Ligue1 Premier League Transfer News

ဆာလီဘာရဲ့ လောဘအတွက် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ တစ်ရာသီတာ ခြေစွမ်းပြသခဲ့တဲ့ လူသစ် ဝီလီယမ် ဆာလီဘာရဲ့ စာချုပ်သစ်အတွက် လစာတောင်းဆိုမှုနဲ့ ပတ်သက်ပြီး အံ့အားသင့် ထိတ်လန့်ခဲ့ရသလို ဆက်လက် သက်တမ်းတိုးနိုင်ဖို့ ယုံကြည်မှုတွေ လျော့နည်းလာခဲ့ပြီး ရောင်းထုတ်ဖို့ လုပ်ဆောင်ရမလို ဖြစ်လာခဲ့ပါတယ်။

အသင်းကို ၂၀၁၉-၂၀ ရာသီကတည်းက အူနိုင်း အမ်မရီ လက်ထက်မှာ ရေရှည်ရင်းနှီးမြှုပ်နှံမှုအဖြစ် ရောက်ရှိလာခဲ့တဲ့ ပြင်သစ်သားဟာ သုံးရာသီဆက်တိုက် အငှားကစားသမားနဲ့ ကျင်လည်ခဲ့ရတာကို စိတ်ထဲမှာ တေးမှတ်ထားပုံပေါ်ပြီး အဲ့ဒီတုန်းကတည်းက ရရှိနေခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင်လေးသောင်းကို အာဆင်နယ်တို့ဘက်က သုံးဆတိုးပေးပြီး တစ်သိန်းနှစ်သောင်းနဲ့ စာချုပ်သစ် ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့တာပါ။

ဆာလီဘာရဲ့ ကိုယ်စားလှယ်တွေဘက်က တောင်းဆိုမှုတွေက တစ်သိန်းနှစ်သောင်းနဲ့ မနှိုင်းစာလောက်အောင် မြင့်မားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး အတိအကျတော့ မသိရပေမယ့် ဂန်းနားတွေဘက်က ပေးချင်တဲ့ ပမာဏထက် အနည်းဆုံး နှစ်ဆနီးပါး ရှိနေနိုင်တာကြောင့် စလယ်ဝင် ဖင်မမည်းခင်က ကွဲရတယ်ဆိုတဲ့ ရှေးစကားလို ဖြစ်နေခဲ့ပါပြီ။

သူ့ကို စာချုပ်သက်တမ်းတိုးဖို့ မအောင်မြင်ရင်တော့ စန်အီတျန်၊ နိစ်နဲ့ မာဆေးလ်တို့မှာ ကစားခဲ့တာကို သဘောကျနေတဲ့ ပီအက်စ်ဂျီအသင်းက စောင့်ကြည့်နေပြီး အမ်းမရိတ်မှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ပြင်သစ်သားကို ပေါင်သန်း ၅၀ လောက်ရရင် ရောင်းချသွားဖို့ အာဆင်နယ်တို့ဘက်က စဉ်းစားနိုင်သလို နောက်တစ်ကြိမ် ဆွေးနွေးမှုက ရင်ထိတ်စရာဖြစ်နေခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် အနာဂတ်မှာ လုပ်ခမြင့်မြင့်မားမားပေးဖို့ အစီအစဉ် ရှိနေပေမယ့် လက်ရှိမှာ အသင်းရဲ့ စီနီယာ နောက်ခံလူတွေဖြစ်တဲ့ ဂါဘရီယယ်လ် မာဂါလိုင်စ်က ပေါင်တစ်သိန်းလေးသောင်း၊ အိုလက်ဇန်ဒါ ဇင်ချန်ကိုနဲ့ ဘန်ဝှိုက်တို့က ပေါင်တစ်သိန်းနှစ်သောင်းသာ ရရှိနေချိန်မှာ ပြဿနာရှာတဲ့ လုပ်ရပ်မျိုးကို အာဆင်နယ်တို့ဘက်က မလိုက်လျောဖို့သာ များနေတာကြောင့် အကွဲအပြဲတွေကို မြင်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.