Premier League Transfer News

ခေါင်းကြီး အသင်းက ထွက်ရင် ပိုက်ဆံပေးမယ်လို့ ကမ်းလှမ်းလိုက်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့ သူတို့ရဲ့ အသင်းမှာ မလိုအပ်တော့တဲ့ နောက်ခံလူ ဟာရီ မက်ဂွိုင်းယားကို အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် လက်ကျန်လစာငွေကို ညှိနှိုင်းဖြေရှင်းပေးသွားဖို့ ရှိနေပြီး အသင်းခေါင်းဆောင်တစ်ယောက်လို့တောင် သဘော မထားတော့ကြောင်းကို ပြသခဲ့ကြပါတယ်။

ခေါင်းကြီးအနေနဲ့ အရန်ခုံမှာသာ မြဲနေပြီး အသင်းခေါင်းဆောင်လက်ပတ်ကို ဘရူနို ဖာနန်ဒက်စ်ဆီ လွှဲပေးထားရသလို အရေးပါတဲ့ အခန်းကဏ္ဍ ဘာဆိုဘာမှ မရှိတော့ဘဲ အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရက်သ် ဆောက်ဂိတ်ကိုပါ မျက်နှာပြောင်တိုက်သလိုဖြစ်နေခဲ့တာပါ။

မန်ယူအသင်းနဲ့ မက်ဂွိုင်းယားတို့ကြား စာချုပ်အရ လာမယ့် ၂၀၂၅ နွေရာသီအထိ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းကိုးသောင်းနဲ့ နှစ်နှစ်စာ ကျန်ရှိနေသေးပြီး ဒါကို အိုးလ်ထရက်ဖို့ဒ်ဘက်က အပြည့်အဝ မပေးဘဲ တစ်နှစ်စာ သို့မဟုတ် လက်ကျန်စာချုပ်ရဲ့ ထက်ဝက် ပေါင်ဆယ်သန်း ပေးရင် နှစ်ဦးသဘောတူ လမ်းခွဲမလားလို့ တောက်ကြည့်လာခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကစားသမားကို မန်ယူတို့အနေနဲ့ လက်စတာစီးတီးအသင်းကနေ ခေါ်ယူခဲ့စဉ်က ပြောင်ရွှေ့ကြေး ပေါင်သန်း ၈၀ အထိ စံချိန်တင် အသုံးပြုခဲ့ရသလို လက်ရှိမှာတော့ ပေါင်သန်း ၃၀ လောက်သာ တန်တော့တယ်လို့ ခန့်မှန်းမှုတွေအရ သိရပြီး သူ့ကို အလျင်စလို ခြောက်လနဲ့ ကပ္ပတိန်ပေးခဲ့တဲ့ နည်းပြ‌ဟောင်း အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ကလည်း အပြစ်တင်စရာဖြစ်နေခဲ့ရတာပါ။

ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းမှုတွေအရတော့ မက်ဂွိုင်းယားအနေနဲ့ အသင်းပြောင်းမယ်ဆိုရင် လက်ရှိလုပ်ခ ပေါင်တစ်သိန်းကိုးသောင်းရဲ့ ထက်ဝက်ခန့်သာ ရရှိနိုင်တာကြောင့် မန်ယူတို့အနေနဲ့ လက်ကျန်နှစ်နှစ်မှာ ဒီပမာဏကို ဆက်လက်ရရှိအောင် အသင်းသစ်က ပေးချေမယ့် လစာငွေထဲကို စိုက်ထုတ်ပြီး ပေးချေတဲ့ သဘောမျိုးနဲ့ ပေါင်ဆယ်သန်းပေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.