Analysis Article Carabao & FA Match Report Premier League

ဂတုံးနှစ်တုံးရဲ့ Overload ပြိုင်ပွဲနဲ့ မန်စီးတီး 2-1 မန်ယူပွဲက မှတ်မှတ်ရရ ပြောစရာများ

မန်ယူကို အငိုက်ဖမ်းပြီး အနိုင်ယူတဲ့ စီးတီး
မန်စီးတီးတို့ ဒီနေ့မှာ သူတို့ရဲ့ ပုံစံအတိုင်း ကောင်းကောင်းကစားသွားနိုင်သလားဆိုရင် ဟင့်အင်းလို့ ဖြေရမှာပါ။ ဂွါဒီယိုလာရဲ့ လူတွေအနေနဲ့ တန်ဟတ်သုံးလာတဲ့ ကွင်းလယ်ဗျူဟာမှာ ဘေးနဲ့ နောက်တွေကို ပြန်ပေးရတာက များနေပြီး သူတို့တွေလည်း တစ်ဖက်က ဘောလုံးပျက်မှ တိုက်စစ်ကို သွားနိုင်တဲ့ အခြေအနေမှာ ကြုံရင်ကြုံသလို ထိုးဖောက်ခဲ့ကြတာဖြစ်ပါတယ်။ အချိန်နှစ်ချိန်မှာ မန်ယူတို့ရဲ့ အငိုက်ကို မန်စီးတီးတို့ ကွက်တိဖမ်းနိုင်ခဲ့လို့ တုံ့ပြန်ပုံအားနည်းတဲ့ အနီရောင်တွေကို မိုးပြာရောင်တွေက ကျော်ဖြတ်သွားနိုင်ခဲ့တာလို့ ဆိုရပါလိမ့်မယ်။

ဂွန်ဒိုးဝမ်ရဲ့ လက်ဖျားခါစရာ Volley များ
၂၀၂၀-၂၁ ရာသီမှာ စီးတီးတို့ ချန်ပီယံဖြစ်ခဲ့စဉ်က အသင်းအတွက် ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ ဂျာမန်သားဟာ နောက်နှစ်ရာသီမှာလည်း ဆက်လက်ပြီး ခြေစွမ်းပြခဲ့သလို သူ့ရဲ့ ဂိုးလာဘ်ကတော့ ကွင်းလယ်လူတွေထဲမှာ ကြောက်စရာလန့်စရာဖြစ်နေခဲ့ပါတယ်။ ဒီနေ့ပွဲရဲ့ ပွဲချိန် ၁၂ စက္ကန့်မှာ အက်ဖ်အေသမိုင်း စံချိန်ချိုးမယ့် အမြန်ဆုံးဂိုးကို Volley ကန်သွင်းပြီး စဖွင့်ခဲ့သလို ဒီဂိုးက မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာရဲ့ ၂၅ စက္ကန့်ကို အပြတ်အသတ် ကျော်လွန်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဧရိယာအစပ်ကနေ ပါးနပ်တဲ့ Volley ကန်ချက်နဲ့ပဲ မြို့ခံပြိုင်ဘက်တွေကို နောက်ကောက်ချနိုင်ခဲ့တာပါ။

ဂွါဒီယိုလာနဲ့ တန်ဟတ်ရဲ့ Overload ပြိုင်ပွဲ
၃-၂-၄-၁ ကွင်းလယ်ကို Overload လုပ်ပြီး အနိုင်ယူဖို့ အချိန်တော်လေးယူပြီး တည်ဆောက်ခဲ့ရတဲ့ ဂွါဒီယိုလာရဲ့ ကစားကွက်ကို တန်ဟတ်က တစ်ရက်တည်းနဲ့ ပြိုင်ဘက်အဖြစ် ပခုံးချင်း ယှဉ်လာခဲ့ပါတယ်။ ၄-၃-၂-၁ ပုံစံနဲ့ ပွဲထွက်လာတဲ့ မန်ယူတို့အနေနဲ့ ရက်ရှ်ဖို့ဒ်ကို Free Role ကစားခိုင်းပြီး နောက်က ဘရူနို ဖာနန်ဒက်စ်၊ ဆန်ချို၊ အဲရစ်ဆန်၊ ဖရက်ဒ်နဲ့ ကာစီမီရိုတို့က ဘောလုံးဆုံးရှုံးချိန်တိုင်း ကွင်းလယ်မှာ ငါးယောက် အစုအဖွဲ့အနေနဲ့ နေရာယူကစားခဲ့ရာမှာ မန်စီးတီးဘက်က ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနားတို့ရဲ့ ဖန်တီးမှု သုံးယောက်တန်းက တော်တော်လေး ကျပ်သွားခဲ့ကြပြီး ဟားလန်းပါ ရုန်းကန်သွားခဲ့ရတာကြောင့် ဒီနေ့မှာ တန်ဟတ်ကို အမှတ်ကောင်းကောင်း ပေးရမှာပဲဖြစ်ပါတယ်။

