Other Leagues Premier League

အန့်တ်ဝပ်ကို ၉၄ မိနစ်သွင်းဂိုးနဲ့ ဘယ်လ်ဂျီယမ်ချန်ပီယံဖြစ်စေခဲ့တဲ့ အယ်လ်ဒါဗီရယ်လ်

ပရီးမီးယားလိဂ်ကလပ်အသင်း တော့တင်ဟမ်ဟော့စပါးစ်မှာ ကစားခဲ့ပြီးတဲ့နောက် ဘောလုံးပရိသတ်တွေရဲ့ မြင်ကွင်းကနေ အချိန်တော်တော် ကြာကြာ ပျောက်ကွယ်နေခဲ့တဲ့ နောက်ခံလူ တိုဘီ အယ်လ်ဒါဗီရယ်လ်အနေနဲ့ ဒီနေ့မှာတော့ ဇာတ်ခုံပေါ်မှာ မီးမောင်းထိုးပြခံခဲ့ရပြီး သူ့ရဲ့ သွင်းဂိုးနဲ့အတူ ရွိုင်ရယ်အန့်တ်ဝပ်အသင်းကို ဘယ်လ်ဂျီယမ် ချန်ပီယံဖြစ်စေခဲ့တာဖြစ်ပါတယ်။

စပါးစ်အသင်းကနေ ထွက်ခွာပြီး ကာတာက အယ်လ်ဒူဟေးလ်အသင်းမှာ တစ်နှစ်တာ ဘော်သွားချက်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဘယ်လ်ဂျီယမ် နောက်ခံလူဟာ ဒီရာသီမှာတော့ မိခင်နိုင်ငံက ဒတ်ချ်လက်ရွေးစင်ဟောင်း နည်းပြ မာ့ခ် ဗန်ဘွန်မဲလ် ကိုင်တွယ်နေတဲ့ ရွိုင်ရယ်အန့်တ်ဝပ်အသင်းမှာ ပြန်လည်ကစားခဲ့တာဖြစ်ပြီး ၃၆ ပွဲမှာ ၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာပါ။

ချန်ပီယံဖြစ်ဖို့အတွက် လေးသင်းပတ်လည် နှစ်ကျော့ထပ်ကစားခဲ့ရချိန်မှာ အန့်တ်ဝပ်တို့အနေနဲ့ ဂျင့်ခ်၊ ကလပ်ဘရုဂျ်၊ ယူနီယံ SG တို့နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ နောက်ဆုံးပွဲစဉ်မှာတော့ အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရပြီး ဂျင့်ခ်ကွင်းမှာ ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိ အန့်တ်ဝပ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ အသင်းကို ရမှတ်တစ်မှတ် တိုးစေမယ့် ဂိုးကို ဧရိယာအစပ်မှာ ဘာတေးလီရဲ့ နောက်ပေါက်နဲ့ ဖန်တီးပေးမှုကနေ ရလာခဲ့တဲ့ ဘောလုံးကို အယ်လ်ဒါဗီရယ်လ်က အပြင်းကန်သွင်းယူခဲ့တာဖြစ်ပြီး ဒီပွဲမှာ ရခဲ့တဲ့ တစ်မှတ်တည်းကပဲ သူတို့တွေအတွက် ဂျင့်ခ်ကို အသာရစေတဲ့ တစ်မှတ်ဖြစ်ခဲ့ပြီး ၄၇ မှတ် – ၄၆ မှတ်နဲ့ ဗိုလ်စွဲနိုင်ခဲ့တာပါ။

အယ်လ်ဒါဗီရယ်လ်ရဲ့ ဂိုးကြောင့် အန့်တ်ဝပ်တို့အနေနဲ့ အသင်းရဲ့ သမိုင်းမှာ ၅ ကြိမ်မြောက် ဘယ်လ်ဂျီယမ်ချန်ပီယံဖြစ်နိုင်ခဲ့ကြပြီး ၁၉၅၆-၅၇ ရာသီနောက်ပိုင်း ၆၆ နှစ်အကြာမှာ တစ်ကျော့ပြန် ချန်ပီယံဖြစ်နိုင်ခဲ့ကြသလို လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်မှာ ကစားခွင့်ရရှိသွားခဲ့ကြတာဖြစ်ပါတယ်။

သူတို့တွေရဲ့ အောင်မြင်မှုကတော့ အိုင်းယက်စ်ကနေ နှာဘူးထမိလို့ အလုပ်ပြုတ်ခဲ့ပြီးတဲ့နောက် ဝါသနာက ဝါသနာပဲ အလုပ်က အလုပ်ပဲဆိုတာကို သက်သေပြနိုင်ခဲ့တဲ့ အန့်တ်ဝပ်ရောက် နည်းစနစ်ဒါရိုက်တာ မာ့ခ် အိုဗာမားစ်အတွက်လည်း ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်လက်ရွေးစင်အသင်းအတွက် ၁၂၇ ပွဲအထိ ကစားပြီး လက်ရွေးစင်ဘဝကနေ ပြီးခဲ့တဲ့ မတ်လကမှ အနားယူခဲ့တဲ့ အယ်လ်ဒါဗီရယ်လ်ဟာ ထူးထူးခြားခြားပဲ မိခင်နိုင်ငံက ပြိုင်ပွဲတွေမှာ ရွိုင်ရယ်အန့်တ်ဝပ်ကို ပြန်မရောက်ခင်အထိ တစ်ခါမှ မကစားဖူးခဲ့သူလည်းဖြစ်သလို ငယ်စဉ်ကတည်းက အိုင်းယက်စ်အကယ်ဒမီရဲ့ စည်းရုံးမှုနဲ့ နယ်သာလန်နိုင်ငံမှာ ပရော်ဖက်ရှင်နယ်ဘဝကို စတင်ခဲ့သူဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.