La Liga Match Report Serie A UCL&UEL

မော်ရင်ညိုကို ပါကင်ဖွင့်ပေးလိုက်တဲ့ သတ္တမမြောက် ယူရိုပါချန်ပီယံဆုနဲ့ ဆီဗီလာ

ဥရောပအဆင့် ဗိုလ်လုပွဲတွေမှာ အသက် ၆၀ အထိ ရှုံးပွဲမရှိသေးဘဲ နိုင်ပွဲတွေသာ ရှာဖွေထားနိုင်ခဲ့တဲ့ နည်းပြကြီး မော်ရင်ညိုကတော့ ရိုးမားအသင်းနဲ့အတူ ဒီနေ့မှာ ပါကင်ပွင့်သွားခဲ့ပြီဖြစ်ပြီး ဆီဗီလာတို့က သူတို့အတွက် ခါးသီးမှုတွေကို ပေးစွမ်းရင်း ၇ ကြိမ် ဗိုလ်လုပွဲတက် ၇ ကြိမ် ဗိုလ်စွဲတဲ့ ရာနှုန်းပြည့် မှတ်တမ်းကောင်းကို ထိန်းသိမ်းရင်း အအောင်မြင်ဆုံးဆိုတဲ့ အချိုပေါ် ဖလားသစ်တစ်လုံးနဲ့ သကာထပ်ကောင်းခဲ့ပြီဖြစ်ပါတယ်။

ဆီဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ဘာဒေ၊ ဂူဒယ်လီ၊ ဟေဆူးစ် နာဗက်စ်နဲ့ အဲလက်စ် တဲလက်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖာနန်ဒို၊ ရာကီတစ်ချ်၊ အိုလီဗာ တောရက်စ်၊ အိုကမ်ပို့စ်နဲ့ ဘရိုင်ယန် ဟေးလ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်နက်ဆီရီ တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ရိုးမားတို့ကတော့ ဂိုးသမား ရူအီ ပက်ထရီစီယို၊ ခံစစ်မှာ စမောလင်း၊ မန်ချီနီနဲ့ အီဘာညက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ခရစ္စတန်တေ၊ မာတစ်ချ်၊ ပယ်လီဂရီနီ၊ ဇီကီ ချယ်လိခ်နဲ့ စပင်နက်ဇိုလာတို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အေဘရာဟမ်နဲ့ ဒီဘားလားတို့ကို တွဲဖက်ပေးလာခဲ့တာဖြစ်ပါတယ်။

ပွဲစကတည်းက ဆီဗီလာတို့က တိုက်စစ်ကစားနေခဲ့ချိန်မှာ ရိုးမားတို့ကတော့ မော်ရင်ညိုရဲ့ ပိတ်ကစားပြီး ဖလားယူတဲ့ ထုံးစံအတိုင်း နောက်မှာပဲ နေခဲ့ပြီး စပိန်သားတွေရဲ့ တိုက်စစ်မှူး အန်နက်ဆီရီကို ဗဟိုခံစစ်မှူး သုံးဦးအထိ ကပ်ထားခဲ့သလို ဧရိယာထဲအထိ Low Block ထိုင်ကစားခဲ့ပြီး ကောင်တာနဲ့ ပြန်ဖောက်ဖို့ပဲ ကြိုးစားနေခဲ့တာပါ။

ဆီဗီလာနည်းပြ မန်ဒီလီဘာရဲ့ ပထမပိုင်းမှာ ဘရိုင်ယန် ဟေးလ်နဲ့ အိုလီဗာ တောရက်စ်တို့လို လျှောက်မွှေတဲ့ ကစားသမားတွေကို သုံးပြီး အန်နက်ဆီရီအတွက် နေရာလွတ်ရှာဖွေပေးဖို့ ကြိုးစားတဲ့ ဗျူဟာက အလုပ်မဖြစ်ခဲ့ဘဲ ရိုးမားတို့ဆီမှာ ပိတ်မိနေခဲ့တာကြောင့် ဖန်တီးမှု ကျဆင်းနေတဲ့ ရာကီတစ်ချ်တို့ရဲ့ ကွင်းလယ်နဲ့ မထိုးဖောက်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ရိုးမားတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရယူဖို့ ကြိုးစားတဲ့ ရာကီတစ်ချ်ကို လမ်းကြောင်းပိတ်ထားပြီး လုယူခဲ့တဲ့ ခရစ္စတန်တေကြောင့် ပျက်တဲ့‌ ဘောလုံးကို နောက်ခံလူ မန်ချီနီက ဆီဗီလာခံစစ်ကြားကို ခင်းပေးခဲ့ရာမှာ ဒီဘားလားက ဂိုးသမား ဘိုနိုနဲ့ အတွေ့မှာ အမှားအယွင်းမရှိ အနိမ့်ဘော ကန်သွင်းနိုင်ခဲ့တာကြောင့် စတင်ဦးဆောင်နိုင်ခဲ့တာပါ။

