Premier League

မက်ဆီရဲ့ ဘယ်ခြေနဲ့ ရော်နယ်ဒိုရဲ့ ညာခြေ ဘာကြိုက်လဲလို့ ဖြေလိုက်တဲ့ ဟားလန်း

ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ကို ရယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ FWA အားကစားကလောင်ရှင်များ အစည်းအရုံးမှာ ကျင်းပခဲ့တဲ့ ဆုပေးပွဲအပြီး အင်တာဗျူးမှာ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ အားအကောင်းဆုံး ခြေထောက်တစ်ချောင်းစီထဲက ဘယ်တစ်ချောင်းကို ပိုသဘောကျသလဲဆိုတဲ့ မေးမြန်းမှုကို ဖြေကြားသွားခဲ့ပါတယ်။

နော်ဝေသားအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီသွင်းဂိုး စံချိန်မှတ်တမ်းအားလုံးကို ချိုးဖျက်ပြီးခဲ့တဲ့နောက် မီဒီယာသမားတွေအားလုံးရဲ့ အာရုံစူးစိုက်ခြင်းကို ခံခဲ့ရသလို သူ့ရဲ့ ဂိုးရှေ့မှာ အဆုံးသတ် သေချာမှုက တစ်ချိန်မှာ GOAT နှစ်ပါးကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့လည်း အားလုံးက မျှော်လင့်နေကြတာပါ။

“ကျွန်တော်ကတော့ ကျွန်တော့်မှာ အဆင်ပြေပြေ အသုံးချနိုင်တဲ့ ဘယ်ခြေတစ်ချောင်းကို ပိုင်ဆိုင်ထားတယ်လို့ ထင်ပါတယ်။ ဒီတော့ ဘာကို အားကျပြီး လိုချင်မိမလဲဆိုရင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ညာခြေတစ်ချောင်းကိုပေါ့ဗျာ”လို့ ဟားလန်းက သူ့ကို မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ဘယ်ခြေနဲ့ ညာခြေကို ရွေးခိုင်းရာမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ဟားလန်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းအတွက် ၃၅ ပွဲမှာ ၃၆ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး တစ်ပွဲပျမ်းမျှ သွင်းဂိုး တစ်ဂိုးထက် ပိုမိုသာလွန်ခဲ့သလို ဟက်ထရစ် ၄ ကြိမ်အထိ ရယူနိုင်ခဲ့ချိန်မှာ အသင်းဖော်တွေအတွက်လည်း ၈ ဂိုး ဖန်တီးပေးပြီး အားကစားကလောင်ရှင်များအသင်းက ပေးအပ်တဲ့ တစ်ရာသီစာ အကောင်းဆုံးဆုကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.