Analysis Article La Liga Match Report Serie A UCL&UEL

ဘိုနိုရဲ့ လက်စွမ်း၊ သတ္တမချန်ပီယံ ကြီးမြတ်မှုနဲ့ ဆီဗီလာ-ရိုးမားဗိုလ်လုပွဲက ပြောစရာများ

သတ္တမချန်ပီယံရဲ့ ကြီးမြတ်မှု
ဉာဏ်ကောင်းတာချင်းတူရင် ဝီရိယစိုက်ထုတ်ပြီး ကြိုးစားအနိုင်ယူလို့ ရပေမယ့် ကံကောင်းတဲ့သူကိုတော့ ဘယ်သူကမှ မယှဉ်နိုင်ပါဘူး။ ဆီဗီလာတို့မှာ ယူရိုပါလိဂ်ကံ ရှိနေတာက အူနိုင်း အမ်မရီကိုတောင် ကမ္ဘာကျော်နည်းပြဖြစ်စေခဲ့ပြီပဲ မဟုတ်လား။ ဒီနေ့မှာလည်း ဉာဏ်ကောင်းလှပါတယ်လို့ ဆိုတဲ့ မော်ရင်ညိုတစ်ယောက် သူ့ရဲ့ ဥရောပအဆင့် ဗိုလ်လုပွဲမှတ်တမ်းကို မပျက်စေဖို့ ဆီဗီလာကို ပိတ်ကစားလိုက်၊ မူယာမာယာများလိုက်နဲ့ အနိုင်ယူဖို့ ကြိုးစားပေမယ့် ကံချင်း မယှဉ်နိုင်လို့ ပင်နယ်တီမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ပြီး စပိန်သား အန်ဒါလူစီယန်တွေရဲ့ ကြီးမြတ်မှုကို မယှဉ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

အသက် ၆၀ မှာ ပါကင်ပွင့်ခဲ့ရသူလေး
ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုကတော့ သူ့ရဲ့ ကိုင်တွယ်လာသမျှ အသင်းတွေမှာ ဥရောပအဆင့် ဗိုလ်လုပွဲတွေကို တက်ရောက်နိုင်တိုင်း ဖလားရတဲ့ မှတ်တမ်းကောင်း ပျက်စီးခဲ့ရပြီဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပေါ်တိုနဲ့ ယူအီးအက်ဖ်အေ(လက်ရှိ ယူရိုပါလိဂ်)ဖလား၊ ၂၀၀၄ ခုနှစ်မှာ ပေါ်တိုနဲ့ပဲ ချန်ပီယံလိဂ်ဖလား၊ ၂၀၁၀ ခုနှစ်မှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဖလား၊ ၂၀၁၇ ခုနှစ်မှာ မန်ယူနဲ့ ယူရိုပါလိဂ်ဖလား၊ ၂၀၂၁ ခုနှစ်မှာ ရိုးမားနဲ့ ကွန်ဖရင့်လိဂ် ဖလားတွေကို ရယူနိုင်ခဲ့တဲ့ ပေါ်တူဂီသားကြီးဟာ ခြောက်ကြိမ်မြောက် ဖိုင်နယ်မှာတော့ စံချိန်ပျက်ခဲ့ရပြီး ဆုတံဆိပ်ကို ပရိသတ်ထဲက ကလေးဆီ ပစ်ပေးလို့ စိတ်ပျက်ခဲ့ရတာပါ။

