Match Report Premier League Serie A UCL&UEL

ဖီအိုရင်တီးနားကို ဘောလုံးပေးပြီး ကွန်ဖရင့်လိဂ်ဖလား ယူတဲ့ မွိုက်စင်ညိုရဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ ဇူးမား၊ အာဂွါဒ်၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်နဲ့ လူးကပ်စ် ပါကေးတာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘိုဝင်၊ ဘင်ရာမာနဲ့ အန်တိုနီယိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဖီအိုရင်တီးနားတို့ကတော့ ဂိုးသမား တယ်ရာချီယာနို၊ ခံစစ်မှာ မီလင်ကိုဗစ်ချ်၊ ရာနီရေးရီ၊ ဒိုဒိုနဲ့ ဘီရာဂီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရာဘတ်၊ ဘိုနာဗင်တူရာနဲ့ မန်ဒရာဂိုရာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ နီကိုလာ ဂွန်ဇာလက်ဇ်၊ ကူအာမီနဲ့ ယိုဗစ်ချ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

အီတလီအသင်းတွေအနေနဲ့ စွမ်းဆောင်ရည် မြင့်မားမှု၊ လိုရင်းရောက်အောင် သွားနိုင်မှုနဲ့ ပါးနပ်မှုတွေမှာ အင်္ဂလန်တို့ထက် တစ်ဆင့်နိမ့်နေခဲ့ပြီး ဒီနေ့မှာလည်း ဖီအိုရင်တီးနားတို့အနေနဲ့ ဘောလုံးကိုင်ထားခဲ့ပေမယ့် ဒါကလည်း ဝက်စ်ဟမ်းတို့ဘက်က ကျေကျေနပ်နပ်ကြီး မော်ရင်ညိုအထာနဲ့ ပေးကိုင်လိုက်တာကြောင့် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပွဲထွက်ကစားနေကျ ဘရာဇီးလ်ဗဟိုခံစစ်မှူး အီဂေါ်နဲ့ အာဂျင်တီးနားသား လူးကပ်စ် မာတီနက်ဇ်တို့ကို မထည့်ဘဲ ဘယ်ချောင်က အရန်မှန်း မသိတဲ့ ရာနီရေးနီနဲ့ ယားခဲ့တဲ့ ဖီအိုရင်တီးနားနည်းပြ အီတာလျာနိုရဲ့ လူထုတ်ပုံက အသင်းကို ထိခိုက်စေပြီး အီကိုနီ၊ ဆာပိုနာရာ၊ ဘာရက်ခ်နဲ့ အာသာ ကာဘရယ်လ်တို့လို အဓိက ကစားသမားတွေကို အရန်ခုံမှာ ချန်ထားခဲ့တာကလည်း ဝက်စ်ဟမ်းတို့ကို ကြက်ဥတိုက်သလိုဖြစ်ခဲ့တာပါ။