အင်္ဂလိပ်ဇိုးသုံးကောင်ဖြစ်တဲ့ ကွင်းလယ်က အန်ထော်နီ တေလာ၊ စတုတ္ထဒိုင် မိုက်ကယ် အိုလီဗာနဲ့ VAR ဒိုင် စတူးဝပ် အက်ထ်ဝဲလ်တို့ကို အသုံးပြုလာတဲ့ ဒီနေ့မှာ ပရီးမီးယားလိဂ်စတိုင်အတိုင်း အမှားတွေပဲ လုပ်ခဲ့ပြီး ခရစ္စတန်တေရဲ့ ပြစ်ဒဏ်ဘော ကျူးလွန်မှုက ဂိုးရဖို့မှာ မြစ်ဖျားခံခဲ့ပေမယ့် မျက်နှာပြောင်ပြောင်နဲ့ပဲ ပယ်ချသွားခဲ့တာကြောင့် ဆီဗီလာတို့ နစ်နာခဲ့ရပါတယ်။

မော်ရင်ညို မှာထားတဲ့ ဦးအောင်ချ ဦးအောင်လှဲ ဗျူဟာက ဒီနေ့ပွဲမှာ တော်တော်လေး အလုပ်ဖြစ်ခဲ့သလို ရောမသားတွေရဲ့ ကပ္ပတိန် ပယ်လီဂရီနီကတော့ ပင်နယ်တီတောင်းဖို့ ဒိုက်ထိုးတဲ့အမှုနဲ့ အဝါထိခဲ့ပြီး ဆီဗီလာတို့ဘက်က ဖာနန်ဒိုနဲ့ ရာကီတစ်ချ်တို့ကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့နောက်မှာ ပထမပိုင်းကို ရိုးမားတို့ ဦးဆောင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ဆီဗီလာတို့ဘက်က ဘရိုင်ယန် ဟေးလ်နဲ့ အိုလီဗာ တောရက်စ်တို့ကို ထုတ်ပြီး ဆူဆိုနဲ့ လာမယ်လာတို့ကို ထုံးစံအတိုင်း ထည့်သွင်းလာခဲ့ရာမှာတော့ သူတို့ရဲ့ ကစားကွက် အထသွက်လာခဲ့ပြီး ရိုးမားတို့ ရုန်းကန်ခဲ့ရသလို ဆူဆိုရဲ့ မွှေနှောက်မှုတွေမှာ စမောလင်းတို့အုပ်စု အသားမကျသေးဘဲ မတည်မငြိမ်ဖြစ်နေခဲ့ရပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ဆီဗီလာတို့ ချေပဂိုး ပြန်ရခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဟေဆူးစ် နာဗက်စ်ရဲ့ ဖြတ်တင်မှုကို ပိတ်သွင်းဖို့ ကြိုးစားတဲ့ အိုကမ်ပို့စ်ကို တားဆီးရင်း ရိုးမားနောက်ခံလူ မန်ချီနီက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်သလို နည်းပြကြီး မော်ရင်ညိုအတွက်တော့ နောက်ဆုံး ဥရောပဗိုလ်လုပွဲ လေးပွဲအပြီး ငါးပွဲမြောက်မှာ ပထမဆုံး ဂိုးပေးခဲ့ရတာဖြစ်သလို နိမိတ်ဆိုးတစ်ခုလည်းဖြစ်ခဲ့တာပါ။