ပင်နယ်တီဆို ဘိုနို
ပင်နယ်တီဆိုရင် ဘိုနိုပဲဟေ့လို့ ဆိုရလောက်အောင် မော်ရိုကိုသား ယာစင်း ဘူးနူးအနေနဲ့ သူ့ရဲ့ ၆ ပေ ၅ လက်မရှိတဲ့ အရပ်နဲ့ ဂိုးပေါက်ရဲ့ နေရာတိုင်းကို လက်လှမ်းမီနေသလားလို့ ထင်ခဲ့ရတာပါ။ ပထမ ပင်နယ်တီမှာ ဘရိုင်ယန် ခရစ္စတန်တေတစ်ယောက် ဘိုနိုရဲ့ အရပ်ရှည်မှုကို အားနည်းချက် လုပ်ပြီး ကုန်းလို့ကွေးလို့ ခက်တဲ့ နေရာကို အပိုင်ကန်သွားတာကလွဲရင် ဒုတိယပင်နယ်တီက ခြေထောက်နဲ့ ကာကွယ်ပြခဲ့ပြီး တတိယ ပင်နယ်တီကိုတော့ လက်ဖျားနဲ့ ထိုးထုတ်ပြီး တိုင်ထိစေခဲ့တာကြောင့် ဆီဗီလာတို့အတွက် ဒီလိုမျိုးအချိန်မှာ ဖလားရမယ်လို့ စပိန်တွေဘက်ကနေ ကြိုပြီး ယုံကြည်ချက်ရှိနေတာ မမှားဘူးလို့ ဆိုရမှာဖြစ်သလို တွစ်တာက ငပေါတွေရဲ့ ရိုးမားဖလားလို့ မဲပေးခဲ့ကြမှုတွေက ဟာသဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ လုပ်နေကျ မန်ဒီလီဘာ
ဆီဗီလာနည်းပြ မန်ဒီလီဘာအနေနဲ့ သူ့အသင်းမှာ ဒီလောက်လဲ ကောင်းလှတာ မဟုတ်တဲ့ အိုလီဗာ တောရက်စ်နဲ့ ဘရိုင်ယန် ဟေးလ်တို့ကို ပထမပိုင်းမှာ ပွဲထုတ်ပြီး ဒုတိယပိုင်းကျမှ ဆူဆိုနဲ့ လာမယ်လာတို့ကို သုံးတဲ့ ဗျူဟာကိုပဲ ဆက်လက်လုပ်ဆောင်ခဲ့တာပါ။ ပထမပိုင်းမှာ ရာကီတစ်ချ်တို့ရဲ့ ကွင်းလယ်က အချုပ်မိနေခဲ့လို့ အလုပ်မဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်း စစချင်းပဲ ဆူဆိုနဲ့ လာမယ်လာတို့ကို ထည့်လိုက်ချိန်မှာ ရိုးမားတို့ အခြေပျက်ခဲ့ရသလို သူတို့ရဲ့ တိုးအားက ဖြစ်လာတဲ့ နေရာလွတ်ကနေ အသင်းကပ္ပတိန် ဟေဆူးစ် နာဗက်စ်က ဖြတ်တင်ပေးရာမှာတော့ ချေပဂိုး ရရှိခဲ့လို့ မန်ဒီလီဘာရဲ့ ဗျူဟာက မဆိုးဘူးလို့ပဲ ဆိုရဦးမှာဖြစ်ပါတယ်။

ဂျလုံးပလုံးအသင်းကို စွန့်ခွာပြီး ယူရိုပါဖလားရတဲ့သူ
ဆီဗီလာနောက်ခံလူ လွိခ် ဘာဒေအနေနဲ့ ဒီနေ့မှာ ယူရိုပါလိဂ်ကို ဗိုလ်စွဲပြီး ဆုဖလားရလိမ့်မယ်လို့ သူ့ရဲ့ ဒီရာသီ မျှော်လင့်ချက်ထဲမှာ ပါဝင်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ရင်းနေးအသင်းက ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ပြင်သစ်ခံစစ်မှူးဟာ ဒီရာသီအစမှာ ပရီးမီးယားလိဂ် တန်းတက် နော့တင်ဟမ်ဖောရက်စ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး တစ်ပွဲမှ မကစားဖြစ်ခဲ့သလို ဆောင်းရာသီမှာတော့ ဆီဗီလာကို အငှားနဲ့ပဲ ထပ်မံပြောင်းရွှေ့ပြီး အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့တာပါ။ ဒီနေ့မှာတော့ ယူရိုပါလိဂ်ဖလားကို ကိုင်မြှောက်ခွင့်ရခဲ့ပြီး သူ့ရဲ့ ကံကြမ္မာကတော့ ထူးခြားဆန်းကြယ်ခဲ့ပါတယ်။

