Match Report Premier League Serie A UCL&UEL

အင်တာခံစစ်ကို တစ်လုံးတည်းသောဂိုးနဲ့ ချိုးဖျက်ပြီး ဖလားသုံးလုံး ယူသွားတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးတို့အနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျွန်စတုန်းစ်၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်၊ ဂရီးလစ်ရှ်နဲ့ ဘာနာဒို ဆေးလ်ဗားတိုကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဟားလန်းကိုပဲ တင်ကစားလာခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်တို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဒါမီယန်၊ အချယ်ဘီနဲ့ ဘက်စတိုနီတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဒမ်းဖရီးစ်၊ ဒီမာကို၊ ဘာရဲလား၊ ဘရိုဇိုဗစ်ချ်နဲ့ ချယ်လ်ဟာနိုးလူးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဂျက်ကိုနဲ့ လော်တာရို မာတီနက်ဇ်တို့ ကစားခဲ့ကြတာပါ။

မန်စီးတီးတို့ ပွဲစတာနဲ့ ဘောလုံးကိုင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ဘရိုဇိုဗစ်ချ် ဦးဆောင်တဲ့ အင်တာကွင်းလယ် ငါးယောက်တန်းရဲ့ ဖျက်အားကို ကျော်ဖြတ်ဖို့ မလွယ်ကူဘဲဖြစ်နေခဲ့တာကြောင့် နောက်ပြန်ပေးချိန်တွေမှာ ခံစစ်နဲ့ ဂိုးသမား အီဒါဆန်တို့ အမှားတွေ ကျူးလွန်မိခဲ့ချိန်တွေမှာ ဂွါဒီယိုလာအနေနဲ့ အတော်လေး စိတ်ပျက်ခဲ့ရတာပါ။

အင်ဇာဂီရဲ့ ကွင်းလယ်က အဖျက်ပိုင်းကောင်းမွန်ခဲ့ပေမယ့် တိုက်စစ်ကို ပြန်သွားရာမှာတော့ ထမ်းပိုးမညီဘူးလို့ပဲ ပြောရမှာဖြစ်သလို ဘယ်ခြမ်းက ဒီမာကို၊ လော်တာရို မာတီနက်ဇ်တို့ရဲ့ အမြန်သွားချင်တဲ့ ပုံစံနဲ့ ညာခြမ်းက ဘာရဲလားနဲ့ ဂျက်ကိုတို့ တိုင်မင်မကိုက်ဘဲ နောက်ကျနေပုံတွေက မန်စီးတီးခံစစ်အမှားတွေကနေ ဂိုးတွေ ယူနိုင်ခွင့် ရှိခဲ့ပေမယ့် အလဟဿဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ဒဏ်ရာရသွားတဲ့ ဒီဘရိုင်းနားကို ဖိုဒန်နဲ့ လဲခဲ့ရသလို နာရီဝက်လောက် ကစားပြီး ကုန်သွားတဲ့ ဂျက်ကိုကြောင့် အင်တာကွင်းလယ်က ပိုရုန်းခဲ့ရပြီး ချယ်လ်ဟာနိုးလူးကလည်း Ball Carrier လုပ်ပြီးမှ ခင်းပေးရမယ့် အလုပ်ကို မလုပ်နိုင်ချိန်မှာ ဆရာကြီးစတိုင်နဲ့ တောင်ကန်မြောက်ကန်လုပ်နေတဲ့ ဘာရဲလားကြောင့်လည်း မန်စီးတီးတို့ နဘယံ ဘေးမရှိဖြစ်ခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ နေရာလွတ်တွေကြားကို ပိုမိုထိုးဖောက်လာခဲ့တာကြောင့် တစ်ပွဲလုံး လိုက်ပိတ်ဆို့နေရတဲ့ အင်တာတို့ ဖျက်အားကျလာခဲ့ပြီး နောက်တန်းက သိသိသာသာ ရုန်းကန်နေခဲ့ရချိန်မှာ ဟားလန်းကို အချယ်ဘီနဲ့ ဘက်စတိုနီတို့ ညှပ်ထားနိုင်ခဲ့လို့သာ တော်ခဲ့ပေမယ့် သိသိသာသာ ဖရိုဖရဲဖြစ်လာခဲ့ပြီး ဂိုးပေးရနိုင်ချိန်မှာ အင်ဇာဂီက ဂျက်ကိုအစား လူကာကူးကို စလဲခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အာကန်ဂျီရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကနေ ဘာနာဒို ဆေးလ်ဗားက ညာခြမ်းကနေ Cut Back လုပ်ပေးရာမှာ အင်တာခံစစ်က မဖျက်နိုင်ဘဲ တိုင်မင်အောက်ပြီး ဧရိယာထဲမှာ လွတ်သွားခဲ့တဲ့ ဘောလုံးကို ရိုဒရီက ပြေးပိတ်ခဲ့ချိန်မှာ ဒါမီယန်နဲ့ ချယ်လ်ဟာနိုးလူးတို့ မပိတ်ဆို့နိုင်ခဲ့ကြလို့ ဂိုးပေးလိုက်ရတာပါ။

အင်တာတို့အနေနဲ့ ဒီနောက်မှာ လူစားလဲမှုတွေ စတင်ခဲ့ပြီး ဒမ်းဖရီးစ်နဲ့ ဘက်စတိုနီတို့အစား ဘယ်လာနိုဗာနဲ့ ဂိုဆန်စ်တို့ကို လဲခဲ့တာကတော့ ဘာမှ သိပ်မထူးခဲ့သလို ချယ်လ်ဟာနိုးလူးအစား မစ်ခီတာရီယန်ကို စောစောစီးစီး ထည့်ရမယ့်အစား တွေဝေနေတာကလည်း ကွင်းလယ်မှာ ဖန်တီးမှု ကင်းမဲ့စေပြီး ဘူကောင် လူကာကူးကတော့ ဒီမာကိုရဲ့ ဂိုးရနိုင်တဲ့ ခေါင်းတိုက်ချက်ကိုပါ ရှေ့ကနေ ပိတ်ဆို့သွားခဲ့သေးတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ မန်စီးတီးတို့ဘက်က စတုန်းစ်အစား ဝေါ်လ်ကာကို ထည့်ပြီး ထိန်းကစားခဲ့သလို အင်တာတို့ရဲ့ ဂိုးရနိုင်တဲ့ ခြိမ်းခြောက်မှုတွေကိုတော့ ပထမပိုင်းမှာ အမှားများခဲ့သလောက် ဒုတိယပိုင်းမှာ တည်ငြိမ်နေတဲ့ အီဒါဆန်က လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဖိုင်နယ် နောက်ဆုံးလေးနှစ်ဆက်တိုက် တစ်ဂိုး-ဂိုးမရှိနဲ့ အဖြေထွက်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့အနေနဲ့ သူတို့ရဲ့ ချန်ပီယံလိဂ်ဆုဖလားရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ကြပြီး ပထမဆုံးအကြိမ်ဖြစ် ရယူနိုင်ခဲ့ကြသလို ပြည်တွင်းဖလားနှစ်လုံးနဲ့ပါ ပေါင်းရင် ဖလားသုံးလုံးချန်ပီယံအဖြစ် ဂုဏ်ခံနိုင်ခဲ့ပြီး အင်္ဂလန်အသင်းတွေထဲမှာ ဒုတိယမြောက် လုပ်ပြနိုင်ခဲ့တဲ့သူတွေအဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ပခုံးချင်းယှဉ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.