ရိုးမားတို့ဘက်က ဒီဘားလားနဲ့ အေဘရာဟမ်တို့အစား ဗိုင်နယ်လ်ဒမ်နဲ့ ဘယ်လော့တီတို့ကို ထည့်ကစားခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာ ဆီဗီလာတို့အနေနဲ့ ရိုးမားကို ဂိုးထပ်မသွင်းနိုင်ခဲ့သလို အိုကမ်ပို့စ်ရဲ့ ပင်နယ်တီ အခွင့်အရေးကိုလည်း နောက်ခံလူ အီဘာညက်ဇ်က ဘောလုံးကို ခြေနဲ့ အရင်ထိခဲ့တာကြောင့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရပြီး လူစားဝင်တိုက်စစ်မှူး ဘယ်လော့တီရဲ့ အနီးကပ်ကန်ချက်ကိုလည်း ဘိုနို ကာကွယ်နိုင်ခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာ ဆီဗီလာတို့ဘက်က အဲလက်စ် တဲလက်စ်၊ ဟေဆူး နာဗက်စ်၊ ဂူဒယ်လ်နဲ့ ဖာနန်ဒိုတို့အစား ရီကစ်၊ မွန်တီယယ်လ်၊ မာကာအိုနဲ့ ဂျော်ဒန်တို့ကို လူစားလဲသွားခဲ့ပြီး ရိုးမားတို့ဘက်ကတော့ ချယ်လိခ်၊ စပင်နက်ဇိုလာ၊ ပယ်လီဂရီနီနဲ့ မာတစ်ချ်တို့အစား ဇာလက်ဗ်စကီး၊ ယော်ရန်တေ၊ အယ်လ်ရှာရာဝီနဲ့ ဘိုဗီတို့ကို ထည့်သွင်းခဲ့ကြသလို နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပယ်နယ်တီကန်ဖို့ ဖြစ်လာခဲ့တာပါ။

ပင်နယ်တီကို ဆီဗီလာတို့က သူတို့ပရိသတ်ရှိတဲ့ ဂိုးဘက်မှာ စတင်ကန်သွင်းခွင့်ရခဲ့ပြီး ပထမဆုံး ပင်နယ်တီကိုတော့ အိုကမ်ပို့စ်က ဂိုသမား ပက်ထရီစီယိုကို လှည့်စားပြီး လှလှပပ ကန်သွင်းခဲ့သလို ရိုးမားတို့ဘက်ကတော့ ခရစ္စတန်တေက အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ညာဘက်အောက်ထောင့်ကို ကန်သွင်းပြီး ဂိုးသမား ဘိုနိုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒုတိယနဲ့ တတိယ ပင်နယ်တီတွေကို ဆီဗီလာတို့ဘက်က လာမယ်လာနဲ့ ရာကီတစ်ချ်တို့က ဘယ်ညာတိုင်ခြေတွေကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ကြပေမယ့် ရိုးမားတို့ဘက်ကတော့ ကပ္ပတိန်လက်ပတ်ကြီးနဲ့ နောက်ခံလူ မန်ချီနီနဲ့ အီဘာညက်ဇ်တို့ရဲ့ ကန်ချက်တွေကို ဂိုးသမား ဘိုနိုက ခြေနဲ့တစ်ကြိမ်၊ လက်ဖျားနဲ့ တစ်ကြိမ် အသီးသီး ကာကွယ်သွားနိုင်ခဲ့တာကြောင့် မော်ရင်ညို မျက်နှာပျက်ဖို့ ဖြစ်လာခဲ့ရတာပါ။

စတုတ္ထ အဆုံးအဖြတ် ပင်နယ်တီကို အာဂျင်တီးနား ကမ္ဘာ့ချန်ပီယံဖြစ်စေဖို့ အဆုံးအဖြတ် ကန်သွင်းပေးခဲ့တဲ့ ဆီဗီလာရဲ့ မွန်တီယယ်လ် ညာဘက်ကို ကန်သွင်းရာမှာ ဂိုးသမား ပက်ထရီစီယို ပုတ်ထုတ်နိုင်ခဲ့ပေမယ့် မကန်ခင်မှာ ခြေထောက်နဲ့ ဂိုးစည်း ထိမနေတာကြောင့် ပြန်ကန်ခဲ့ရသလို နောက်တစ်ကြိမ်မှာတော့ မွန်တီယယ်လ်က ဆန့်ကျင်ဘက်ကို ပြောင်းလဲကန်သွင်းနိုင်ခဲ့လို့ လေးဂိုး-တစ်ဂိုးနဲ့ ဆီဗီလာတို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဆီဗီလာတို့အနေနဲ့ ယူရိုပါလိဂ်ရဲ့ အကြီးမြတ်ဆုံး အသင်းအဖြစ် ဖိုင်နယ်တက်တိုင်းမှာ ဗိုလ်စွဲပြီး သတ္တမမြောက်ဖလားကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြချိန်မှာ ရိုးမားနည်းပြ မော်ရင်ညိုကတော့ သူ့ရဲ့ ဥရောပဗိုလ်လုပွဲ ရာနှုန်းပြည့်မှတ်တမ်း ပျက်ပြယ်ခဲ့ရပြီး အသက် ၆၀ မှာ ပါကင်စပွင့်သွားခဲ့သလို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရပြီး စီးရီးအေ ရပ်တည်မှုအရ ယူရိုပါလိဂ်ပဲ ဆက်ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.