ဝက်စ်ဟမ်းတို့အနေနဲ့ ဖီအိုရင်တီးနားတို့ရဲ့ ဘောလုံးကိုင်ကစားတဲ့ တိုက်စစ်တွေကို ဧရိယာထဲအထိ ဆုတ်ခံပြီး ကောင်တာကိုပဲ အားပြုသွားခဲ့လို့ အီတလီသားတွေ ဘာမှ လုပ်မရဘဲဖြစ်ခဲ့ပြီး ပထမပိုင်းမှာတော့ ကူအာမီရဲ့ ခေါင်းတိုက်ချက်ကို ဂိုးသမား အာရီယိုးလား ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ယိုဗစ်ချ်က အနီးကပ် ခေါင်းတိုက်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ဂိုးမရှိသရေပဲဖြစ်နေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ၄၅ မိနစ်လုံး ဖိကစားနေခဲ့တဲ့ ဖီအိုရင်တီးနားတို့ဘက်က ယိုဗစ်ချ်အစား ကာဘရယ်လ်ကို လူစားသွင်းခဲ့ပြီး ကျော်လွန်ဖို့ ခက်ခဲနေတဲ့ ဝက်စ်ဟမ်းခံစစ်ကို ဖြိုခွဲဖို့ ကြိုးစားလာခဲ့သလို ဒေးဗစ်မွိုက်စ်တို့ကတော့ လုပ်ချင်တာလုပ် ဂိုးမသွင်းရင်ပြီးတာပဲဆိုတဲ့ ပုံစံမျိုးနဲ့ပဲ မျက်နှာပြောင်တိုက်ပြီး တောင့်ခံနေခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးကို စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘိုဝင်ကို ဧရိယာထဲမှာ တားဆီးဖို့ ကြိုးစားတဲ့ ဖီအိုရင်တီးနားကပ္ပတိန် ဘီရာဂီ ဘောလုံးကို လက်နဲ့ထိန်းခဲ့တာကြောင့် ဒိုင်လူကြီး ကားလို့စ် ဒဲလ်ဆာရိုက ပေးအပ်ခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းနေကျ ဘင်ရာမာက ညာဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းရယူခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီ မကန်ခင်မှာ ဝက်စ်ဟမ်းဘက်က ဇူးမားအစား ခယ်ရာနဲ့ ဖီအိုရင်တီးနားဘက်က ကူအာမီအစား ဆာပိုနာရာတို့ကို ပြောင်းလဲခဲ့ကြပြီး ကာဘရယ်လ်ရဲ့ ကန်ချက်ကို တားဆီးရာမှာ ဟမ်းမားတွေရဲ့ လူစားဝင် နောက်ခံလူ ခယ်ရာ လက်ထိတယ်ဆိုပြီး ဖလော့ရင်သားတွေက ပင်နယ်တီ တောင်းခဲ့ကြပေမယ့် ဒိုင်လူကြီးကတော့ ပယ်ချခဲ့ပြီး နားပူတဲ့ မန်ဒရာဂိုရာကိုပါ အဝါပြခဲ့သေးတာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ ဖီအိုရင်တီးနားတို့ ချေပဂိုး ပြန်လည်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ အမ်မရာဘတ်က ညာတောင်ပံကို ကန်တင်ပေးခဲ့တဲ့ ဖြတ်တင်ဘောကို နီကိုလာ ဂွန်ဇာလက်ဇ်က ဧရိယာထဲကို ခေါင်းတိုက်ချပေးခဲ့တဲ့ ဘောလုံးကို ဘိုနာဗင်တူရာက တစ်ချက်ထိန်းပြီး မြေထောက်ကန်ချက်နဲ့ ကန်သွင်းခဲ့ရာမှာ ဝက်စ်ဟမ်းဂိုးသမား အာရီယိုးလား နေရာယူပုံရော ကာကွယ်ပုံပါ ညံ့ဖျင်းခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ နှစ်သင်းစလုံး ဖွင့်ကစားလာခဲ့ကြသလို အနိုင်ဂိုးရဖို့အတွက် ဝက်စ်ဟမ်းဘက်က ဘင်ရာမာအစား ဖော်နယ်လ်စ်ကို ထည့်ခဲ့ပြီး ဖီအိုရင်တီးနားတို့ဘက်ကတော့ ရာနီရေးရီအစား အီဂေါ်ကို ထည့်ပြီး ကစားကွက်ကို ပြင်ဆင်သွားခဲ့ပေမယ့် အခွင့်အရေးတွေကိုတော့ ကောင်းကောင်း အသုံးမချနိုင်ခဲ့ကြတာကြောင့် ဂိုးရဖို့ ခက်နေခဲ့ကြတာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ ဝက်စ်ဟမ်းတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖီအိုရင်တီးနားတို့ ဘောလုံးပျက်ရာကနေ တန်ပြန်တိုက်စစ် ဆင်ခဲ့တဲ့ ပါကေးတာက တစ်ဖက်ခံစစ်တန်းကြားကနေ ခင်းပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ဖြတ်ကျော်သွားခဲ့တဲ့ ဘိုဝင်က ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အနိမ့်ဘော ကန်သွင်းပြီး အသည်းခွဲနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်မှာတော့ ကစားသမားကောင်းတွေကို အရန်ခုံထိုင်ခိုင်းထားခဲ့တဲ့ ဖီအိုရင်တီးနားတို့ မန်ဒရာဂိုရာအစား ဘာရက်ခ်ကို ထပ်ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဝက်စ်ဟမ်းတို့ကတော့ တိုက်စစ်မှူး အန်တိုနီယိုကို ထုတ်ပြီး နောက်ခံလူ အော့ဘွန်နာကို ထည့်ပိတ်ကစားခဲ့တာကြောင့် နာကျင်အချိန်ပို ၈ မိနစ်အပြီးမှာ အင်္ဂလန်သားတွေ အောင်ပွဲခံခဲ့ကြတာပါ။

ကွန်ဖရင့်လိဂ်ရဲ့ ဗိုလ်လုပွဲက နှစ်ဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ချိန်မှာတော့ စဆရက အထာဖမ်းတဲ့ အီတာလျာနိုရဲ့ ဖီအိုရင်တီးနားတို့ ကြေကွဲခဲ့ရချိန်မှာ ဝက်စ်ဟမ်းတို့ကတော့ ဘောင်မဝင်တဲ့ အင်တာတိုတိုကို ထည့်မရေရင် ၁၉၆၅ ခုနှစ်က Cup Winner’s Cup နောက်ပိုင်း ၅၈ နှစ်အကြာမှာ ဥရောပဖလားတစ်လုံးကို ရယူနိုင်ခဲ့ပြီဖြစ်သလို နည်းပြ ဒေးဗစ်မွိုက်စ်အတွက်တော့ သူ့ရဲ့ နည်းပြဘဝမှာ ပထမဆုံး ဆုဖလားလည်းဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.