ပင်နယ်တီတွေမှာ သေချာခဲ့တဲ့ အင်္ဂလိပ်ဒိုင်များ
စပိန်ကလပ်နဲ့ အီတလီကလပ်တို့ တွေ့ဆုံတဲ့ ဒီနေ့ပွဲကို ကိုင်တွယ်ခဲ့သူတွေကတော့ အင်္ဂလိပ်တွေဖြစ်ကြတဲ့ ကွင်းလယ်ဒိုင် အန်ထော်နီ တေလာ၊ လက်ထောက်ဒိုင် ဂယ်ရစ် ဘက်စ်ဝစ်ခ်နဲ့ အက်ဒမ် နန်းန်၊ စတုတ္ထဒိုင် မိုက်ကယ် အိုလီဗာနဲ့ VAR ဒိုင် စတူးဝပ် အက်ထ်ဝဲလ်တို့ပဲ ဖြစ်ကြပါတယ်။ ပထမပိုင်းမှာ ဒီဘားလားရဲ့ ဂိုးကို ဖောင်းဖြစ်တဲ့ ၅၀-၅၀ လုယူပုံကနေ ခွင့်ပြုပေးခဲ့ပေမယ့် ရိုးမားကပ္ပတိန် လော်ရင်ဇို ပယ်လီဂရီနီရဲ့ ဒိုက်ထိုးပြီး ပင်နယ်တီ တောင်းတာနဲ့ ဒုတိယပိုင်းမှာ ဆီဗီလာရဲ့ အိုကမ်ပို့စ်ကို အီဘာညက်ဇ်က ဖျက်ထုတ်ရာမှာ VAR နဲ့ သေချာကြည့်ပြီး မူလ ပင်နယ်တီ ဆုံးဖြတ်ချက်ကို ပြောင်းလဲပေးနိုင်ခဲ့တာတွေက သူတို့တွေအတွက် ချီးကျူးစရာ မှန်ကန်မှုတွေ ဖြစ်ခဲ့တာပါ။

စပါးစ်တော့ မသိဘူး၊ ဟေးလ်တော့ ဖလားရသွားပြီ
စပါးစ်တို့ရဲ့ ဆုဖလားဘီဒို ဖုန်တက်ချက်ကတော့ အောချလောက်ချိန်မှာ မြောက်လန်ဒန်မှာ ခြေစွမ်းမပြနိုင်ဘဲ တိုင်ပတ်နေခဲ့လို့ သူတို့ကို စွန့်ခွာပြီး ဆီဗီလာနဲ့ ပူးပေါင်းခဲ့တဲ့ ဘရိုင်ယန် ဟေးလ်ကတော့ တစ်ရာသီလေး ကြိုးစားလိုက်ရုံနဲ့ ဒီနေ့မှာ ဖလားတစ်လုံး ရယူသွားနိုင်ခဲ့ပါပြီ။ ဒီဖလားကလည်း သာမန်ဖလားမဟုတ်ဘဲ အစဉ်အလာရှိတဲ့ ဥရောပအဆင့် ယူရိုပါလိဂ်ဖလားဖြစ်ပြီး သူ့ကို ကန်ထုတ်ခဲ့တဲ့သူတွေအားလုံးထက် သာလွန်သွားခဲ့သလို အငှားပြန်သွားရင် ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကို အောင်မြင်မှုတွေအကြောင်း “ဒီလိုဗျ… ကော်ရီးတို့ရ…”လို့ အစချီပြီး သင်ကြားပေးလို့ ရတော့မှာဖြစ်ပါတယ်။

ထူးချွန်ပြောင်မြောက်ခဲ့ပေမယ့် ကံမလိုက်ခဲ့တဲ့ စမောလင်း
ဒီနေ့ပွဲက နှစ်သင်းစလုံးရဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့သူကတော့ ရိုးမားနောက်ခံလူ ခရစ္စ စမောလင်းပဲဖြစ်ခဲ့ပါတယ်။ မန်ယူနောက်ခံလူဟောင်း အင်္ဂလိပ်ကြီးအနေနဲ့ အသက် ၃၃ နှစ်အရွယ်မှာ ခြေစွမ်းတည်ငြိမ်နေဆဲဖြစ်ပြီး ဆီဗီလာတိုက်စစ်မှူး ယူဆက်ဖ် အန်နက်ဆီရီကို အပိုင်ခေါင်းတိုက်ခွင့် လုံးဝမရအောင် ထိန်းချုပ်သွားခဲ့သလို လေထဲကို ဖြတ်တင်တိုင်း ခေါင်းဦးနေခဲ့ပြီး ရိုးမားတို့ရဲ့ မျက်နှာကြက်ကို သံကွန်ခြာနဲ့ အုပ်မိုးသလို လုပ်ဆောင်ထားနိုင်ခဲ့တာပါ။ နာကျင်အချိန်ပိုမှာ သူ့ရဲ့ ခေါင်းတိုက်ချက်ကသာ ဘားထိမထွက်ခဲ့ရင် ဆီဗီလာတို့ ကြေကွဲနေလောက်ပြီဖြစ်ပြီး နောက်ဆုံးမှာ သူ့ရဲ့အသင်း ရှုံးနိမ့်ခဲ့ပေမယ့် စွမ်းဆောင်ရည်ကတော့ တစ်ဖက်ဂိုးသမား ဘိုနိုနဲ့ နှိုင်းယှဉ်လို့ရခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.