International Match Report

ဩစတေးလျကို နှစ်ဂိုးပဲ သွင်းနိုင်ခဲ့လို့ မက်ဆီနားဖို့ ခက်ဦးမယ့် အာဂျင်တီးနား

အာဂျင်တီးနားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ရိုမဲရိုး၊ အော့တာမန်ဒီ၊ မိုလီနာနဲ့ အကူးညားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဇို ဖာနန်ဒက်ဇ်၊ မက္ကယ်လစ္စတာနဲ့ ဒီပေါလ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒီမာရီယာ၊ မက်ဆီနဲ့ နီကိုလာ ဂွန်ဇာလက်ဇ်တို့ ပွဲထွက်ခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပွဲကို ဩစတေးလျတို့ကတော့ ဂိုးသမား ရိုင်ယန်၊ ခံစစ်မှာ ဆောက်တာ၊ ရိုးလ်စ်၊ အက်ကင်ဆန်နဲ့ ဂျော်ဒန် ဘော့စ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘက်ကပ်စ်၊ အိုနီးလ်၊ လက်ကီးနဲ့ မက်ဂရီးတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဂျုခ်နဲ့ မက်လာရင်တို့ တွဲဖက်ကစားလာခဲ့ကြတာပါ။

ပွဲချိန် ၂ မိနစ်မှာကတည်းက အာဂျင်တီးနားတို့ အဖွင့်ဂိုး ရခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ပလာတာများနေတဲ့ ဩစတေးလျတို့ဆီကနေ အန်ဇို ဖာနန်ဒက်ဇ်က ဖြတ်ယူပြီး ခင်းပေးတာကို မက်ဆီက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့ရာမှာ လူကြားထဲကနေ ဂိုးတိုင်ဘယ်ဘက်ထောင့်ကို ဝင်သွားခဲ့တာကြောင့် ဂိုးသမား ရိုင်ယန် ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

၂၀၂၂ ကာတာကမ္ဘာ့ဖလားက ရှုံးထွက်ပွဲစဉ်အပြီး စိတ်မကျေပွဲ တွေ့ဆုံမှုမှာ ဩစတေးလျတို့ စောစောစီးစီး ဦးကျိုးသွားခဲ့ပြီး နည်းပြ စကာလိုနီရဲ့ နည်းစနစ်ပိုင်းနဲ့ ပိုမိုအသားကျလာခဲ့တဲ့ အာဂျင်တီးနားတို့ကို မယှဉ်နိုင်ခဲ့ချိန်မှာ မက်ဆီတို့အဖွဲ့အနေနဲ့ အခွင့်အရေး အသုံးချနိုင်မှုပိုင်းမှာ အားနည်းလို့သာ ပထမပိုင်းက တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားတို့ဘက်က အော့တာမန်ဒီ၊ ဒီမာရီယာနဲ့ မက္ကယ်လစ္စတာတို့အစား ပက်ဇယ်လာ၊ လိုဆဲလ်ဆိုနဲ့ ဟူလီယန် အယ်လ်ဗာရက်ဇ်တို့ ဝင်ကစားလာခဲ့ကြသလို ဩစတေးလျတို့ဘက်ကတော့ မက်လာရင်၊ ဂျုခ်နဲ့ အိုနီးလ်တို့အစား ဟရူးစတစ်ချ်၊ ဘော်ရဲလိုနဲ့ ဂျင်ရူးတို့ကို ထည့်သွင်းလာခဲ့ကြပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ အာဂျင်တီးနားတို့ပဲ ဒုတိယဂိုး ထပ်မံသွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ မက်ဆီနဲ့ ဒီပေါလ်တို့ အပေးအယူလုပ်ပြီး ဒီပေါလ်က ဩစတေးလျခံစစ်ပေါ်ကနေ ဂိုးရှေ့ကိ ကျော်တင်ပေးခဲ့ရာမှာ လူစားဝင်နောက်ခံလူ ပက်ဇယ်လာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ အာဂျင်တီးနားတို့ဘက်က နီကိုလာ ဂွန်ဇာလက်ဇ်၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဒီပေါလ်တို့အစား ဂါနာချို၊ ပါရေးဒက်စ်နဲ့ ဂီဒို ရိုဒရီးရက်ဇ်တို့ကို ထည့်သွင်းသွားခဲ့ကြပြီး ဩစတေးလျတို့ဘက်ကတော့ အက်ကင်ဆန်၊ မက်ဂရီးနဲ့ လက်ကီးတို့အစား စထရိန်း၊ မက်ကာ့လ်ဖ်နဲ့ ရောဘတ်ဆန်တို့ကို ပြောင်းလဲသွားခဲ့ကြပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဂျင်တီးနားတို့က ဩစတေးလျတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ခဲ့အပြီးမှာ အသင်းကပ္ပတိန် မက်ဆီအတွက် အနည်းငယ် ပြန်စဉ်းစားစရာဖြစ်ခဲ့ပြီး သူမှ ဂိုးမသွင်းရင် တိုက်စစ်က သွင်းမယ့်သူ မရှိတဲ့ အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားမှာ မျက်စိသူငယ် နားသူငယ်နဲ့ ထားပစ်ခဲ့ဖို့ စိတ်မဖြောင့်စရာဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.