Premier League Transfer News

12 June နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ မေဆန်မောင့်အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားခဲ့ပေမယ့် နှစ်သင်းကြား ပြောင်းရွှေ့ကြေးကိစ္စ ဆွေးနွေးမှုကတော့ ကြန့်ကြာနေခဲ့ချိန်မှာ ဒီတစ်ပတ်အတွင်းမှာတော့ အခြေအနေ တိုးတက်လာမယ်လို့ သတင်းတွေ ဖော်ပြ။

– ဒေါ့မွန်ကနေ ရောက်ရှိလာပြီးကတည်းက သာမန်ထက် ခြေစွမ်းနိမ့်ပါးနေခဲ့သလို အသင်းမှာ ကစားခွင့်နည်းနေခဲ့တာကြောင့် မအောင်မြင်တဲ့ ခေါ်ယူမှုတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာလိုနေပြီး မန်ယူတာဝန်ရှိသူတွေအနေနဲ့ ကမ်းလှမ်းမှုတွေကို စဉ်းစားရဖို့ရှိလာ။

– ရှိတ်ခ် ဂျက်ဆင်မ်ကို ရောင်းမလိုလို ဆာဂျင်မ် ရက်ဒ်ကလစ်ဖ်ကို ရောင်းမလိုလိုနဲ့ ဈေးကိုင်ပြီး မည်မည်ရရလဲ မဆုံးဖြတ်နိုင်သေးဘဲ လောဘကြီးလွန်းနေတဲ့ အသင်းပိုင်ရှင် ဂလေဇာတွေရဲ့ လုပ်ရပ်က မန်ယူတို့ကို ထိခိုက်နစ်နာစေပြီး အဲရစ် တန်ဟတ်ရဲ့ အနာဂတ် အစီအစဉ်တွေနဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲ ဝင်ရောက်မှုကို ဆိုးကျိုးသက်ရောက်စေလိမ့်မယ်လို့ သတိပေးခံခဲ့ရ။

– ဒီရာသီမှာ အသုံးစရိတ်တွေ ချိန်ညှိသွားဖို့ ရှိနေတဲ့ ပေါ်တိုအသင်းကြောင့် မန်ယူတို့အတွက် ဂိုးသမား ဒီယိုဂို ကော်စတာကို ခေါ်ယူဖို့ အဆင်ပြေစေမယ်လို့ ခန့်မှန်းထားကြပြီး အသင်းဥက္ကဌ ပင်တို ဒါးကော်စတာအနေနဲ့ ယူရို ၇၅ သန်း တောင်းဆိုထားမှုကို အနည်းငယ် လျှော့ပေါ့ပေးဖွယ်ရှိနေ။

– နာပိုလီနောက်ခံလူ ဂင်မင်းဂျယ်ကို ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ နှောင့်နှေးနေတဲ့ မန်ယူတို့ဆီက ဖြတ်လုဖို့ ပြိုင်ဘက် နယူးကာဆယ်လ်အသင်းက ကြိုးစားလာခဲ့ပြီး ၂၆ နှစ်အရွယ် တောင်ကိုရီးယားသားအတွက် နာပိုလီတို့ဘက်က တောင်းတဲ့ ဈေးကို ပေးဖို့ အဆင်သင့်ဖြစ်နေ။

– အသင်းတစ်သင်းကို လွှဲပြောင်းရောင်းချရတော့မယ်ဆိုရင် ငွေဝင်ငွေထွက်နဲ့ အသုံးစရိတ်တွေကို ထိန်းချုပ်ထားရတာကြောင့် အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ယူတို့ ငြိမ်သက်နေမှုကို ပရိသတ်တွေ ဒေါသထွက်နေကြပြီး အသင်းရဲ့ ပစ်မှတ်တွေကို ပြိုင်ဘက်တွေ လက်ဦးသွားမယ့်အရေးကို စိုးရိမ်နေကြ။

– ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ နေရာကို အစားထိုးဖို့ ဘရန့်ဖို့ဒ်ရဲ့ ဒေးဗစ် ရာယာကို စောင့်ကြည့်နေပေမယ့် အဆင်မပြေဖို့ များနေလို့ လိဒ်စ်ယူနိုက်တက်ရဲ့ အီယန် မေလီယေးနဲ့ အဲဗာတန်ရဲ့ ဂျော်ဒန် ပစ်ခ်ဖို့ဒ်တို့က အရန်သင့် ခေါ်ယူနိုင်မယ့်သူတွေဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထား။

– အသင်းရဲ့ တိုးတက်လာမှုမှာ အတွေ့အကြုံ မြင့်မားတဲ့ ကွင်းလယ်အဖျက်ကစားသမား ကာစီမီရိုရဲ့ သက်ရောက်မှုက ကြီးမားလွန်းပြီး နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ရဲ့ အကျိုးပြုနိုင်မှုနဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေက အဓိက ကျခဲ့တယ်လို့ ပြီးခဲ့တဲ့ နွေရာသီ ခေါ်ယူမှုနှစ်ခုကို ပေါလ် စခိုးလ် ချီးကျူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.