Match Report UCL&UEL

ဝုလ်ဖ်ဘတ်ကို Come Back နိုင်ပွဲနဲ့ ချန်ပီယံလိဂ်ကို သိမ်းပိုက်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအမျိုးသမီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပါညို့စ်၊ ခံစစ်မှာ အိုင်ရင်း ပါရေးဒက်စ်၊ မာပီ လီယွန်၊ လူစီ ဘရွန့်ဇ်နဲ့ ရော်လ်ဖိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘွန်မာတီ၊ ကီရာ ဝဲလ့်ရှ်နဲ့ ဂွီယာရိုတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဟန်ဆန်၊ ကယ်လ်ဒင်တီနဲ့ ပါရာယူလိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဝုလ်ဖ်ဘတ်အမျိုးသမီးတွေကတော့ ဂိုးသမား ဖရုမ်းစ်၊ ခံစစ်မှာ ကင်းဒရစ်ချ်၊ ယန်ဆန်၊ ဝင်းလ်မ်စ်နဲ့ ရောက်ချ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အိုဘာဒေါ့ဖ်၊ ဂျီးလ် ရော့ဒ်နဲ့ ဆဗန်ယာ ဟုသ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျွန်စ်ဒေါ့တာ၊ ပါယော်နဲ့ အလက်ဇန်ဒရာ ပေါ့ပ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက ဝုလ်ဖ်ဘတ်တို့ စတင်ဦးဆောင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘာစီလိုနာခံစစ်က‌ နောက်ပြန်ပေးပြီး ပလာတာများနေတုန်း ဝုလ်ဖ်ဘတ်တိုက်စစ်မှူး ပါယော်က ဖြတ်ယူပြီး ညာဘက်ထောင့်ကို အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘာမှ မတတ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ အမျိုးသမီးချန်ပီယံလိဂ်လောကမှာ ဘာဆိုလားဖြစ်တဲ့ ဝုလ်ဖ်ဘတ်တို့ပဲ ဒုတိယဂိုး ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ရသွားတဲ့ ပါယော်က ဘယ်တောင်ပံကနေ ဖြတ်တင်ပေးရာမှာ အသင်းခေါင်းဆောင် ပေါ့ပ်က အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ ဘာစီလိုနာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ဘာစီလိုနာတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဟန်ဆန်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဝုလ်ဖ်ဘတ်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ဂွီယာရိုက အနီးကပ် ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာ ဘာစီလိုနာတို့ပဲ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့သလို ဒီဂိုးကို ညာခြမ်းကနေ ဘွန်မာတီက ဖြတ်တင်ပေးတဲ့ ဘောလုံးကို ပထမဂိုး သွင်းပေးတဲ့ ဂွီယာရိုကပဲ ခေါင်းတိုက်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့လို့ ဝုလ်ဖ်ဘတ်ဂိုးသမား ဖရုမ်းစ် မကာကွယ်နိုင်ဘဲ ဖြစ်ခဲ့ရပြီး စပိန်သူတွေ ဇပြင်းကြောင်း ပြသနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဘာစီလိုနာတို့ပဲ နောက်ကနေ ရလဒ်ကို ပြောင်းပြန်လှန်နိုင်ခဲ့ကြသလို တတိယဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဖြတ်တင်ဘောကို ကယ်လ်ဒန်တီ ပိတ်သွင်းဖို့ ကြိုးစားရာမှာ ခံစစ်နဲ့ ထိပြီး ပြန်ထွက်လာတာကို နောက်တစ်ကြိမ် မကန်ဘဲ ဘယ်ဘက်ကို ချိုးပေးရာမှာ နောက်ခံလူ ရော်လ်ဖိုက အပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘာစီလိုနာတို့က ဝုလ်ဖ်ဘတ်တို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိပြီး အမျိုးသမီးချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်သွားခဲ့ကြသလို ဒီဆုဖလားကြီးကို ဒုတိယအကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့ကြတာဖြစ်ပြီး သုံးနှစ်ဆက်တိုက် ဖိုင်နယ်တက်ရောက်နိုင်ခဲ့ချိန်မှာ နှစ်ကြိမ် ရယူနိုင်ခဲ့တာက Come Back နိုင်ပွဲနဲ့အတူ ချီးကျူးစရာလည်းဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.