Article Premier League

တန်းတက်အသင်းသစ်လေး လူတန်နဲ့ ပတ်သက်လို့ သင်သိထားသင့်တဲ့ အချက်များ

၁။ တချို့အသင်းတွေရဲ့ စီနီယာကြီး – လူတန်တောင်းအသင်းကို ၁၈၈၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အသင်းသစ်ကလေးလို့ ဆိုရပေမယ့် သက်တမ်း အရတော့ အာဆင်နယ်၊ ဘရန့်ဖို့ဒ်၊ လီဗာပူးလ်၊ နယူးကာဆယ်လ်၊ ဘုန်းမောက်၊ ဝက်စ်ဟမ်း၊ ဘရိုက်တန်နဲ့ ချဲလ်ဆီးအသင်းတွေရဲ့ အစ်ကိုကြီးလို့ ခေါ်ရမှာ ဖြစ်ပါတယ်။

၂။ ကံဆိုးခဲ့သူတွေရဲ့ တစ်ကျော့ပြန် – သူတို့တွေဟာ ပရီးမီးယားလိဂ်ကို စတင်တည်ထောင်စဉ် လွဲချော်သွားခဲ့ရတဲ့ ကံဆိုးသူအသင်းတွေထဲမှာ ပါဝင်ခဲ့ပြီး ၂၂ သင်းရှိတဲ့ ပထမတန်းကနေ သုံးသင်းတန်းဆင်းချိန်မှာ အဆင့် ၂၀ ကနေ နော့စ်ကောင်တီ၊ ဝက်စ်ဟမ်းတို့နဲ့အတူ တန်းဆင်းခဲ့သူဖြစ်ပြီး ၁၉၉၂-၉၃ ရာသီ ထိပ်တန်း ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပြီးတဲ့နောက် ၃၁ နှစ်ကြာမှ ဒီအဆင့်ကို ခြေလှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ဦးထုပ်တွေဆိုတဲ့ နာမည် – လူတန်တို့ကို Hatters ဦးထုပ်ဆောင်းသူတွေ၊ ဦးထုပ်လုပ်သူတွေလို့ ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၇ ရာစုကတည်းက ရှိနေခဲ့တဲ့ လူတန်မြို့ရဲ့ အဓိက စီးပွားရေးတစ်ခုဖြစ်ခဲ့တာက ကောက်ရိုးကနေ ဦးထုပ်တွေ ထုတ်လုပ်ရောင်းချတာဖြစ်ပြီး ဒီထဲကလူတွေက သူတို့ရဲ့ ပရိသတ်တွေ ဖြစ်နေခဲ့ကြလို့ပါ။

၄။ ဘယ်အသင်းတွေနဲ့ အိမ်နီးချင်းဖြစ်လာမလဲ – အင်္ဂလန်နိုင်ငံ၊ ဘက်ဒ်ဖို့ဒ်ရှိုင်းယားနယ်က လူဦးရေ နှစ်သိန်းနှစ်သောင်းခွဲကျော် နေထိုင်ရာ လူတန်မြို့ကတော့ လီယာမြစ်ပေါ်က လန်ဒန်မြို့ရဲ့ အနောက်-အနောက်မြောက်ဘက် မိုင် ၃၀ အကွာမှာ တည်ရှိပါတယ်။ ဒါကြောင့် အာဆင်နယ်၊ ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ ခရစ္စတယ်လ်ပဲလေ့စ်၊ ဖူလ်ဟမ်၊ တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဟမ်းတို့ကပဲ သူတို့နဲ့ အိမ်နီးချင်းလို့ ဆိုရမှာပါ။

၅။ ကွင်းနဲ့ ပတ်သက်လို့ အထင်မသေးပါနဲ့ – လူတန်တို့ကို လက်ရှိကစားနေတဲ့ ၁၀၃၅၆ ဦးသာ ဝင်ဆန့်ပြီး သာမန်နှစ်ထပ်တိုက်တွေထက်တောင် နိမ့်တယ်လို့ ဆိုရမယ့် ကွင်းအတွက် အထင်မသေးကြစေလိုပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေအနေနဲ့ ၂၀၁၉ ခုနှစ်ကတည်း Power Court လို့ခေါ်တဲ့ ပရိသတ် ၁၇၅၀၀ ကို လက်ခံနိုင်ပြီး ထပ်မံတိုးချဲ့ရင် ၂၃၀၀၀ ဆန့်နိုင်တဲ့ ကွင်းကို တည်ဆောက်နေတာဖြစ်လို့ ဘရန့်ဖို့ဒ်နဲ့ ဘုန်းမောက်တို့ထက် ပိုကြီးတဲ့ ကွင်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပေမယ့် ကိုဗစ်ကြောင့်သာ နှောင့်နှေးနေခဲ့ရတာကြောင့် ၂၀၂၄-၂၅ ရာသီမှာမှ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

၆။ အာဆင်နယ်အကယ်ဒမီထွက်များ ပါဝင်နေမှု – လူတန်တို့ကို အာဆင်နယ် အကယ်ဒမီထွက် လူငယ်ကစားသမားဟောင်းတွေ ပါဝင်နေခဲ့ပြီး ဂိုးသမား ဂျိမ်းစ် ရှီးယား၊ ကွင်းလယ်လူ ဟင်နရီ လန်းစ်ဘာရီနဲ့ တိုက်စစ်မှူး လုခ် ဖရီးမန်းတို့ ကစားနေကြပါတယ်။ ဝက်စ်ဟမ်းလူငယ်ကစားသမားဟောင်း သုံးဦးလည်း ပါဝင်နေခဲ့ပြီး နောက်ခံလူ ဒန် ပေါ့စ်၊ ရီးစ် ဘာ့ခ်နဲ့ ကွင်းလယ်လူ ပယ်လီ-ရပ်ဒေါ့ခ် အမ်ပန်ဇူးတို့လည်း ရှိနေကြတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.