International Match Report

ဒိတ်အောက်နေတဲ့ မန်ချီနီရဲ့ အီတလီကို ပါးနပ်စွာ ထိန်းချုပ်အနိုင်ယူခဲ့တဲ့ စပိန်

နယ်သာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ စပိန်အသင်းအနေနဲ့ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ လူနော်မန်၊ လာပေါ့တ်၊ ဟေဆူးစ် နာဗက်စ်နဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မယ်ရီနို၊ ရိုဒရီနဲ့ ဂါဗီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂို၊ ပီနိုနဲ့ မိုရာတာတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အီတလီအသင်းကတော့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဘိုနူချီ၊ တိုလိုအီနဲ့ အချယ်ဘီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘာရဲလား၊ ဂျော်ဂျင်ညို၊ ဖရက်တေစီ၊ ဒီလော်ရန်ဇိုနဲ့ စပင်နက်ဇိုလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အင်မိုဘီလီနဲ့ ဇာနျိုလိုတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲစပြီး ၃ မိနစ်မှာ စပိန်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်က နောက်ပြန်ပေးတာကို ဂိုးသမား ဒွန်နာရမ်မာ ဘိုနူချီဆီ ပြန်အပေးမှာ ဂါဗီက အခြေပျက်အောင် ဖိအားပေးနိုင်ခဲ့တာကို ဘယ်ခြမ်းက ဝင်လာတဲ့ ပီနိုက ထပ်မံလုယူပြီး ဧရိယာထိပ်ကနေ ညာဘက်တိုင်ခြေကို အနိမ့်ဘောကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နည်းပြ မန်ချီနီကတော့ ဒီနေ့ပွဲမှာ လူထုတ်ပုံမှားခဲ့သလို ရိုးမားနဲ့ ခြေစွမ်းပြနေတဲ့ ခရစ္စတန်တေနဲ့ ဝါရင့် ဗာရက်တီတို့ကို အရန်ခုံမှာ ထားပြီး အာဆင်နယ်မှာ ကစားခွင့်နည်းနေတဲ့ ဂျော်ဂျင်ညိုကို ဆာဆူအိုလိုနဲ့ ရုန်းကန်နေရတဲ့ ဖရက်တေစီနဲ့တွဲပြီး ယုံခဲ့တာက စပိန်ကွင်းလယ်အောက်မှာ ပြားပြားမှောက်ခဲ့ရသလို တိုက်စစ်မှာလည်း အင်မိုဘီလီကို ဇာနျိုလိုက မကူညီနိုင်ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာတော့ အီတလီတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂျော်ဂျင်ညို လှမ်းမ,ပေးတာကို ဇာနျိုလိုရဲ့ တောင်ကန်မြောက်ကန် ပုံစံနဲ့ အားထုတ်မှုက ကံဆိုးသူ မောင်ရှင် လူနော်မန်ရဲ့ မြှောက်ထားတဲ့ လက်ကို သွားမှန်ခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို အင်မိုဘီလီက ဂိုးသမား အူနိုင်း ဆီမွန်နဲ့ တခြားစီ ကန်သွင်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲ စပိန်တို့ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူထားတဲ့ ကွင်းလယ်ကို အီတလီတို့က ယှဉ်ကစားနိုင်ဖို့ လုံးဝမဖြစ်နိုင်ခဲ့ဘဲ ကောင်တာတွေကိုပဲ အားပြုခဲ့ရသလို ပွဲချိန် ၂၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဖရက်တေစီက ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရလို့ နစ်နာခဲ့ရပြီး ပထမပိုင်းမှာတော့ တစ်ဂိုးစီသရေဖြစ်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ စပိန်တို့ဘက်က အလုပ်မဖြစ်တဲ့ ရိုဒရီဂိုအစား အဆန်စီယို ဝင်ကစားလာခဲ့သလို အီတလီတို့ဘက်ကတော့ ဘိုနူချီနဲ့ စပင်နက်ဇိုလာတို့အစား ဒါမီယန်နဲ့ ဒီမာကိုတို့ကို ထည့်သွင်းလာခဲ့ပြီး မန်ချီနီရဲ့ ကွင်းလယ်ကို မပြင်ဘဲ ဆက်တိုင်ပတ်နေချိန်မှာ မိုရာတာရဲ့ အနီးကပ် အခွင့်အရေးကို ဖြုန်းတီးမှုကြောင့် စပိန်တို့ ဂိုးမရဘဲဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာ အီတလီတို့ဘက်က အင်မိုဘီလီ၊ ဂျော်ဂျင်ညိုနဲ့ ဖရက်တေစီတို့အစား ခီယေဆာ၊ ခရစ္စတန်တေနဲ့ ဗာရက်တီတို့ ဝင်ကစားခဲ့ကြသလို စပိန်တို့ဘက်ကတော့ ဂါဗီ၊ ပီနို၊ မယ်ရီနိုနဲ့ လဒူ မိုရာတာတို့အစား ကာနာလက်စ်၊ အန်ဆူ ဖာတီ၊ ဖာဘီယန် ရူးဝီးဇ်နဲ့ ဟိုဆေးလူးတို့ကို ပြောင်းလဲပြီး အနိုင်ဂိုးရှာဖွေဖို့ ကြိုးစားလာခဲ့ကြတာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ မိုရာတာသာ မဟုတ်ရင် ဘယ်သူကစားကစား ဂိုးရတယ်ဆိုတာကို စပိန်တို့ သက်သေပြနိုင်ခဲ့ပြီး အနိုင်ဂိုးရရှိသွားခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဂျော်ဒီ အယ်လ်ဘာရဲ့ ဖြတ်ပို့မှု ပြန်ထွက်လာတာကို ရိုဒရီက ဧရိယာအစပ်က လှမ်းကန်ခဲ့တာက အီတလီခံစစ်နဲ့ထိပြီး ကျလာတဲ့ ဘောလုံးကို လူစားဝင်တိုက်စစ်မှူး ဟိုဆေးလူးက ဒွန်နာရမ်မာရဲ့ လက်ထက် ဦးအောင် ခြေဦးနဲ့ ထိုးကန်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘာအိုင်ဒီယာမှ မရှိသလို သူများမှားမှ ကိုယ်ဂိုးသွင်းနိုင်မယ့် ပုံစံမျိုးနဲ့ ခပ်တုံးတုံး ဒိတ်အောက်နည်းပြ မန်ချီနီရဲ့ အီတလီတို့ ပြန်မလာနိုင်တော့ဘဲဖြစ်ခဲ့ရသလို စပိန်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူပြီး နေရှင်းလိဂ်ဖိုင်နယ်ကို တက်လှမ်းသွားခဲ့တာကြောင့် လာမယ့် စနေနေ့ညမှာ ခရိုအေးရှားနဲ့ ဗိုလ်လုပွဲ ကစားရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.