊ ဒက်ကလန် ရိုက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကိုလည်း ဂါလာဂါ၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဂရီးလစ်ရှ်တို့ကို ထည့်သွင်းပြီး အနားပေးသွားခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ အင်္ဂလန်တို့ ဂိုးဒါဇင်ဝက်ပြည့်သွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ လုခ်ရှောနဲ့ အပေးအယူလုပ်ပြီး ဂရီးလစ်ရှ်က ဖြတ်တင်ပေးရာမှာ ဟာရီကိန်း ပိတ်မသွင်းနိုင်အောင် တားဆီးတဲ့ နက်စတာရော့ဗ်စကီးရဲ့ ဖျက်ထုတ်မှုကနေ ဘယ်ဘက်တိုင်ခြေကို ကျလာခဲ့တဲ့ ဘောလုံးကို ကယ်လ်ဗင် ဖိလစ်က ပြေးပိတ်သွားခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ သတ္တမဂိုးနဲ့ အင်္ဂလန်တို့ ပျော်ရွှင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ခေါင်းတိုက်ဖို့ ဧရိယာထဲ ပြေးဝင်လာတဲ့ ဂျွန်စတုန်းစ်ကို တစ်ဖက်နောက်ခံလူ ဘိုင်တူလိုင်က ဆွဲလှဲခဲ့တာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ ဟာရီကိန်းက ၈၄ ပွဲမှာ ၅၈ ဂိုးမြောက်အဖြစ် အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အင်္ဂလန်တို့က မြောက်မက်ဆီဒိုးနီးယားတို့ကို ခုနစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပြီး ဒီပွဲရလဒ်ကြောင့် ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(စီ)မှာ ၄ ပွဲကစား ၁၂ မှတ်နဲ့ ရာနှုန်းပြည့်မှတ်တမ်းကို ထိန်းသိမ်းနိုင်ခဲ့သလို ပြိုင်ဘက်ကို လုံးဝ အခွင့်အရေးမပေးတဲ့ စိုးမိုးအနိုင်ယူမှုနဲ့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.