ဒိုင်တွေကို ဘောကြားညှပ်ထားတဲ့ မန်ယူ
ဒိုင်တွေကို အိတ်ထဲ ကောက်ထည့်ထားတယ်ဆိုရင် ဒါက တော်တော်လေး လျှော့ပြောထားတာဖြစ်ပါလိမ့်မယ်။ ခုက ဘောကြားညှပ်ထားတဲ့ အဆင့်ဖြစ်နေပါပြီ။ ဒီနေ့ပွဲမှာ ကွင်းလယ်က နောက်ထပ် ဂတုံးတစ်ကောင်ဖြစ်တဲ့ ပေါလ် တီယာနီအနေနဲ့ မန်ယူတို့ကို ဘယ်လို ကူရမလဲဆိုတာကိုပဲ ချောင်းနေခဲ့တာဖြစ်ပြီး လုံးဝ ခွင့်လွှတ်လို့ရတဲ့ ဂရီးလစ်ရှ်ရဲ့ လက်ထိဘောကို လှေနံဓားထစ် Dogmatic ပုံစံနဲ့ ခွင့်ပြုခဲ့တာပါ။ ဝန်ဘစ်ဆာကာက ဧရိယာထဲ ခေါင်းတိုက်မပေးခင်မှာ ခုန်ထားတဲ့ ဂရီးလစ်ရှ်အနေနဲ့ သူ့လက်က သာမန်ဖြစ်သင့်တဲ့ အနေအထားမှာပဲ ရှိနေခဲ့ပေမယ့် ဘောကြားအညှပ်ခံထားတဲ့ ဒိုင်က ဆွဲစားသွားခဲ့တာဖြစ်ပါတယ်။

ဖလားသုံးလုံးအတွက် အားဆေးစားတဲ့ မန်စီးတီး
ပရီးမီးယားလိဂ်ကို အရယူပြီးတဲ့ အချိန်မှာ သူတို့ရဲ့ ဖလားသုံးလုံးအိပ်မက်ကို ဖျက်ဆီးချင်နေတာ သေချာတဲ့ မြို့ခံပြိုင်ဘက် မန်ယူတို့ရဲ့ ခါးသီးတဲ့ အမုန်းနဲ့ ဒိုင်တွေကတောင်မှ အက်ဖ်အေဖလားနိုင်ပွဲကို မတားဆီးနိုင်ခဲ့ဘူးဆိုတော့ သူတို့ရဲ့ ခံနိုင်ရည်က Booster ထိုးသလို မြင့်တက်သွားခဲ့ပြီး ပိုပြီးလည်း ယုံကြည်မှု မြင့်မားသွားခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်မှာ ၁၉၉၉ ခုနှစ်က မန်ယူတို့သာ လုပ်ပြထားနိုင်ခဲ့တဲ့ စံချိန်ဟောင်းက အင်တာမီလန်ကို ယုံကြည်မှု အပြည့်နဲ့ ကျော်ဖြတ်နိုင်ခဲ့ရင် လယ်ဗယ်ပေါင်းခံရတော့မှာဖြစ်ပြီး နဂိုကတည်းက ခြေစွမ်းချင်း ကွာဟချိန်မှာ မန်ချက်စတာဆိုတာ အပြာရောင်လို့ လူတွေ ပြောကုန်ကြပါတော့မယ်။

ကြက်သေသေနေတဲ့ ဒဟေးယားအတွက် နောက်ဆုံးပဲလား
မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဂိုးဖမ်းရုံဖမ်းတတ်ပြီး မော်ဒန်ဘောလုံးရဲ့ ဥပဒေသတွေ၊ တောင်းဆိုမှုတွေနဲ့ မကိုက်ညီတော့တဲ့ စပိန်သားကို ရှင်းထုတ်ဖို့ အတွေးတွေက ကနဦးကတည်းက ရှိနေခဲ့ချိန်မှာ ဒီနေ့လက်စွမ်းကတော့ ပိုပြီးအလေးသာလာစေခဲ့တာပါ။ ဂွန်ဒိုးဝမ်ရဲ့ ပထမဂိုးမှာ သူ့ရဲ့ အလွယ်တကူ လက်လျှော့ပေးလိုက်တဲ့ ပုံစံကို မြင်ခဲ့ရသလို ဒုတိယဂိုးမှာလည်း ဘယ်လောက်မှ မပြင်းတဲ့ Volley ကန်ချက် မြေထောက်လာတာကို မှန်ကန်အောင် တွက်ဆနိုင်ခြင်း မရှိဘဲ ပိုဆိုးတာက ဟန်ချက်ပျက်ပြီး လဲမလို ပြိုမလိုဖြစ်နေခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ကြရတာကြောင့် နောက်နှစ် မန်ယူဂိုးပေါက်မှာ လူသစ်မြင်ရရင် မဆန်းတော့ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

တန်ဟတ်နဲ့ တစ်ဆင့်ပိုမြင့်လာနိုင်တဲ့ မန်ယူ
ဒိုင်ကူတာက ရိုးနေပြီဆိုတော့ တခြားအကြောင်းပဲ ပြောရမယ်ဆိုရင် တန်ဟတ်ရဲ့ ဒီနေ့ဗျူဟာနဲ့ ရဲရင့်တဲ့ အတွေးအခေါ်၊ နည်းစနစ်ပိုင်းမှာ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ Flexibility အကြောင်းကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ၄-၃-၂-၁ ကစားကွက်က ဒီနေ့မှာ မန်စီးတီးတို့ရဲ့ လမ်းကြောင်း တော်တော်များများကို ပိတ်ဆို့သွားနိုင်ခဲ့သလို အိုင်းယက်စ်နည်းပြဟောင်းရဲ့ နည်းဗျူဟာပိုင်း ကြွယ်ဝမှုနဲ့ အတွေးအခေါ်ကို ပြသနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ အချိန်တွေကလို ဘောလုံးပိုင်ဆိုင်မှု အားကောင်းတဲ့ အသင်းတွေရဲ့ ဖိအားမှာ ရုပ်ပျက်ဆင်းပျက် မဖြစ်ဘဲ တုံ့ပြန်နိုင်စွမ်းကို ပြသနိုင်ခဲ့တာဖြစ်လို့ လာမယ့် ရာသီမှာ မန်ယူတို့ ဒီထက်ပိုပြီး ရပ်တည်မှုကောင်းနဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ဖို့ ယုံကြည်ချင်စရာဖြစ်လာခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.