International Match Report

ကောင်တာတစ်ပေါက်နဲ့ ဒတ်ချ်တွေကို ဆုံးမပြီး နေးရှင်းလိဂ်ကြေးတံဆိပ် ယူတဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ အချယ်ဘီ၊ ဘွန်ဂျော်နို၊ တိုလိုအီနဲ့ ဒီမာကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီ၊ ခရစ္စတန်တေနဲ့ ဖရက်တေစီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂနွန်တို၊ ရက်စ်ပါဒိုရီနဲ့ ရီတီဂီတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် နယ်သာလန်တို့ကတော့ ဂိုးသမား ဘိုင်လိုး၊ ခံစစ်မှာ ဂီယာထရီဒါ၊ ဗန်ဒိုက်၊ ဒမ်းဖရီးစ်နဲ့ အာကေတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဗီးဖာ၊ ဖရင်ကီ ဒီယုံးနဲ့ ဇာဗီ ဆီမွန်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မာလန်၊ နိုအာလန်းနဲ့ ဂက်ခ်ပိုတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာကတည်းက အီတလီတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဖြတ်တင်ဘောကို ဂိုးရှေ့မှာ ရီတီဂီ ပိတ်သွင်းဖို့ ကြိုးစားရာမှာ မထိဘဲ ပြန်ကျလာတဲ့ ဘောလုံးကို ရက်စ်ပါဒိုရီက နောက်ပေါက်နဲ့ ချပေးရာမှာ ဒီမာကိုက အင်တာအသင်းဖော် ဒမ်းဖရီးစ် ဝင်တားတဲ့ကြားကနေ အပြင်းကန်သွင်းပြီး လှလှပပ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ အီတလီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဒမ်းဖရီးစ်ကို ခဏခဏ အနိုင်ယူနေတဲ့ ဒီမာကိုက ဖြတ်တင်ပေးတာကို ဧရိယာထဲမှာ ပြန်ရသွားတဲ့ ဂနွန်တို ကန်ချက်က နယ်သာလန်ခံစစ်နဲ့ ငြိပြီး ထွက်လာတာကို ဖရက်တေစီက လူကျွံထောင်ချောက်ကြားကနေ ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ အီတလီတို့က အိမ်ရှင် နယ်သာလန်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ နည်းပြ ရော်နယ်လ် ကိုးမန်းက မာလန်၊ နိုအာလန်းနဲ့ ဂီယာထရီဒါတို့အစား ဘာ့ဂ်ဗိုင်း၊ ဗက်ဂ်ဟော့စ်နဲ့ ဗိုင်နယ်လ်ဒွမ်တို့ကို ထည့်ပြီး တင်ကစားလာခဲ့သလို ဘောလုံးပိုင်ဆိုင်မှု အများစုကို ပွဲကို စိုးမိုးလာခဲ့တာကြောင့် မန်ချီနီကတော့ ရက်စ်ပါဒိုရီနဲ့ ဂနွန်တိုတို့အစား ခီယေးဆာနဲ့ ဇာနျိုလိုတို့ကို ပြောင်းလဲသွားခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာ နယ်သာလန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဂက်ခ်ပို ဖြတ်တင်ပေးတာကို တားဆီးဖို့ ကြိုးစားတဲ့ ဗာရက်တီရဲ့ ခေါင်းတိုက်ချက် ပြန်ကျလာတာကို လူစားဝင်တောင်ပံသမား ဘာ့ဂ်ဗိုင်းက ကန်မလိုနဲ့ တစ်ချက် ခေါက်ပြီးမှ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ အီတလီတို့ ဦးဆောင်မှုကို ပြန်လည်တိုးမြှင့်နိုင်ခဲ့ကြသလို တတိယဂိုး ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဖရက်တေစီက ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ တောင်ပံတစ်လျှောက် ဆွဲယူခွင့်ရသွားတဲ့ ခီယေးဆာက ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး ကန်သွင်းဖို့ ကြိုးစားရာမှာ ကန်ချက်က မကောင်းခဲ့ပေမယ့် ဂိုးသမား ဘိုင်လိုး တွက်ချက်ကာကွယ်ပုံ ညံ့ခဲ့လို့ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ နယ်သာလန်တို့အတွက် မျှော်လင့်ချက်ရှိစေမယ့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘာ့ဂ်ဗိုင်း ဘောလုံးပြန်လုလာပြီး အတွင်းကို ချိုးပေးတာကို လူစားဝင်ကစားသမား ဗီးယားမန်းက ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ဗိုင်နယ်လ်ဒွမ်က အနီးကပ်ကန်သွင်း ရယူသွားခဲ့တာပါ။

ဒါပေမယ့် နာကျင်အချိန်ပို ၁၁ မိနစ်အထိ ရခဲ့တဲ့ လက်ကျန်ပွဲချိန်တွေမှာ နောက်တစ်ဂိုး ထပ်ရအောင်တော့ ဒတ်ချ်တွေ မစွမ်းဆောင်နိုင်ခဲ့ကြတာကြောင့် ပွဲချိန်အပြည့်မှာ အီတလီတို့ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရသွားခဲ့ပြီး နေးရှင်းလိဂ်နောက်ဆုံးအဆင့် ပွဲစဉ်တွေရဲ့ တတိယနေရာကို ရယူနိုင်ခဲ့ချိန်မှာ အိမ်ရှင်အဖြစ် ကစားခွင့်ရခဲ့တာတောင်မှ ဆီမီးဖိုင်နယ်ရော တတိယလုပွဲပါ ရှုံးတဲ့ နယ်သာလန်တို့ကတော့ မျက်နှာပျက်စရာဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.