International Match Report

မိုဒရစ်ချ်အားကိုးနဲ့ ဒတ်ချ်တွေကို အနိုင်ယူပြီး အချိန်ပိုမှာ ဖိုင်နယ်တက်တဲ့ ခရိုအေးရှား

ဥရောပ နေးရှင်းလိဂ်ရဲ့ ဆီမီးဖိုင်နယ် အကြိုဗိုလ်လုပွဲကို နယ်သာလန်တို့အနေနဲ့ အိမ်ကွင်း ရော့တာဒမ်မှာ လက်ခံကစားခဲ့ရပေမယ့် ခရိုအေးရှားတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အတွေ့အကြုံကို မယှဉ်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရပြီး မိုဒရစ်ချ် ဦးဆောင်တဲ့ ဝါရင့်တွေရဲ့ အစွမ်းပြပွဲကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ ရှူတာလို၊ ဗီဒါ၊ ယူရာနိုဗစ်ချ်နဲ့ ပါရီရှစ်ချ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘရိုဇိုဗစ်ချ်၊ ကိုဗာချစ်ချ်နဲ့ မိုဒရစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါရှာလစ်ချ်၊ အီဗန်နူရှက်ချ်နဲ့ ခရာမာရစ်ချ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

အိမ်ရှင် နယ်သာလန်တို့ကတော့ ဂိုးသမား ဘိုင်လိုး၊ ခံစစ်မှာ ဂီယာထရီဒါ၊ ဗန်ဒိုက်၊ ဒမ်းဖရီးစ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗိုက်ဖာ၊ ကူးပ်မိန်နာစ်နဲ့ ဖရင်ကီ ဒီယုံးတို့ကို တွဲဖက်ပေးလာခဲ့သလို တိုက်စစ်မှာတော့ မာလန်၊ ဇာဗီ ဆီမွန်စ်နဲ့ ဂက်ခ်ပိုတို့ရဲ့ လူငယ်အတွဲကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားတို့ရဲ့ အတွေ့အကြုံပိုင်းမှာ အကောင်းဆုံးပုံစံကို ရောက်နေတဲ့ ကွင်းလယ်ကြောင့် အဝေးကွင်းမှာ ဘောလုံးကိုင်ကစားသွားနိုင်ခဲ့သလို နယ်သာလန်တို့ကတော့ ပွဲကို စိုးမိုးနိုင်မှု နည်းခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာ မိုဒရစ်ချ်ရဲ့ ကန်ချက် ဂိုးဝင်သွားခဲ့ပေမယ့် မကန်ခင်မှာ ဂိုးသွင်းဖို့ ကြိုးစားတဲ့ ပါရှာလစ်ချ်က အာကေရဲ့ ခေါင်းကို ကန်မိမလိုဖြစ်ခဲ့တာကြောင့် ပြစ်ဒဏ်ဘော သတ်မှတ်ခံခဲ့ရတာကြောင့် ဧည့်သည်တွေ ဂိုးစမရခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ နယ်သာလန်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဂက်ခ်ပို ရယူပေးခဲ့တဲ့ ဘောလုံးကို အာကေက ဧရိယာထဲ ခင်းပေးရာမှာ ဒီယုံးက မကန်ဘဲ ညာဘက်ကို ထပ်ချိုးပေးခဲ့တာကို အဆင်သင့် လိုက်ပါလာခဲ့တဲ့ မာလန်က အဝေးတိုင်ထောင့်ကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ ခရိုအေးရှားတို့ ပြန်လည်ချေပနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘောလုံးရယူဖို့ ကြိုးစားတဲ့ မိုဒရစ်ချ်ကို အလန့်တကြားနဲ့ နောက်ကနေ ဆွဲလှဲမိခဲ့တဲ့ ဂက်ခ်ပိုကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို တိုက်စစ်မှူး ခရာမာရစ်ချ်က ဂိုးသမား ဘိုင်လိုးကို လှည့်စားကန်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ခရိုအေးရှားတို့ ဒုတိယဂိုးကို သွင်းယူပြီး ပြန်လည်ဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကိုဗာချစ်ချ် ဆွဲပြေးပြီး ခင်းပေးတာကို ဘယ်ခြမ်းကနေ ရသွားခဲ့တဲ့ အီဗန်နူရှက်ချ်က ဧရိယာထဲကနေ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ပါရှာလစ်ချ်က Half Volley ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်တို့ဘက်က ဇာဗီ ဆီမွန်စ်၊ မာလန်၊ ဗိုက်ဖာနဲ့ ဒမ်းဖရီးစ်တို့အစား ဗက်ဂ်ဟော့စ်၊ ဘာ့ဂ်ဗိုင်း၊ ဗိုင်နယ်လ်ဒမ်နဲ့ နိုအာလန်းတို့ ဝင်ကစားခဲ့ကြသလို ခရိုအေးရှားတို့ဘက်ကတော့ အီဗန်နူရှက်ချ်၊ ယူရာနိုဗစ်ချ်၊ ကိုဗာချစ်ချ်၊ ခရာမာရစ်ချ်နဲ့ ရှူတာလိုတို့အစား ဗလာရှစ်ချ်၊ စတန်နီရှစ်ချ်၊ မေယာ၊ ပက်ကိုဗစ်ချ်နဲ့ အာလစ်ချ်တို့ကို ထည့်သွင်းကစားခဲ့တာပါ။

