Analysis Article Match Report Premier League Serie A UCL&UEL

ဥရောပမှာ တူထုတဲ့ မွိုက်စင်ညိုနဲ့ ဝက်စ်ဟမ်း-ဖီအိုရင်တီးနားပွဲက ပြောစရာ ၇ ချက်

ဖလားတစ်လုံးရဖို့ ပွဲ ၁၁၀၀ ပြည့်လုနီးပါးဖြစ်ခဲ့ရတဲ့ မွိုက်စင်ညို
ဖီအိုရင်တီးနားကို ဘောလုံးပေးကိုင်ပြီး မော်ရင်ညိုအထာနဲ့ ငါတို့က အနိုင်ပဲယူမှာလို့ ဗိုလ်လုပွဲကို ချဉ်းကပ်ခဲ့တဲ့ ဒေးဗစ်မွိုက်စ်ကတော့ ဒီညမှာ မွိုက်စင်ညိုလို့ နာမည်ပြောင်းပေးရမလိုတောင် ဖြစ်ခဲ့တာပါ။ သူ့အနေနဲ့ ဝက်စ်ဟမ်းတို့ကို ၁၉၈၀ အက်ဖ်အေဖလားဗိုလ်စွဲမှုနောက်ပိုင်း ၄၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဖလားယူပေးနိုင်ခဲ့တာဖြစ်သလို သူ့ရဲ့ နည်းပြဘဝ ၁၀၉၇ ပွဲမြောက် ကိုင်တွယ်မှုအပြီးမှာ စကော့တလန်သားတစ်ယောက် ဥရောပအဆင့်ဆီ အောင်မြင်မှု ရခဲ့ပြီး ၂၀၂၂ ခုနှစ်က ရိုးမားတို့နဲ့ ဗိုလ်စွဲခဲ့တဲ့ မော်ရင်ညိုရဲ့နောက်မှာ ခြေရာနင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒရာမာချိုးရင် အင်္ဂလန်က ကောင်တွေပဲ
ဥရောပအဆင့်ဖိုင်နယ်တွေမှာ မိနစ် ၉၀ မှ ဂိုးသွင်းပြီး ပွဲအဖြေကို ပြောင်းလဲခဲ့မယ်ဆိုရင် အင်္ဂလန်အသင်းတွေပဲ ဖြစ်နေတတ်ပါတယ်။ ၁၉၉၉ ချန်ပီယံလိဂ်ဖိုင်နယ်မှာ မန်ယူတို့အတွက် အိုလီဂန်နာ ဆိုးလ်ရှား၊ ၂၀၁၃ ယူရိုပါလိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးအသင်းအတွက် ဘရန်နီဆလပ်ဗ် အီဗန်နိုဗစ်ချ်နဲ့ အခုတစ်ကြိမ်မှာတော့ ဂျားရော့ဒ် ဘိုဝင်က ဝက်စ်ဟမ်းတို့အတွက် နောက်ဆုံးမိနစ် ဒရာမာဂိုးကို သွင်းယူပေးခဲ့တာဖြစ်သလို သူ့အနေနဲ့ ဥရောပဆင့် ဖိုင်နယ်တွေမှာ ၁၉၉၄ ခုနှစ်က အာဆင်နယ်ရဲ့ အလန် စမစ်နောက်ပိုင်း ပထမဆုံး အနိုင်ဂိုးသွင်းသူလည်းဖြစ်လာခဲ့တာပါ။

ပရီးမီးယားလိဂ်ကို ပစ်ပြီး ကွန်ဖရင့်ချစ်တဲ့ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းတို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၁၁ ပွဲသာ ရှိခဲ့ပေမယ့် ကွန်ဖရင့်လိဂ်မှာတော့ ၁၂ ပွဲမြောက်နိုင်ပွဲနဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲ မတိုင်ခင်က ၁၁ ပွဲချင်းတူညီနေခဲ့တာကြောင့် မှတ်တမ်းကို ထုတ်ပြန်ဖို့ စောင့်ဆိုင်းနေခဲ့ရချိန်မှာ ပွဲချိန်အတွင်း ဖီအိုရင်တီးနားကို ဘိုဝင်ရဲ့ ဂိုးနဲ့ အလဲထိုးနိုင်ခဲ့တာကတော့ သူတို့အတွက် ၁၂ ပွဲမြောက် အောင်ပွဲကို ရရှိစေခဲ့သလို ပထမဆုံး အင်္ဂလိပ်အသင်းတစ်သင်းအနေနဲ့ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲထက် ဥရောပပြိုင်ပွဲတစ်ပွဲမှာ နိုင်ပွဲပိုများခဲ့တဲ့ ထူးခြားဆန်းကြယ်မှုလည်းဖြစ်ခဲ့ပါတယ်။

