Match Report Premier League

အင်္ကျီသစ် ရောင်းကောင်းဖို့ ဝုလ်ဗ်စ်ကို ချေမှုန်းပြီး ဂိုးသွင်းစွမ်းပြခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ပါတေး၊ ဘန်ဝှိုက်၊ ဂါဘရီယယ်လ်နဲ့ ကီဗီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ ထရော့ဆတ်နဲ့ ဂျေဆူးစ်တို့ကို အင်္ကျီသစ် ဝတ်ပေးပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝုလ်ဗာဟမ့်ပ်တန်အသင်းကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကောလင်းစ်၊ ကေးလ်မန်း၊ ဆီမီဒိုနဲ့ ဟူဂို ဘွေနိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ လီမီနာ၊ ဂျာအို ဂိုမက်စ်နဲ့ မက်သီယူးစ် နူးနက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အဒါမာ ထရာအိုရေး၊ ဟွမ်းဟီးချန်းနဲ့ ရာအူးလ် ဟီမီနက်ဇ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ အာဆင်နယ်တို့ အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဘောလုံးရသွားတဲ့ ဂျေဆူးစ်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ ဆာကာနောက်က လိုက်မျောပြီး တိုင်မင်အောက်သွားတဲ့ ဝုလ်ဗ်စ်နောက်ခံလူ ကောလင်းစ်ရဲ့ နောက်ကနေ ချာကာက အပိုင်ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာ အာဆင်နယ်တို့အတွက် ချာကာကပဲ ဒုတိယ ဦးဆောင်ဂိုးကို ဆက်တိုက်သွင်းယူပေးခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆာကာ ဆွဲပြေးပြီး ဧရိယာထဲကို ချပေးခဲ့တဲ့ ဘောလုံးကို အော်ဒီဂွါဒ်က နောက်ပေါက်နဲ့ ချန်ထားပေးခဲ့ရာမှာ ဝုလ်ဗ်စ်ခံစစ်က ရှင်းထုတ်တာ မအောင်မြင်ဘဲ ဂိုးရှေ့ ပြန်ကျလာတဲ့ ဘောလုံးကို အသင်းနဲ့ လမ်းခွဲတော့မယ့် ဆွစ်ဇာလန်သားက အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ အော်ဒီဂွါဒ်နဲ့ ထရော့ဆတ်တို့ ပူးပေါင်းပြီး ဧရိယာထဲကို ချပေးရာမှာ လူကျွံထောင်ချောက်ကို ဖြတ်ကျော်သွားတဲ့ ဆာကာက ကေးလ်မန်းကို တစ်ချက်ခေါက်ပြီး အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာကြောင့် ဝုလ်ဗ်စ်ဂိုးသမား ဂျိုဆေးဆား လက်မြှောက်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ အော်ဒီဂွါဒ် ချပေးတာကို ဆာကာ ချိုးပေးရာမှာ ချာကာက အနီးကပ် ပိတ်သွင်းခွင့် ရရှိခဲ့ပေမယ့် လွဲချော်သွားခဲ့တာကြောင့် နှုတ်ဆက်ပွဲကို ဟက်ထရစ်နဲ့ သိမ်းလို့ရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ပထမပိုင်းမှာတော့ အာဆင်နယ်တို့က ဝုလ်ဗ်စ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာ ဝုလ်ဗ်စ်တို့ဘက်က မက်သီယူးစ် နူးနက်စ်နဲ့ ဘွေနိုတို့အစား ရူဘင် နာဗက်စ်နဲ့ အိုက်နူရီတို့ ဝင်လာခဲ့ကြပြီး ပွဲချိန် ၅၃ မိနစ်မှာ‌ ပါတေးက အာဆင်နယ်တို့အတွက် ထောင့်ကန်ဘောကနေ တစ်ဂိုးသွင်းခဲ့ပေမယ့် ဂိုးသမားကို နှောင့်ယှက်ဖို့ အမြဲ တာဝန်ကျနေကျ ဘန်ဝှိုက်ရဲ့ လှုပ်ရှားပုံက ဂျိုဆေးဆားကို
ပြစ်ဒဏ်ကျူးလွန်မိခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ဝုလ်ဗ်စ်ဘက်ကတော့ ဘောလုံးပြန်ကိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ အာဆင်နယ်တို့ စတုတ္ထ အနိုင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဂျော်ဂျင်ညို တင်ပေးလိုက်တာကို ဘယ်တောင်ပံကနေ ပြေးထွက်ရယူသွားခဲ့တဲ့ ထရော့ဆတ်က တောက်လျှောက်ဆွဲပြေးပြီး ဧရိယာအစပ်ကနေ ဖြတ်တင်ပေးရာမှာ အဝေးတိုင်ဘက်ကို ပြေးဝင်လာတဲ့ ဂျေဆူးစ်က ခေါင်းတိုက်ပြီး အတွက်လွဲသွားတဲ့ ဂိုးသမားကို အနိုင်ယူသွားခဲ့တာပါ။

ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က ဆာကာ၊ အော်ဒီဂွါဒ်နဲ့ ချာကာတို့အစား နယ်လ်ဆန်၊ စမစ်ရိုးနဲ့ ဖာဘီယို ဗီယာရာတို့ကို ထည့်သွင်း ကစားခဲ့သလို ပွဲချိန် ၇၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အဒါမာ ထရာအိုရေး ရှင်းထုတ်ရာကနေ စမစ်ရိုးနဲ့ထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို ကီဗီယာက ညာခြေနဲ့ ကြုံသလို ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဂျိုဆေးဆား ဟန်ချက်ပျက်ပြီး မကာကွယ်နိုင်ခဲ့လို့ အိမ်ရှင် ပဉ္စမဂိုး ရရှိခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ဝုလ်ဗ်စ်တို့ဘက်က ဟွမ်းဟီးချန်း၊ ကေးလ်မန်းနဲ့ ဂျာအို ဂိုမက်စ်တို့အစား ဘူဘာကာ ထရာအိုရေး၊ တိုတီနဲ့ ဟော့ချ်တို့ကို လဲလှယ်သွားခဲ့ပြီး အာဆင်နယ်တို့ဘက်ကတော့ ကီဗီယာနဲ့ ထရော့ဆတ်တို့အစား တီယာနီနဲ့ နကီးတီးယားတို့ကို ထည့်သွင်းအပြီးမှာတော့ ပွဲက သိပ်ပြီး စိတ်လှုပ်ရှားစရာ မရှိတော့ဘဲ ငါးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲသိမ်းခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.