နာကျင်အချိန်ပို ၆ မိနစ်မှာတော့ သရေကျစေမယ့် ဒုတိယချေပဂိုးကို နယ်သာလန်တို့ ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တစ်သင်းလုံး တက်ကစားနေတဲ့ ဒတ်ချ်တွေဘက်က နောက်ခံလူ ဗန်ဒိုက် ခေါင်းတိုက်ချပေးရာမှာ ကန်သွင်းဖို့ ကြိုးစားတဲ့ ဗက်ဂ်ဟော့စ်ဆီက မအောင်မြင်ဘဲ ကျလာတဲ့ ဘောလုံးကို နိုအာလန်းက လူကြားထဲကနေ ကန်သွင်းယူသွားခဲ့တာကြောင့် နှစ်ဂိုးစီသရေနဲ့ အချိန်ပိုဆက်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။

အချိန်ပိုရောက်လို့ ပွဲချိန် ၉၈ မိနစ်မှာတော့ ခရိုအေးရှားတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာခဲ့တဲ့ မိုဒရစ်ချ်က ခင်းပေးတာကို ပက်ကိုဗစ်ချ်က သူ့ကို ကပ်ထားတဲ့ နယ်သာလန်ခံစစ်သမားကို တစ်ပတ်လှည့်ထွက်ပြီး ဧရိယာအပြင်ကနေ အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘိုင်လိုး ကာကွယ်ပုံ နှေးကွေးခဲ့တာကြောင့် ဘယ်ဘက်တိုင်ခြေကို ဝင်သွားခဲ့တာပါ။

ပွဲချိန် ၁၁၆ မိနစ်မှာတော့ ခရိုအေးရှားတို့ အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဂိုးသွင်းယူဖို့ ကြိုးစားတဲ့ ပက်ကိုဗစ်ချ်ကို ဘောလုံးမထိဘဲ ခြေထိုးဖျက်မိတဲ့ လူစားဝင်နောက်ခံလူ မာလာစီယာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို မိုဒရစ်ချ်က အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် နယ်သာလန်တို့ အသည်းကွဲခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လူငယ်တွေကို ယုံလို့ မရသေးချိန်မှာ လူကြီးတွေ ခြေကျသွားခဲ့ပြီဖြစ်တဲ့ နယ်သာလန်တို့ကို နှစ်ချို့ဝိုင်တွေနဲ့ ခရိုအေးရှားတို့ လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူခဲ့ကြပြီး နေးရှင်းလိဂ်အေရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြချိန်မှာ တစ်ဖက်က စပိန်နဲ့ အီတလီတို့အတွဲက အနိုင်ရမယ့် အသင်းနဲ့ တနင်္ဂနွေနေ့မှာ ကစားရဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.