အဆင့် ၁၄ … ဒါပေမယ့် အလုပ်ဖြစ်တယ်
ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ နဲ့ ရာသီသိမ်းခဲ့ပြီး ၁၂ လုံးတန်းက ချဲလ်ဆီးတို့လိုပဲ ဘယ်ဥရောပ ပြိုင်ပွဲနဲ့မှ မနီးစပ်တော့ဘဲဖြစ်ခဲ့ရပေမယ့် ကွန်ဖရင့်လိဂ်မှာ ဗိုလ်စွဲခဲ့မှုက သူတို့ကို လာမယ့်နှစ်မှာ ယူရိုပါလိဂ် တိုက်ရိုက်ဝင်ခွင့်ကို ရရှိစေခဲ့သလို အင်္ဂလန်ကိုယ်စားပြု သုံးသင်းမြောက်အဖြစ် လီဗာပူးလ်၊ ဘရိုက်တန်တို့နဲ့အတူ ယှဉ်ပြိုင်နိုင်စေတော့မှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့ရဲ့ ဗိုလ်စွဲမှုက ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ဘယ်အသင်းထက်မဆို နိမ့်ပါးတဲ့ ပြည်တွင်းရပ်တည်မှုနဲ့ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပြီး သူတို့အတွက်တော့ မယုံနိုင်စရာ ရာသီတစ်ခုလို့ ဆိုရတော့မှာပါ။

ပင်နယ်တီကန်ပြီး အကျိုးပြုခဲ့တဲ့ ဘင်ရာမာ
ဝက်စ်ဟမ်းတောင်ပံကစားသမား ဆာအိဒ် ဘင်ရာမာအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာရော ဖိုင်နယ်အဆင့်မှာပါ ပင်နယ်တီနှစ်ဂိုး သွင်းယူပြီး အသင်းအတွက် အရေးပါတဲ့ ပထမဆုံးဂိုးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရယူပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ သွေးအေးတဲ့ ကန်ချက်တေွက ဟမ်းမားတွေအတွက် အဖိုးမဖြတ်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ အယ်လ်ဂျီးရီးယားသားအနေနဲ့ ဒီရာသီမှာ ပင်နယ်တီ ခြောက်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဝက်စ်ဟမ်းတို့ ရရှိခဲ့တဲ့ ပင်နယ်တီ ၁၂ ကြိမ်ကို ၅၀ ရာခိုင်နှုန်း တာဝန်ယူပေးနိုင်ခဲ့တာပါ။

ချက်ကြီးတို့ ဝမ်းသာဝမ်းနည်းဖြစ်တဲ့ည
ဒီနေ့ပြိုင်ပွဲကို ချက်ပြည်ထောင်စုသမ္မတနိုင်ငံရဲ့ ပရပ်ဂ်ခေါ် ပရာဟာမြို့မှာ ကျင်းပခဲ့ပြီး ဗိုလ်လုပွဲရောက် နှစ်သင်းပေါင်း ချက်ကစားသမား သုံးဦးအထိ တိုက်ဆိုင်စွာပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့က ဖီအိုရင်တီးနားတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အင်္ဂလန်သားတွေဘက်က နောက်ခံလူ ဗလာဒီမီယာ ဆိုဖာလ်နဲ့ ကွင်းလယ်လူ တောမတ်စ် ဆိုးချက်ခ်တို့နှစ်ဦးစလုံး ပွဲထွက်ခဲ့ရပြီး ပွဲချိန်ပြည့် အကောင်းဆုံး ကစားသွားခဲ့ကြချိန်မှာ အီတလီသားတွေဘက်ကတော့ အရေးပါတဲ့ သွင်းဂိုးတွေကို ရယူပေးလေ့ရှိတဲ့ အန်တိုနင် ဘာရက်ခ်တစ်ယောက် အရန်ခုံထိုင်ခဲ့ရပြီး နာကျင်အချိန်ပို ၃ မိနစ်မှာမှ ဝင်ကစားခွင့်ရခဲ့သလို ရှုံးနိမ့်ခဲ့ရလို့ ချက်ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ လက်ရွေးစင်တွေအတွက် ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရတာပါ။

ဥရောပကို ၅၈ နှစ်ကြာမှ တံခါးခေါက်တဲ့ ဟမ်းမားများ
ဝက်စ်ဟမ်းတို့အနေနဲ့ ဒီနေ့ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ဥရောပအဆင့် ဖလားတစ်လုံးကို ရယူနိုင်ခဲ့တာက ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ပါဘူး။ သူတို့တွေအနေနဲ့ ၁၉၆၅ ခုနှစ်တုန်းက Cup Winner’s Cup ဖိုင်နယ်မှာ အလန် ဆီးလီရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ၁၈၆၀ မြူးနစ်ကို အနိုင်ရခဲ့တုန်းက ဖလားတစ်ကြိမ် ရယူနိုင်ခဲ့ဖူးတာပါ။ တိုက်ဆိုင်စွာပဲ အဲ့ဒီတုန်းကလည်း Cup Winner’s Cup ဟာ ဒီနေ့ခေတ် ကွန်ဖရင့်လိဂ်လို ချန်ပီယံလိဂ်နဲ့ ယူအီးအက်ဖ်အေဖလား(ယူရိုပါလိဂ်)အောက်က တတိယအဆင့် ပြိုင်ပွဲဖြစ်နေခဲ့သလို ၅၈ နှစ်အကြာမှာတော့ ဥရောပတံခါးကို တူထုပြီး ခေါက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.