Carabao & FA Match Report Premier League

ဂွန်ဒိုးဝမ်ရဲ့ ဂိုးတွေနဲ့ မန်ယူကို ဆုံးမပြီး အက်ဖ်အေချန်ပီယံဖြစ်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ဝေါ်လ်ကာနဲ့ အာကန်ဂျီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျွန်စတုန်းစ်၊ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနား၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်း တစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လင်ဒီလော့ဖ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဖရက်ဒ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆန်ချို၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၁၂ စက္ကန့်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂိုးသမား အော်တေဂါ ကန်တင်ပေးတာကို ဟားလန်းက ခေါင်းတိုက်ချပေးရာမှာ ဘောလုံးရသွားတဲ့ ဒီဘရိုင်းနားက ပြန်ခင်းပေးတာကို ဂွန်ဒိုးဝမ်က ဧရိယာထိပ်ကနေ Volley ကန်သွင်းယူပြီး ဒဟေးယားကို ငုတ်တုတ်မေ့စေခဲ့တာဖြစ်ပါတယ်။

ဟားလန်းအနေနဲ့ ရာသီကုန်ခါနီးမှာ ခြေစွမ်းလျော့ကျလာနေခဲ့တာကြောင့် မန်ယူနောက်တန်းကို ဒုက္ခပေးနိုင်မှု နည်းပါးခဲ့သလို ၄-၃-၂-၁ ပုံစံနဲ့ ကွင်းလယ်မှာ ငါးယောက်အထိထားပြီး မန်စီးတီးတို့ရဲ့ ၃-၂-၄-၁ ကို ရင်ဆိုင်လာခဲ့တဲ့ တန်ဟတ်ကြောင့် ဂွါဒီယိုလာရဲ့ ကစားကွက်တည်ဆောက်မှုနဲ့ ဂိုးရှေ့မှာ ဖန်တီးနိုင်စွမ်းက ထင်တိုင်းမပေါက်ဘဲ နော်ဝေသားတစ်ယောက် လှုပ်ဖို့ ကျပ်နေခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ မန်ယူတို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဝန်ဘစ်ဆာကာက ဂိုးရှေ့ကို ခေါင်းတိုက်ပြီး ဖြတ်တင်ရာမှာ ဂရီးလစ်ရှ်ရဲ့ မြှောက်ထားတဲ့ လက်နဲ့ ထိသွားခဲ့တာကြောင့် VAR ပြန်ကြည့်ပြီး ပေးခဲ့တဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ်က ဂိုးသမား အော်တေဂါကို လှည့်စားပြီး ကန်သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ မန်စီးတီးတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကနေ မန်ယူနောက်တန်းတွေ ရှိမနေတဲ့ ဧရိယာထိပ်ကို မ,တင်ပေးလိုက်တဲ့ ဘောလုံးကို ဂွန်ဒိုးဝမ်ကပဲ ဘယ်ခြေနဲ့ Volley ကန်သွင်းခဲ့ရာမှာ အပြင်းကြီး မဟုတ်ခဲ့ပေမယ့် မြေထောက်ပြီး လာတဲ့ ကန်ချက်ကို ဒဟေးယား ကာကွယ်ဖို့ ခက်ခဲ့လို့ ဂိုးပေးလိုက်ရတာပါ။

မန်စီးတီးကပ္ပတိန်အနေနဲ့ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးခဲ့ပြီး ဒီဘရိုင်းနားရဲ့ ဖန်တီးမှုနှစ်ကြိမ်ကို နှစ်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သလို ဟက်ထရစ်ရဖို့တောင် နီးစပ်ခဲ့သေးတာပါ။ မန်ယူတို့ဘက်က အဲရစ်ဆန်၊ ဆန်ချိုနဲ့ လင်ဒီလော့ဖ်တို့အစား ဂါနာချို၊ ဗက်ဂ်ဟော့စ်နဲ့ မက်တော်မီနေးတို့ ဝင်ကစားခဲ့ပြီး စီးတီးတို့ဘက်ကတော့ ဒီဘရိုင်းနား၊ ဂရီးလစ်ရှ်နဲ့ ဝေါ်လ်ကာတို့အစား ဖိုဒန်၊ အာကေနဲ့ လာပေါ့တ်တို့ကို ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က မန်ချက်စတာယူနိုက်တက်တို့ကို နှစ်ဂိုး-တစ်ဂိုးရလဒ်နဲ့ အက်ဖ်အေဖလားကို ကိုင်မြှောက်ရင်း အောင်ပွဲခံခဲ့ကြပြီး ဒီရာသီ ဖလားသုံးလုံး လမ်းကြောင်းပေါ်ကနေ နှစ်လုံးကို ရယူနိုင်ခဲ့ပြီဖြစ်သလို အင်တာမီလန်ကို ဖြတ်ကျော်ပြီး ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့အတွက်ပါ အင်အားပိုမိုဖြစ်ထွန်းစေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.